အမေရိကန် သမ္မတ အိုဘားမား ၂၀၀၈ ခုနှစ် ပထမအကြိမ် ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရဖွဲ့တော့ သူနဲ့ရွေးကောက်ပွဲကာလမှာ အပြင်းအထန် ပြိုင်ဆိုင်ခဲ့သူ ဟီလာရီကလင်တန်ကို သူ့အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ရာထူးကို ခန့်အပ်တဲ့အခါမှာ လူအတော်များများ အံ့အားသင့်သွားကြတယ်။ အဲဒီအဖြစ်အပျက်ကနေ အမေရိကန်နိုင်ငံရေးမှာ သမ္မတလင်ကွန်းလက်ထက်က ဝေါဟာရအဟောင်းဖြစ်တဲ့ (Team of rivals) ပြိုင်ဖက်များဖြင့် စုဖွဲ့ခြင်းက ပြန်ရေပန်းစားလာခဲ့တယ်။ တကယ်တော့ ပြိုင်ဘက်ကို ကိုယ့်အဖွဲ့ဝင် ခန့်အပ်ခဲ့တဲ့ အိုဘားမားရဲ့လုပ်ဆောင်ချက်ဟာ စုဖွဲ့မှု ပုံစံ အမျိုးအစားတခုပါ။
မိသားစု တစုက စလို့ ကျောင်း၊ ရုံး၊ စက်ရုံ အလယ် အစိုးရအဖွဲ့အထိဟာ စုဖွဲ့မှုနဲ့တည်ရှိကြတာဖြစ်ပါတယ်။ သာရေးနာရေး အသင်းကနေ နိုင်ငံရေးပါတီစသည်တို့ဟာလည်း အစုအဖွဲ့တွေ ဖြစ်ကြပါတယ်။ မြန်မာပြည်မှာ အစုအဖွဲ့နဲ့ အလုပ်လုပ်တတ်တဲ့ အလေ့အထ အားနည်းတယ်ဆိုပြီး ငြီးငြူကြတာဟာ အမြဲကြားနေကျ မရိုးနိုင်တဲ့ မှတ်ချက်ပါ။ ဒါ့အပြင် မြန်မာ့နိုင်ငံရေးမှာလည်း ကွဲပြဲမှုတွေဟာလည်း အဆန်းတကြယ် မဟုတ်တော့ပါဘူး။ အယူဝါဒရေးရာအရ ကွဲပြားမှု၊ ပုဂ္ဂိုလ်ရေး အာဃာတနဲ့ မနာလိုသဝန်တိုမှု၊ အဖွဲ့စည်းကမ်းဘောင်ကို မလိုက်နာမှု၊ အစုအဖွဲ့အောင်မြင်မှုထက် ပုဂ္ဂိုလ်ရေး ထူထောင်မှု၊ အကျင့်စာရိတ္တ ခြစားမှုနဲ့ ငွေကြေးအရှု့ပ်တော်ပုံတွေဟာ အစုအဖွဲ့အတွက် အန္တရာယ်တွေဖြစ်ပါတယ်။ ဒီမိုကရေစီသဘောအရ လွပ်လပ်စွာကွဲပြားမှုရှိနိုင်ပေမယ့် အစုအဖွဲ့နဲ့လုပ်ကိုင်ရာမှာ ခေါင်းဆောင်မှုနဲ့ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေနောက် အားလုံးက လိုက်ပါဆောင်ရွက်ရတာ ဓမ္မတာဖြစ်ပါတယ်။
နိုင်ငံတကာမှာ အစိုးရပဲဖြစ်ဖြစ် ပုဂ္ဂလိက ကုမ္ပဏီတွေပဲဖြစ်ဖြစ် အစုအဖွဲ့ရဲ့အောင်မြင်မှု (Team Success) ကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ကြပါတယ်။ အိမ်တအိမ်မှာ အိမ်ထောင်ဦးစီးရှိရသလို အစုအဖွဲ့တွေမှာလည်း ဦးဆောင်သူ ခေါင်းဆောင်ရှိရပါတယ်။ အဲဒီခေါင်းဆောင်တွေဟာ နိုင်ငံရေးခေါင်းဆောင်တွေဖြစ်နိုင်သလို မန်နေဂျာ၊ ဆူပါဗွိုက်ဇာတွေလည်း ဖြစ်နိုင်ပါတယ်။ တသီးပုဂ္ဂလ ကုမ္ပဏီပဲဖြစ်ဖြစ်၊ နိုင်ငံအစိုးရအဖွဲ့ပဲဖြစ်ဖြစ် အစုအဖွဲ့ကို မှောင်းနှင်သူဟာ ခေါင်းဆောင်ဖြစ်ပါတယ်။ ဒီနေရာမှာ ခေါင်းဆောင်တွေရဲ့ mission နဲ့ vision ဟာ အစုအဖွဲ့ရဲ့ အသက်သွေးကြောဖြစ်ပါတယ်။
