Politics

သုံးရောင်ခြယ် ဒေါင်းအလံ လွှင့်ထူသူကို အမှုဖွင့်ထား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံအနီး ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ရုံး ၏ နာရီစင်ထိပ်ရှိ နိုင်ငံတော် အလံအား ဖြုတ်ချပြီး လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလအတွင်း အသုံးပြုခဲ့သည့် သုံးရောင်ခြယ် ဒေါင်းအလံ လွှင့်ထူခဲ့သူကို အရေးယူရန် အမှုဖွင့်ထားကြောင်း ကျောက်တံတား မြို့နယ် ရဲစခန်းက ပြောသည်။

နိုင်ငံတော်အလံ ဥပဒေ ပုဒ်မ ၁၆ အရ အမှုဖွင့်ထားပြီး ပြစ်မှု ထင်ရှားပါက ပုဒ်မ ၁၃(က)အရ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရနိုင်ကြောင်း ကျောက်တံတားမြို့နယ် စခန်းမှူး ဝင်းတင်က ဧရာဝတီသို့ ပြောသည်။

စခန်းမှူး ဝင်းတင်က“အလံဥပဒေ၊ ပုဒ်မ ၁၆ နဲ့ အမှု ဖွင့်ထားတယ်၊ ပုဒ်မ ၁၆ က ငွေဒဏ် မရှိဘူး။ ထောင်ဒဏ် ၃ နှစ် ကျမယ်။ အခုတော့ ဘယ်သူ့ကိုမှ မဖမ်းထားဘူး၊ မသင်္ကာသူတွေကို စစ်မယ်၊ အလံကို တင်တဲ့သူ လုပ်တဲ့သူကိုပဲ အရေးယူမယ် ၊ အမှုစစ်ကို တာဝန်ပေးထားတယ်၊ အမှုက အခုမှ စလိုက်မှာပါ”ဟု ပြောသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်က သုံးရောင်ခြယ် အလံလွှင့်ထူထားခြင်းကို တက်ကြွလှုပ်ရှားသူ ဘိုးတော် ခင်ဝင်းဆိုသူက စတင် မြင်တွေ့ခဲ့ခြင်း ဖြစ်ပြီး ၎င်းမှာ လက်ပံတောင်းတောင် ဒေသတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ဒေါ်ခင်ဝင်းကို ဂုဏ်ပြုသည့် အနေဖြင့် ဆန္ဒဖော်ထုတ်၍ ကဗျာ ရွတ်ဆိုနေချိန် ဖြစ်ကြောင်း ထိုနေရာသို့ သွားရောက်ခဲ့သည့် ပြည်တွင်း သတင်းထောက် တဦး က ဧရာဝတီသို့ ပြောသည်။

“သူက ကဗျာရွတ်နေရင်းနဲ့ နိုင်ငံတော်အလံကို အလေးပြုကြပါစို့ ဆိုတော့ ကျနော်တို့ ကြောင်သွားတယ်။ ဒီလူ ဘာလုပ်တာလဲပေါ့။ အဲဒီလို အလံ ဖြစ်နေတာကိုလည်း ဘယ်သူမှ မယုံကြဘူး။ ပြီးမှ ကြည့်လိုက်တော့ ဒီအလံ ဖြစ်နေတာ”ဟု ယင်း သတင်းထောက်က ပြောသည်။

ထိုသို့ တိုင်းလွှတ်တော် အဆောက်အအုံရှေ့တွင် သုံးရောင်ခြယ်အလံ တက်ရောက် လွှင့်ထူထားခြင်းကို အလံ ဥပဒေဖြင့် အရေးယူ ပေးရန် ရန်ကုန်တိုင်း ဒေသကြီး တရားရေး ဦးစီးမှူးရုံး စီမံ/ထောက်ပံံ့ရေးဌာနမှ ဒု ညွှန်ကြားရေးမှူး ဒေါ်နန်းရွှေမြင့်က တရားလိုအဖြစ် ကျောက်တံတား ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အလံ ဥပဒေ ပုဒ်မ ၁၆ တွင် နိုင်ငံတော် အလံပေါ်၌ အမှတ်အသား၊ အရာပြုလုပ်ခြင်း၊ ပုံသဏ္ဌာန် အချိုးအစား ပျက်အောင် ပြုလုပ်ခြင်း၊ နိုင်ငံတော် သတ်မှတ်ချက် မဟုတ်ဘဲ အလံတဝက် လွှင့်ထူခြင်း၊ နိုင်ငံတော် အလံ ထားရာ နေရာများတွင် တန်းတူ အခြား အလံတခုကို ထားရှိခြင်း၊ ကျောက်ရုပ်၊ ကျောက်တိုင်တို့ အပေါ်တွင် ဖုံးအုပ်ခြင်း၊ နိုင်ငံတော် စစ်အခမ်းအနား ဈာပန မဟုတ်ဘဲ အခြား ရုပ်ကလာပ်များကို အလံဖြင့် ဖုံးအုပ်ခြင်း၊ အဝတ်ချုပ် ဝတ်ခြင်း၊ ထုတ်ပိုးခြင်း၊ ခင်းကျင်းခြင်းများ မလုပ်ရဟု တားမြစ်ထား သည်။

