၂၀၁၅ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ မဲပေးနိုင်ရေးအတွက် စံပြမဲရုံ အဖြစ် သီးသန့် ပြုလုပ်ပေးမည် မဟုတ်သော် လည်း အဆင်ပြေ ချောမွေ့စွာ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးထားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က ပြောသည်။
မဲရုံ အရေအတွက်၊ ဘတ်ဂျက် အခက်အခဲများကြောင့် မသန်စွမ်းများအတွက် စံပြမဲရုံများ သီးသန့် ဆောက်လုပ် ပေးမည် မဟုတ်ဘဲ၊ ကျန်သည့် မဲဆန္ဒရှင်များ နည်းတူ လာရောက်ပေးရမည် ဖြစ်ကြောင်း၊ လာရောက် မဲမပေးနိုင်ပါ ကလည်း ကော်မရှင် အဖွဲ့ဝင်များက သွားရောက်ပြီး ကြိုတင် မဲပေးနိုင်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ သတင်း ထုတ်ပြန်ရေး အဖွဲ့ဝင် ဦးသောင်းလှိုင်က ဧရာဝတီသို့ ပြောသည်။
ဦးသောင်းလှိုင်က“မဲဆန္ဒရှင်အားလုံးနဲ့ အတူတူပါပဲ၊ ဒါပေမယ့် သူတို့ မဲပေးလို့ လွယ်အောင် လုပ်ပေးထားမယ်။ သက်သက်ချည်း မလုပ် တော့ဘူး။ အဲဒီလိုကြီး Extension တွေ လိုက်လုပ်ပေးဖို့က အဆင်မပြေဘူး။ အခုက Two way လုပ်ပေးထားတယ်။ မဲရုံမလာနိုင်ရင်လည်း မဲထည့်လို့ရအောင် ဆောင်ရွက်ပေးမယ်၊ လာနိုင်ရင်လည်း ပေးလို့ ရနိုင်အောင် စီစဉ်ပေးမယ်” ဟု ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲစာရင်း ကောက်ယူနေသည့် အချိန်ကတည်းက ထိုမြို့နယ် အတွင်း ရှိ မသန်စွမ်းသူများအား သီးခြား စာရင်းမှတ်ယူထားရန် ကော်မရှင် အဖွဲ့ခွဲ အသီးသီးသို့ ညွှန်ထားပြီး ဖြစ်ကြောင်း သိရ သည်။
သတင်း ထုတ်ပြန်ရေး အဖွဲ့ဝင် ဦးသောင်းလှိုင်က “Disabled အများဆုံးရှိတဲ့ မဲရုံတိုင်းမှာ ဆောင်ရွက်ပေးဖို့ စီစဉ်ပြီး သားပါ။ မဲရုံတိုင်းတော့ ဟုတ်ချင်မှ ဟုတ်မယ်။ မဲရုံ မလာနိုင်ရင်လည်း သူတို့ ရှိမယ့်နေရာကို ကော်မရှင် အဖွဲ့ခွဲ နှစ် ယောက် လွှတ်ပြီး ကြိုတင်မဲတွေ သွားလုပ်ပေးမယ်။ မသန်စွမ်းတွေ မဲလာပေးမယ့် မဲရုံတွေမှာ ဆိုရင်လည်း ဥပမာ- စားပွဲခုံတွေဆို နှိမ့်ပေးမယ်၊ ဝှီးချဲတွေဘာတွေ ဝင်လို့ ထွက်လို့ လွယ်ကူအောင် ဆောင်ရွက်ပေးထားမယ်” ဟု ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ ဆိုင်ရာ တတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများတွင် “မဲရုံ ဆောက်လုပ်ရာတွင် မသန်စွမ်းသူများ အတားအဆီး ကင်းမဲ့စွာ ဆန္ဒမဲပေးနိုင်ရေး အတွက်လည်း စီမံဆောင်ရွက် ထားရှိရမည်” ဟု ဖော်ပြထားသည်။
မသန်စွမ်းသူများသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲများထက် ပိုမိုအဆင်ပြေ ချောမွေ့စွာ ပါဝင် ဆန္ဒပြုနိုင်မည်ဟု မျှော်မှန်းထားကြသည်။
မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI) ဥက္ကဋ္ဌ ဦးနေလင်းစိုးက “ဟန်ပြ မဖြစ်ဖို့အရေးကြီးပါတယ်။ မသန်စွမ်းသူတွေ တကယ် အဆင်ပြေပြေ မဲပေးလို့ ရမယ့် မဲရုံမျိုး နမူနာ စံပြလုပ်ပေးဖို့ တောင်းဆိုထားတာ ရှိပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် မသန်စွမ်းသူများ မဲပေးနိုင်ရေးအတွက် အဆင်ပြေ စေရန် လုပ်ဆောင်ပေးခြင်းသည် ယေဘုယျအားဖြင့် မှန်သော်လည်း အမှန်တကယ် အဆင်ပြေစေမည့် မဲရုံများ မဖြစ် နိုင်သောကြောင့် မသန်စွမ်းသူများအတွက် အဆင်ပြေစေမည့် “စံပြမဲရုံ” ဖန်တီးပေးရန် မသန်စွမ်း အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။
“လက်ရှိ သူတို့လုပ်နေတဲ့ မဲပေးတဲ့ အစီအစဉ်မှာပဲ မဲရုံတွေမှာပဲ ကျနော်တို့အတွက် ပိုပြီးအဆင်ပြေစေမယ့် အစီအမံ တွေထည့်ပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ ကြိုးစားမယ်၊ တိုက်တွန်းသွားမယ်။ ဝှီးချဲနဲ့လာရင် Volunteer တွေရှိတယ်၊ ဝိုင်း မ တင်ပေးလို့ရတယ်ဆိုတာ သူတို့ဘက်က စဉ်းစားရင်တော့ အဆင်ပြေတဲ့မဲရုံလို့ ထင်တယ်။ ဒါပေမယ့် ကျနော်တို့ ဘက်က အဆင်ပြေတဲ့မဲရုံ မဟုတ်ဘူး။ ဝှီးချဲလမ်းပါ တခါတည်းပါမှသာ အဆင်ပြေတဲ့မဲရုံပါ” ဟု ဦးနေလင်းစိုးက ပြောသည်။
မသန်စွမ်း အဖွဲ့အစည်းများ၏ တင်ပြ တောင်းဆိုချက်နှင့် ကော်မရှင်၏ သုံးသပ်ချက်အရ မသန်စွမ်းသူများအား ရွေး ကောက်ပွဲတွင် မဲပေးပိုင်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံနိုင်ခွင့်တို့ကို နည်းဥပဒေထဲတွင် အသေးစိတ် ပြဌာန်းပေး ထားပြီး ယင်းနည်းဥပဒေများကို ကော်မရှင်အဖွဲ့ခွဲ အသီးသီး၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများထံ ဖြန့်ဝေထားသည်ဟု ကော်မရှင်က ပြောသည်။
၂၀၀၉ ခုနှစ်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် The Leprosy Mission Myanmar တို့ ပူးပေါင်း ကောက်ယူသော စစ်တမ်းအရ မြန်မာနိုင်ငံ လူဦးရေ သန်း ၅၀ တွင် မသန်စွမ်းဦးရေ ၁ ဒသမ ၃ သိန်းခန့် ရှိကြောင်း သိရသည်။