စီမံခန့်ခွဲမှု အတတ်ပညာ အဆိုအရ အစုအဖွဲ့ဦးဆောင်ရသူတွေမှာ အရည်အသွေး ၇ ရပ် ရှိရပါတယ်။ မြန်မာပြည်ရဲ့ အစုအဖွဲ့နဲ့လုပ်ကိုင်တဲ့ အလေ့အကျင့် အားနည်းမှုဟာလည်း အရည်အသွေးရှိတဲ့ ခေါင်းဆောင်ရှားပါးမှုနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။
၁) Belief in the possibility of success – အောင်မြင်နိုင်ချေရှိတယ်ဆိုတာကို ယုံကြည်ခြင်း
ခေါင်းဆောင်တွေဟာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ဖြစ်စဉ်တွေကို ပြောင်းလဲလိုသူ (သို့မဟုတ်) ထိန်းသိမ်းထားလိုသူတွေ ဖြစ်ရပါမယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် မြင်သာတဲ့ အပြောင်းအလဲကို လိုလားသူဖြစ်ရပါမယ်။ အောင်မြင်မှုကို မယုံကြည်ဘဲ အစုအဖွဲ့ကို အောင်မြင်အောင် စွမ်းဆောင်နိုင်မှာ မဟုတ်ပါ။
၂) Communication Skills – ကျွမ်းးကျင်တဲ့ဆက်သွယ်ရေး
ခေါင်းဆောင်ဟာ ထိရောက်စွာ ဆက်သွယ်ဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ်။ ဒါမှ နောက်လိုက်တွေဟာ ဘယ်အရာကို ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ တိကျတဲ့လမ်းညွှန်မှုကို သိရှိနိုင်မှာဖြစ်သလို ကောင်းမွန်တဲ့ရလဒ်လည်း ထွက်ရှိလာနိုင်မှာဖြစ်ပါတယ်။
၃) Empathy – တပါးသူဘက်မှ နားလည်နိုင်ခြင်း
အစုအဖွဲ့ဝင်တွေရဲ့ စိတ်အတက်အကျ၊ စိုးရွံ့မှုနဲ့ စဉ်းစားပုံ စဉ်းစားနည်းတွေကို ခေါင်းဆောင်တွေဟာ နားလည်သဘောပေါက်ရပါမယ်။ တပါးသူဘက်ကနေ နားလည်နိုင်ခြင်းဟာ တပါးသူကို စာနာခြင်းနဲ့ မတူညီပါ။ အဖွဲ့ဝင်တွေ ဘာကြောင့် ဒီလိုလုပ်သလဲဆိုတာ နားလည်နိုင်ဖို့ တပါးသူနေရာက စဉ်းစားတတ်တဲ့ အလေ့အထရှိမှာ ဖြစ်နိုင်မှာပါ။
၄) Energy – ခွန်အား
ခေါင်းဆောင်တွေဟာ သူတို့ရဲ့ပုဂ္ဂလိက ပြဿနာရပ်တွေကို အဖွဲ့ဝင်တွေကို မကူးစက်စေဘဲ သူ့ရဲ့အားပေးမှုနဲ့ အစုအဖွဲ့ကို ခွန်အားဖြစ်စေရပါမယ်။ ဦးတည်ချက်ဆီ ရောက်ပြီး အောင်မြင်မှုရရှိစေဖို့ စိတ်ဓာတ်မြှင့်တင်နိုင်သူ ဖြစ်ရပါမယ်။
၅) Sound Judgment – လျော်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ခြင်း
