ညဉ့်သန်းခေါင်ကြီး အိမ်တံခါးကို အဆက်မပြတ်ထုနေသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထုနေသူများမှာ တာလီဘန်များဖြစ်ပြီး အီရှာကို ထုတ်ပေးရန် တောင်းဆိုနေကြ၏။
အီရှာမှာ အသက် ၁၈ နှစ်အရွယ် မိန်းမငယ်တဦးဖြစ်ပြီး ယောက်ျားအိမ်မှ ထွက်ပြေးသဖြင့် အပြစ်ပေးရန် တာလီဘန်တို့က လာခေါ်နေခြင်းဖြစ်သည်။
တံခါးဖွင့်လိုက်သည်နှင့် အီရှာကို တရွတ်တိုက် အတင်းဆွဲခေါ်သွားကြသည်။ အာဖဂန်တောင်ပိုင်း အူရပ်ဇဂန် ပြည်နယ်ရှိ ရွာလေး တရွာရှိ နေအိမ်မှ အီရှာကို တောင်ပေါ် ဆွဲခေါ်သွားကြသည်။
လင်ယောက်ျား၏ ခွင့်ပြုချက်မရဘဲ မိဘအိမ်သွားရောက်မှုဖြင့် အီရှာကို အပြစ်ပေးရန် ဆွဲခေါ်သွားကြသည်။ တလမ်းလုံး အီရှာက ငိုယိုတောင်းပန်ရှာသည်။ သို့သော် တာလီဘန် ဥပဒေအရ၊ အရေးယူအပြစ်ပေးရမည်။ ရွေးစရာလမ်းမရှိ လွတ်လမ်းလည်းမရှိ။
အေးစက်နေသောလေက တောင်ပေါ်တွင် တဟူးဟူးတိုက်နေသည်။ တခါတရံဝင်းခနဲလက်လိုက်သော လျှပ်စီးရောင်ကြောင့် မျက် စိ များပြာသွားကာ တခဏမျှ ကန်းသွားလေသည်။ တောင်ပေါ်ရှိအပြစ်ပေးမည့် နေရာရောက်လာသည်။
အီရှာ၏ ယောက်ျားမိသားစုနှင့် သူ့ကိုစွပ်စွဲထားသော အီရှာယောက်ျားတို့က အပြစ်ရှိကြောင်း အီရှာကို စွပ်စွဲပြောဆိုကြသည်။ တာလီဘန်ဥပဒေအရ အီရှာတွင်အပြစ်ရှိသည်။
အီရှာကို ကျေးကျွန်တဦးကဲ့သို့ ဆက်ဆံကြသည်။ ဝိုင်းရိုက်ကြသည်။ သူ့ကို သက်ညှာပေးရန် အီရှာက တောင်းပန်ရှာပါသည်။ အမှုကို ဆုံးဖြတ်မည့် တရားသူကြီးမှာ တာလီဘန် ခေါင်းဆောင်ဖြစ်သည်။ သူက မလှုပ်မရှက်ဖြင့် ရိုက်နေသည်ကို စိုက်ကြည့်နေ သည်။ ဆက်ရိုက်နေလျှင် အီရှာ သေရုံသာရှိတော့မည်။
ထို့နောက် တာလီဘန်ခေါင်းဆောင်က အရိုက်ရပ်ခိုင်းပြီး အီရှာဦးလေးကို ခေါ်လိုက်သည်။ အီရှာသည်အပြစ် ကျူးလွန်ကြောင်း ခင်ပွန်း သည်၏ ခွင့်ပြုချက်မရဘဲ သွားချင်ရာကို သွားသည့်အတွက် ပြစ်ဒဏ်ပေးရမည်။ ရွာထဲရှိ တခြားမိန်းမများအတွက်လည်း နမူနာပေးရမည်ဟု ပြောဆိုပြီး ထုံးစံအတိုင်းအပြစ်ပေးစေဟု ဆုံးဖြတ်လိုက်ပါသည်။
ထိုအခါ အီရှာ၏ ခဲအိုက အီရှာကို မြေပြင်ပေါ် တွန်းလှဲလိုက်သည်နှင့် အီရှာယောက်ျားက ဓားမြှောင် တချောင်းကို ခါးကြားက ဆွဲထုတ်လိုက်သည်။ အရင်ဆုံး အီရှာ၏ နားရွက် နှစ်ဘက်ကို ဓားဖြင့်လှီးဖြတ်ပစ်လိုက်ပါသည်။ သွေးများ အဆက်မပြတ် စီးထွက် လာ ၏။ နှာခေါင်းထဲ၊ ပါးစပ်ထဲ သွေးများစီးဝင်ကုန်သဖြင့် အသက်ရှုရပ်လုနီးပါး ဖြစ်သွား၏။ နာလိုက်သည်မှာလည်း အသည်းခိုက် မတတ်ပင်။ နာလွန်းသဖြင့် အီရှာမှာ သတိလွတ်၍ မေ့မျောသွားတော့သည်။
ပြစ်ဒဏ်ချမှတ်သော တာလီဘန်ခေါင်းဆောင်နှင့် ငယ်သားများ၊ ပြစ်ဒဏ်ပေးသည့် ယောက်ျားများ အားလုံးသည် အီရှာကို သေသွားပြီအထင်ဖြင့် တောင်ပေါ်တွင် ထားရစ်၍ တောင်အောက်သို့ ဆင်းပြီး အိမ်ပြန်သွားကြတော့သည်။
ထိုအဖြစ်မှာ အာဖဂန်နစ္စတန်တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့ပါသည်။ ဝတ္ထုမဟုတ်၊ ယုံတမ်းပုံပြင်လည်း မဟုတ်ပါ။ တာလီဘန်တို့ အာဖဂန်ကို အုပ်ချုပ်စဉ် လွန်ခဲ့သော ၁၀ နှစ်ကျော်ကလည်း မဟုတ်ပါ။ တာလီဘန်တို့ ပုန်းအောင်းခိုကပ်နေကြရသည့် ကာလ ယခင် နှစ်က ဖြစ်ပျက်ခဲ့ပါသည်။
အီရှာသည် မေ့မြောနေရာမှ သတိပြန်ရလာသည်နှင့် ခိုက်ခိုက်တုန်အောင် အေးစိမ့်နေသော တောင်ပေါ်မှနေ အားတင်းပြီး ဆင်းလာ ခဲ့၏။ ရွာသို့လည်းပြန်၍ မဖြစ်သောကြောင့် လျှို့ဝှက်သောတနေရာတွင် မိန်းမတချို့က ဝှက်ပေး၊ ဆေးကုပေးပြီးနောက် ကဘူးလ်မြို့တွင်း တိတ်တဆိတ်ခေါ်ယူ၍ အမေရိကန် စစ်တပ်ထံ အပ်နှံလိုက်ကြပါသည်။
ထိုအဖြစ်ကို အီရှာက ပြန်ပြောခဲ့လေသည်။
အမျိုးသမီး အခွင့်အရေးအနည်းဆုံးနှင့် အပိတ်ပင်ခံရဆုံးနိုင်ငံမှာ အာဖဂန်နစ္စတန်ဖြစ်သည်။ အရှင်းဆုံးပြောရလျှင် တာလီဘန် အုပ် ချုပ်ရေးအောက်မှ အာဖဂန်နစ္စတန်နိုင်ငံ၌ အမျိုးသမီးများသည် ကျေးကျွန်များသဖွယ် အဖိနှိပ်ခံနေရရှာသည်။ အပြင်ထွက်လျှင် ခြေဆုံး ခေါင်းဖျား ဝတ်ရုံကြီးကို ခြုံထားပြီးသွားရသည်။ မျက်နှာကို မျက်လုံးပေါက် ၂ ပေါက်သာ ဖောက်ထားပြီး ဖုံးအုပ်ထားရသည်။ မိန်းကလေးများ စာမသင်ရ၊ ကျောင်းမသွားရ၊ အလုပ်မလုပ်ရ၊ ခေါင်းမြီးမခြုံဘဲ အပြင်ထွက်သော မိန်းမများကို တာလီဘန် တို့က သေလုမြောပါးဖြစ်အောင် တုတ်ဖြင့် ရိုက်လေသည်။