အလံလွှင့်ထူခြင်းနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က“ဒါက နိုင်ငံရေးအရ ဒီမိုကရေစီ စိတ်ဓာတ်ကို မြှင့်တင်ချင် တဲ့ သူတယောက်ယောက်က လုပ်လိုက်တာပါ။ ဒီမိုကရေစီရေး ပိုတက်ကြွလှုပ်ရှားဖို့ နိုင်ငံတော်ကို အသိပေးလိုက်တာပဲ။ အလံလွှင့် ခဲ့သူက တော်တော်တော့ စွန့်စားခဲ့ရမယ်။ ဒါပေမယ့် နိုင်ငံတော်ကို ဖျက်လို ဖျက်ဆီး လုပ်ချင်တဲ့ ဆန္ဒမရှိဘူးလို့တော့ မြင်ပါတယ်” ဟု ပြောဆိုသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ ရရှိရေး တနိုင်ငံလုံး အုံကြွခဲ့သည့် အရေးတော်ပုံပြီးနောက် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့ တွင်လည်း ထို ကဲ့သို့ အလံ မှားယွင်းလွှင့်ခဲ့ခြင်းမျိုး ဖြစ်ခဲ့ပြီး အလံလွှင့်ခဲ့သူ ညစောင့်ဝန်ထမ်းအား ထိုစဉ်က အသက်ဝင် ကျင့်သုံးနေသည့် ၁၉၄၇ ခုနှစ် နိုင်ငံတော်အလံ ဥပဒေအရ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သည်ဟုလည်း ဦးကြီးမြင့်က ပြောသည်။

ထိုစဉ်က အလံ မှားလွှင့်ခဲ့သည်ကို အလံလွှင့်ခဲ့သည့် ရုံးက တိုင်ကြားခဲ့ခြင်း မဟုတ်ဘဲ တရားရုံးက တရားလို ပြုလုပ်၍ ဆွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မန္တလေးမြို့တွင် နေထိုင်သည့် တရားလွှတ်တော်ရှေ့နေတဦး ဖြစ်သူ ဦးကျော်ကျော်ကလည်း “ဒီလို ရုံးကြီးမှာ အလံ လွှင့်လိုက်တာ ဆိုတော့ တမျိုးပဲပေါ့ ၊ ဒီအလံက အရင်ကတော့ အမျိုးသားရေး စိတ်ဓာတ်တွေ တတ်ကြွဖို့ သုံးခဲ့တာ၊ အခုက နှစ်သစ် အစမှာ ဘာ အတွက် ဒီလိုလုပ်လဲ ၊ တခုခုတော့ ရည်ရွယ်ချက်ရှိမှာပေါ့”ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းခဲ့စဉ် ထိုအလံကို အသုံးပြုပြီး မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန် လှုံ့ဆော်ရာတွင်လည်း အသုံးပြုခဲ့ကြောင်း၊ ရှေးမြန်မာတို့က ထိုဒေါင်းပုံပါ အလံမှာ ဖက်ဆစ်ဂျပန်၊ နယ်ချဲ့ ဗြိတိသျှတို့ကို တော်လှန်ခဲ့သည့် မြန်မာ့ ဇာတိ သွေး၊ ဇာတိမာန်တို့ကို ပေါ်လွင် တက်ကြွစေသည့် အလံဖြစ်သည်ဟုလည်း အသိအမှတ်ပြုခဲ့ကြကြောင်း သိရသည်။

၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ လွတ်လပ်ရေးကြိုးပမ်းမှုကာလ သုံးရောင်ခြယ်အလံမှာ အဝါ၊ အစိမ်း၊ အနီ အောက်ခံ ထားပြီး အလယ်တွင် အဖြူရောင် နောက်ခံနှင့် ဒေါင်းကနေသည့် ပုံအဖြစ် အသုံးပြုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading