နားကြပ် တပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ပုံကို အသုံးပြုမှုနှင့် ဖမ်းဆီးအရေးယူ ခံထားရသည့် V Gastro.bar အဖျော်ယမကာ ဘား ဆိုင်ရှင် ဖြစ်သူ ဦးထွန်းသူရိန် နှင့် ဆိုင်မန်နေဂျာ ထွဋ်ကိုကိုလွင်တို့က ၎င်းတို့တွင် အပြစ်မရှိကြောင်း ၄ ကြိမ်မြောက်ဖြစ်သော ယနေ့ ရုံးချိန်းတွင် ထွက်ဆိုသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုခံထားရသူ နှစ်ဦးဖြစ်သည့် ဦးထွန်းသူရိန်၊ ထွဋ်ကိုကိုလွင် နှင့် တရားလို ဖြစ် သည့် ဗဟန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ကို ယနေ့ ရုံးထုတ် စစ်ဆေးခြင်း ဖြစ်သည်။
“ကျနော့် အနေနဲ့ သဘောတူ ခွင့်ပြုချက်မရှိဘဲ၊ ကျနော်မသိဘဲ ပြုလုပ်တဲ့ကိစ္စ္စကို ကျနော့် အနေနဲ့ တာဝန်မရှိပါဘူး။ ကြော်ငြာ ကိစ္စ္စကိုလည်း ကျနော် Mr.Philips ကို ကြော်ငြာဖို့ ညွန်ကြားထားတာ မရှိပါဘူး”ဟု ဘားဆိုင်ရှင် ဦးထွန်းသူရိန်က တရားရုံးတွင် ထွက် ဆို ခဲ့သည်။
ဗုဒ္ဓရုပ်ပွားတော် ပုံကို Mr.Philips ကိုယ်တိုင် က လူမှုကွန်ရက် ဖေ့စ်ဘုတ် ပေါ်တင်လိုက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြားသားတဦးဖြစ် သည့် အတွက် မသိရှိသဖြင့် တင်မိခြင်း ဖြစ်ကြောင်း၊ ဖေ့စ်ဘုတ်ပေါ်တွင် ဘားဆိုင် Promotion ကြော်ငြာကို ဖျက်လိုက်ပြီး တောင်း ပန် စာ ပြန်တင်ထားကြောင်း ကိုလည်း ဦးထွန်းသူရိန် က ထပ်မံထွက်ဆိုသည်။
ယင်းအမှုသည် မြန်မာနိုင်ငံသား ဘားဆိုင်ရှင် ဖြစ်သူ ဦးထွန်းသူရိန်၊ ဆိုင်မန်နေဂျာ ထွဋ်ကိုကိုလွင်နှင့် ဆိုင်အထွေထွေ မန်နေဂျာဖြစ်သည့် နယူး ဇီလန် နိုင်ငံသား Mr.Philips တို့ကို တရားရုံးက ဘာသာသာသနာဆိုင်ရာ ပြစ်မှု ပုဒ်မ ၂၉၅၊ ၂၉၅ (က) နှင့် သတ်မှတ် ခွင့်ပြုချိန် ကျော်လွန်၍ ဆိုင်ဖွင့်လှစ်မှု ပုဒ်မ ၁၈၈ တို့နှင့် အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
V Gastro.bar ဘားဆိုင်ကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းတွင် နိုဝင်ဘာလ ၂၄ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်တွင် ဆိုင်ဖွင့်ပွဲ ကျင်းပရန်အတွက် ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာတွင် ကြော်ငြာခဲ့သည်။
ယင်းကြော်ငြာ၌ နားကြပ်တပ်ထားသည့် ဗုဒ္ဓ ရုပ်ပွားတော်ပုံကို အသုံးပြုခဲ့သည့် ဓာတ်ပုံသည် လူမှုကွန်ရက် စာမျက်နှာများတွင် ချက် ချင်း ပျံ့နှံ့ သွားသည်။
ထိုနည်းတူ ဘားဆိုင်မန်နေဂျာ ထဋ်ကိုကိုလွင် ကလည်း“Mr.Philips ဆောင်ရွက်တဲ့ကိစ္စ ကျနော့် အနေနဲ့ လုံးဝမသိခဲ့ပါဘူး။ သူ ဘာလုပ်လုပ် ကျနော်ဘာမှ မသိခဲ့ဘူး။ Mr.Philips က ကျနော့်ထက် ရာထူးလည်း ပိုကြီးတဲ့အတွက် သူဘာလုပ်လုပ် ကျနော် မသိ ဘူး။ ဒါကြောင့် ကျနော့်မှာ အပြစ်မရှိဘူး”ဟု ယနေ့ ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။
ဇန်နဝါရီလ ၁၂ရက်တွင် ရုံးချိန်းထပ်မံရှိကြောင်း၊ ယနေ့ ရုံးချိန်းနှင့် ပတ်သက်ပြီး မည်သို့မျှ မပြောဆိုကြောင်း၊ ယင်းအမှုနှင့် ပတ် သက်ပြီး လူမှု ကွန်ရက် ဖေ့စ်ဘုတ် ပေါ်တွင်လည်း ခြိမ်းခြောက်မှုများ ဆက်တိုက်ခံနေရကြောင်း နယူးဇီလန်နိုင်ငံသားအတွက် ရှေ့နေလိုက်ပေးနေသည့် ဦးမြသွေးက မီဒီယာများကို ယနေ့ ဗဟန်း တရားရုံးရှေ့တွင် ပြောဆိုသည်။
“အန်တီ့သား အပြစ်ကျမယ်လို့ မထင်ပါဘူး။ အန်တီ့အနေနဲ့ အပြစ်မရှိဘူးလို့ ခံစားရပါတယ်။ အန်တီ့သား လက်ထိပ်နဲ့ မြင်ရတာ တော့ ခံစားရတာပေါ့”ဟု ဆိုင်မန်နေဂျာ ထွဋ်ကိုကိုလွင် ၏ မိခင် က ဆိုသည်။
ဒီဇင်ဘာလ ၁၁ ရက်တွင် ယင်းဘားဆိုင် တာဝန်ရှိသူများက ၎င်းတို့၏ ဖေ့စ်ဘုတ် စာမျက်နှာပေါ်၌ အင်္ဂလိပ်ဘာသာဖြင့် တောင်း ပန် ထားခဲ့သည်။
တောင်းပန်မှုတွင် တစုံတယောက် သို့မဟုတ် ဘယ်ဘာသာရေးအဖွဲ့ကိုမှ ဆန့်ကျင်ရန် မရည်ရွယ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ဘာသာ ရေးနှင့် ပတ်သက်သည့် ယဉ်ကျေးမှု၊ သမိုင်းကြောင်းများကို လေ့လာပြီး အမှားကို ပြင်ဆင်သွားမည် ဖြစ်ကြောင်းနှင့် ၎င်းတို့၏ တောင်းပန်မှုကို ရန်ကုန်မြို့မှ ပြည်သူများ လက်ခံလိမ့်မည်ဟု မျှော်လင့်ကြောင်း ရေးသားထားသည်။
ဗုဒ္ဓဘာသာ၏ အထွဋ်အမြတ်ထားသော ဗုဒ္ဓရုပ်ပွားတော်ပုံကို အသုံးပြုခဲ့သည့်အတွက် ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းတွင် ဗဟန်းမြို့နယ် ရဲစခန်းက ထိုဘားဆိုင်ကို ယာယီပိတ်သိမ်းခဲ့ပြီးနောက် ၎င်းတို့ကို ဖမ်းဆီး ခေါ်ဆောင်ပြီး တရားရုံးတင်၍ ဗဟန်းမြို့နယ် သာသနာရေးတာဝန်ခံက ပုဒ်မ ၂၉၅၊ ၂၉၅ (က) နှင့် တရားလိုပြုလုပ် တရားစွဲခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ဒေသန္တရ အုပ်ချုပ်ရေးအမိန့် ပုဒ်မ ၁၈၈ အရ V Gastro.bar ကို ညဘက်အချိန် ကျော်လွန် ဖွင့်လှစ်မှု၊ အသံဖြင့် ပတ်ဝန်းကျင်ကို အနှောင့် အယှက် ဖြစ်စေမှုတို့ဖြင့် ထပ်မံ တရားစွဲခဲ့ကြောင်း သိရသည်။