မွတ်စလင် တို့၏ ရှာရီယာ ဥပဒေအရ အိမ်ထောင်ရှိ မိန်းမတဦး ဖောက်ပြန်လျှင် လူအများက ကျောက်ခဲဖြင့်ပစ်ပေါက်ပြီး သတ်ပစ်ရ သည်။ ထိုဥပဒေကို အာရပ်နိုင်ငံများတွင်ရော၊ မွတ်စလင် ကမ္ဘာတွင်ပါ ကျင့်သုံးလေ့ရှိကြသည်။
ယခုနှစ် စက်တင်ဘာလကလည်း အီရတ်နိုင်ငံ၌ ဖောက်ပြန်သည်ဟု စွပ်စွဲခံရသော အိမ်ထောင်သည် မိန်းမတဦးကို ကျောက်ခဲဖြင့် ပစ်ခတ်သတ်ဖြတ်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့ပါသည်။
လူ့ယဉ်ကျေးမှု အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာသော်လည်း အမျိုးသမီးများသည် အမျိုးသားများထက် အခွင့်အရေး မရကြသည် မှာ လူမျိုးတိုင်းတွင် အနည်းနှင့်အများ ရှိနေကြသည်။
ပဒေသရာဇ် အုပ်ချုပ်မှု သြဇာသည် ယခုထက်တိုင် လွှမ်းမိုးနေဆဲ ရှိပါသည်။ အထူးသဖြင့် အာဖရိကတိုက်နှင့် အရှေ့အလယ်ပိုင်း ဒေသတွင် အဆိုးရွားဆုံးဟု ဆိုရမည်။
“ယောက်ျားကောင်း မောင်းမတထောင်” အတွေးအခေါ်မျိုးသည် မြန်မာလူမျိုးများ၌ပင် ယခုတိုင် စွဲမြဲနေဆဲဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေး အဘိဓမ္မာပညာရှင်ကြီးတဦးက အမျိုးသမီးများသည် အာဏာ ၄မျိုး၏ ဖိနှိပ်မှုကို ခံကြရသည်ဟု ဆိုပါသည်။ ထိုအာဏာများမှာ (၁) လင်ယောက်ျားအာဏာ၊ (၂) ဓလေ့ထုံးစံဟောင်းအာဏာ၊ (၃) နတ်ဘုရားအာဏာနှင့်(၄) နိုင်ငံရေးအာဏာတို့ ဖြစ်ပါသည်။
လင်ယောက်ျားအာဏာဆိုသည် “သားကိုသခင်၊ လင်ကိုဘုရား” ဆိုသောအယူအဆမှ ဆင်းသက်လာပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ထိုအာဏာမှာ စိုးမိုးနေဆဲဖြစ်သည်။ “လင်မအိပ်မီ မယားမအိပ်ရ၊ လင်မနိုးမီ မယားက အရင်ထရမည်” ဟု လူကြီးသူမများက ယခု တိုင်ဆုံးမလျက်ရှိသည်။
အိမ်ထောင်၏ စီးပွားရေးကို အဓိက ဦးဆောင်ပြီး ဝင်ငွေရှာပေးသည့် လင်ယောက်ျားသည် မိန်းမကို ဆူပူကြိမ်းမောင်း ရိုက်နှက် ညှဉ်းပန်းခြင်း အထိ အာဏာကို အသုံးပြုလေသည်။ ဓလေ့ထုံးစံဟောင်းအရ ယောက်ျားသည် မိန်းမထက်မြင့်မြတ်သည်ဟူသော အယူ အဆကို ယခုတိုင် စွဲကိုင်ထားကြသည်။ ယောက်ျားနောက်တွင် မိန်းမနေရသည်။ ယောက်ျားအထက်တွင် မရှိရ၊ ယောက်ျားလုံချည် က မြတ်ပြီး မိန်းမထဘီက ယုတ်ညံ့သည်။ ယောက်ျားသည် အိမ်ဦးနတ်ဖြစ်သည် ဆိုသော ဓလေ့ထုံးစံဟောင်း အာဏာကလည်း အမျိုးသမီးများကို တဖက်သတ် ဖိနှိပ်ထားပါသည်။
ထို့ကြောင့် အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန် စသော အရှေ့အာရှနိုင်ငံများတွင် “ဒေါင်ရီ” ဆိုသည့် မင်္ဂလာကြေး အစဉ်အလာမှာ အလွန်ကြောက်စရာ ကောင်းလောက်အောင် ပြင်းထန်လှသည်။ သက်ဆိုင်ရာ အစိုးရများက ဥပဒေများပြဋ္ဌာန်းပြီး “ဒေါင်ရီ” မင်္ဂလာကြေးကို ပယ်ဖျက်ထားသော်လည်း ယခုတိုင် ကျေးလက်ဒေသများတွင် ကောင်းစွာရှိနေပေသည်။
လူကြီးမိဘများ၊ နှစ်ဖက်သဘောသဘောတူ၍ သတို့သား၊ သတို့သမီးတို့ ပေါင်းဖက်ကြတော့မည်ဆိုလျှင် သတို့သမီးက မင်္ဂလာကြေး ပေးရလေသည်။ ငွေကြေးတတ်နိုင်သူများမှာ အကြောင်းမဟုတ်သော်လည်း ဆင်းရဲသော သူများအဖို့ အလွန်ခေါင်းခဲရ၏။ သတို့သားဘက်မှ မင်္ဂလာကြေး အဆမတန်တောင်းလျှင် မိန်းမလေးရှင်များမှာ ရအောင်ရှာကြရ၏။ လက်ထပ်သောနေ့တွင် မင်္ဂလာကြေး အပြည့်မရပါက သတို့သားနှင့် သူ၏ မိဘ၊ ဆွေမျိုးများက သတို့သမီးကို ရိုက်နှက်ဆုံးမနိုင်၏။ ဒုက္ခိတဖြစ်အောင် လုပ်နိုင်သည်။ နောက်ဆုံး အသက်ကိုပင် သတ်ဖြတ်နိုင်သည်။
ဓလေ့ထုံးစံဟောင်းအာဏာနှင့် ပတ်သက်၍ ဆရာမြသန်းတင့်၏ “ရွှေပြည်တော် မျှော်တိုင်းဝေး” ဝတ္ထုကြီးတွင် ဖတ်ရပါသည်။
ထိုဝတ္ထုကြီး၏ အဓိကဇာတ်ဆောင်များမှာ အင်္ဂလိပ်စစ်ဗိုလ်ကလေး အက်ရှ်နှင့် အိန္ဒိယ မဟာရာဇာတဦး၏ ကပြားသွေးစပ်သော သမီးတော် ဇူလီတို့၏ အချစ်ဇာတ်လမ်းကို အိန္ဒိယသမိုင်း၊ အိန္ဒိယတပ်တွင်း ပုန်ကန်မှုကြီး၊ အင်္ဂလိပ်-အာဖဂန် ဒုတိယစစ်ပွဲ စသည့် သမိုင်းဖြစ်ရပ်များဖြင့် ရေးသားထားသည်။ ထိုဝတ္ထုထဲတွင် ဇူလီမှာ ဘိသောမဟာရာဇာ အဘိုအိုကြီး၏ ကြင်ယာအဖြစ်အရွေးခံရ သည်။
မဟာရာဇာကြီး သေဆုံးသည့်အခါ ဓလေ့ထုံးစံအရ ကြင်ယာတော်များသည် မဟာရာဇာအလောင်း မီးသင်္ဂြိုဟ်သော မီးပုံထဲ လိုက် ဆင်းပြီး သတ်သေကြရလေသည်။ ထိုသို့မီးပုံထဲ သတ်သေခြင်းကို ဆတ္တီး လုပ်သည်ဟု ခေါ်လေသည်။ ထိုသို့ ဇူလီမီးပုံထဲ ခုန်ချရတော့မည့်အချိန်တွင် အက်ရှ်နှင့် သူ့လူများက ကယ်တင်သွားခဲ့ပါသည်။
နတ်နှင့်ဘုရား သြဇာအလွှမ်းမိုးခံရဆုံးမှာ အမျိုးသမီးများ ဖြစ်လေသည်။ နတ်ကိုးကွယ်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ခေတ်နောက်ကျသော နိုင်ငံများတွင် အများဆုံး သြဇာသက်ရောက်လေသည်။ နတ်ဖမ်းစားခြင်း၊ ပြုစားခြင်း၊ ဝိညာဉ်နုတ်ယူခြင်း၊ အပင်းသွင်းခြင်း စသည့် လက်တွေ့မကျသော သိပ္ပံနည်းဖြင့် အစမ်းသပ်မခံသော အစွဲအလမ်းများမှာ အမျိုးသမီးများကို လွှမ်းမိုးထားပါသည်။
ကျနော်တို့၏ မိရိုးဖလာ နတ်ပူဇော်ပွဲများမှာ ယခုတိုင် ရှိနေပါသည်။ အိမ်ထောင်တခုတွင် မိန်းမများကသာ ကိုးကွယ်ကြပါသည်။ တောင်ပြုံးမင်းညီနောင်၊ ဦးရှင်ကြီး၊ ဦးမင်းကျော်၊ ပန်းပဲမောင်တင့်တယ် စသော နတ်များသည် ဘုရားစင်အောက်တွင် နေရာယူထားကြပြီး အမြဲတစေ ပူဇော်ပသခံနေရပါသည်။ နတ်ဘုရား အာဏာမှာ မိန်းမများကို အများဆုံး လွှမ်းမိုးထားဆဲရှိပါသည်။
ထို့အပြင် ဘိုးတော်များ၏ သြဇာမှာလည်း ကြီးမားလှသည်။ ဘိုးတော်များမှာ အရှေ့တိုင်းတွင်သာမက အနောက်နိုင်ငံများတွင်လည်း လွှမ်းမိုးခြင်း၊ သြဇာကြီးမားခြင်းများ ရှိနေပါသည်။
ဂျင်ဂျုန်းလို ဘိုးတော်ကြောင့် လူရာပေါင်းများစွာ အဆိပ်သောက် သေခဲ့ကြသကဲ့ သို့ ဒေးဗစ်ဂိုဏ်းကြောင့်လည်း အမေရိကတွင် လူပေါင်းများစွာ သေဆုံးခဲ့ကြရသည်။ ဇာဘုရင် နီကိုးလပ်စ်ခေတ်က ရပ်စ်ပြူတင်လို ပျောက်စေဘိုးတော်မှာလည်း ရုရှားနန်းတော် ထဲရှိ မိဖုရားကြီးနှင့် အပျိုတော်များကြားတွင် သြဇာကြီးခဲ့သည်မှာ သမိုင်းတွင် အထင်အရှား ရှိပါသည်။
သက်ဦးဆံပိုင် စနစ်နှင့် ပဒေသရာဇ် အာဏာလွှမ်းမိုးနေစဉ်က အမျိုးသမီးတို့မှာ အဆိုးဝါးဆုံး အဖိနှိပ်ခံနေကြရသလို အရင်းရှင်စနစ် လွှမ်းမိုးလာသည့်အခါတွင်မူ အတိုင်းအတာ တခုအထိ အမျိုးသမီးများ အခွင့်အရေး ရခဲ့ကြသော်လည်း ယောက်ျားများနှင့် တန်းတူ မရှိခဲ့ကြပေ။
အမေရိကန် ပြည်ထောင်စု၌ပင် ထိုကဲ့သို့ အမျိုးသမီး အခွင့်အရေး ပြဿနာများ ရှိခဲ့သည်။ ၁၈၅၆ ခုနှစ်မှ ၁၈၆၁ ခုနှစ်အထိ ဖြစ်ပွားခဲ့သော အမေရိကန် ပြည်တွင်းစစ်ကြီး ပြီးသည့်နောက် ကျေးကျွန်စနစ်ကို ဖျက်သိမ်းပစ်ခဲ့သည်။ သို့သော် အမျိုးသမီး အခွင့်အရေးများကား ဆုံးရှုံးနေဆဲဖြစ်သည်။
ထိုအချိန်က အမေရိကန် အမျိုးသမီးများသည် မဲဆန္ဒပေးခွင့် မရှိသလို အမတ်အဖြစ်လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့ပေ။ ထိုသို့ အမျိုးသမီး အခွင့်အရေးအတွက် လှုံ့ဆော်တိုက်ပွဲဝင်ခဲ့သူမှာ ဆူဆန်ဘီအန်သော်နီ ဖြစ်လေသည်။
ဆူဆန်သည် ကျောင်းဆရာမ တဦးဖြစ်ပြီး အမေရိကန်တွင် အမျိုးသမီး အခွင့်အရေးအတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။ ဆူဆန် အသက် ၈၆ နှစ် ကွယ်လွန်ချိန်အထိ အမျိုးသမီးများ မဲဆန္ဒပေးခွင့်နှင့် လွှတ်တော်အမတ်အဖြစ် ဝင်ရွေးခွင့် မရရှိခဲ့ပေ။ သူ ကွယ်လွန်ပြီး ၁၉၀၆ ခုနှစ်ရောက်မှ အမျိုးသမီးများ မဲဆန္ဒပေးခွင့် ရရှိခဲ့ပါသည်။
အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ နိုင်ငံရေးတာဝန်၊ စီးပွားရေးတာဝန်၊ လူမှုရေးတာဝန်များကို ထမ်းဆောင်ခွင့်ရှိရမည်။ ထမ်းဆောင်ဖို့ အခွင့်အလမ်းများလည်း ပေးရပေမည်။
“မောင်တထမ်း မယ်တရွက်” စကားမှာ တန်းတူအခွင့်အရေးနှင့် တန်းတူ တာဝန်ယူရေးဖြစ်သည်။ သို့သော် သမိုင်းတလျှောက်လုံးတွင်ကား အမျိုးသမီးများမှာ အနိုင်ကျင့်၊ အဖိနှိပ်ခံများအဖြစ် ဖြတ်သန်းလာခဲ့ရရှာသည်။
ယခုအချိန်အထိလည်း လူကုန်ကူးခံ Sex Workers များအဖြစ် အစော်ကားခံနေရဆဲ ဖြစ်သည်။ ၂၁ ရာစုအထိ အမျိုးသမီးများမှာ ရုန်းကန်နေရဆဲ ဖြစ်သည်။
အီရှာလို အာဖဂန်အမျိုးသမီး၊ ဇူလီလို အိန္ဒိယစော်ဘွား သမီးပျိုများ စော်ကားခံကြရသလို ဆူဆန်ဘီအန်သော်နီ လို အခွင့်အရေး အတွက် တိုက်ပွဲဝင်ရဲသည့် အမျိုးသမီးများလည်း ရှိနေကြသည့်အတွက် အမျိုးသမီးများ၏ အနာဂတ်မှာ အမှောင်ချည်း ဖုံးနေမည် မဟုတ်ပေ။
ကောင်းကင်တခြမ်းကို ထမ်းထားရသော မိန်းမများအတွက် အာဏာ ၄ မျိုး၏ ဖိနှိပ်မှုအောက်မှ ရုန်းထွက်နိုင်ရန် အချိန်ကား မကြာမီ ရောက်လာမှာ သေချာပါသည်။
တရုတ်နိုင်ငံသို့ အပျော်မယားများအဖြစ် ရောင်းစားခံနေရသော မြန်မာအမျိုးသမီးငယ်များ၏ စနစ်ဆိုးဒဏ် ခံနေရသည့် အဖြစ်များရှိသလို၊ စနစ်ဆိုးကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သည့် မာလာလာလို အမျိုးသမီးငယ်များ၏ ရဲစွမ်းသတ္တိကိုလည်း အတုယူကြရပေလိမ့်မည်။ ။