စိတ်ခံစားမှုကင်းပြီး အခြေအနေ အချိန်အခါနဲ့ကိုက်ညီတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်သူဖြစ်ရပါမယ်။ ဘက်လိုက်မှုကင်းကင်းနဲ့ အကျပ်အတည်းကာလကို ဦးဆောင်နိုင်သူဖြစ်ရမှာဖြစ်ပြီး နောက်လိုက်တွေ တုန်လှုပ်မှုမရှိအောင် ထိန်းနိုင်သူဖြစ်ရပါမယ်။
၆) Constancy – တသတ်မှတ်တည်းဖြစ်မှု
ဟိုကွေ့ရောက် ဟိုတက်နဲ့လှော်၊ ဒီကွေ့ရောက်ရင် ဒီတက်နဲ့လှော် ဆိုသလိုမျိုး မသေချာ မရေရာတဲ့ စီမံမှုတွေကို ခေါင်းဆောင်ကောင်းလုပ်သူတွေက ရှောင်ရှားရပါမယ်။ စနစ်တကျ စီမံမှုနဲ့အတူ တသမတ်တည်းဖြစ်မှုကို မူအဖြစ် လက်ကိုင်ထားသူဖြစ်ရပါမယ်။ ဘက်လိုက်မှုကင်းပြီး မျှတတဲ့ဆုံးဖြတ်ချက်တွေကို ချနိုင်သူဖြစ်ရပါမယ်။
၇) Self-management – မိမိကိုယ်ကို မိမိစီမံခန့်ခွဲနိုင်မှု
ခေါင်းဆောင်တယောက်ဟာ မိမိကိုယ်ကို မိမိ စနစ်တကျ မစီမံ မခန့်ခွဲနိုင်ဘဲနဲ့ ကိုယ့်ရဲ့အစုအဖွဲ့ကို အောင်မြင်အောင် စီမံခန့်ခွဲဖို့ မဖြစ်နိုင်ပါဘူး။ ဦးဆောင်သူဟာ အရာအားလုံးကို မိမိတယောက်တည်း မလုပ်နိုင်ဘူးဆိုတာ နားလည်ထားဖို့လိုသလို သင့်တော်နဲ့အရည်အချင်းနဲ့အလုပ်နေရာကို တာဝန်ပေးပြီး ကြီးကြပ်သူဖြစ်ရပါမယ်။
အစုအဖွဲ့ခေါင်းဆောင်တွေဟာ “ကျနော်” အစား “ကျနော်တို့” “ကျမ” အစား “ကျမတို့” ဆိုတဲ့ အစုအဖွဲ့ကို ကိုယ်စားပြုတဲ့ စကားလုံးတွေကို ရွေးချယ်ပြောဆိုရပါတယ်။ အစုအဖွဲ့ ဆွေးနွေးပွဲတိုင်းမှာ လူတိုင်းရဲ့အသံကို နားထောင်နိုင်ရပါမယ်။ မတူကွဲပြားတဲ့ အမြင်တွေကို ဖလှယ်နိုင်ရပါမယ်။ အဖွဲ့ဝင်တွေဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တိုင်းမှာ သူတို့ရဲ့အသံ ထင်မြင်ချက်တွေ ပါဝင်ခွင့်ရှိနေတယ်လို့ ခံစားရဖို့လိုပါတယ်။ အစုအဖွဲ့ရဲ့ဆုံးဖြတ်ချက်ဟာ သူတို့ တဦးတယောက်ရဲ့သဘောဆန္ဒနဲ့ မကိုက်ညီသော်လည်း အများဆန္ဒနဲ့အညီ လေးစားမှုဖြင့် အင်ပြည့်အားပြည့် လိုက်နာဆောင်ရွက်ရပါမယ်။ ခေါင်းဆောင်လုပ်သူဟာ အဖွဲ့ဝင်တဦးချင်းစီရဲ့ ပါဝင်မှုကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ကောင်းတာလုပ်တဲ့အခါတိုင်းမှာ အဖွဲ့ဝင်တွေကို ချီးမွှမ်းဖို့ မမေ့လျော့ရပါဘူး။ စုပေါင်းလုပ်ကိုင် စုပေါင်းအောင်ပွဲခံဆိုတဲ့ စိတ်ဓါတ်မျိုးကို ခေါင်းဆောင်ဖြစ်သူက တဦးချင်းစီမှာ အမြစ်တွယ်လာအောင် ဖန်တီးရပါမယ်။
အားကောင်းတဲ့ အစုအဖွဲ့တွေဟာ မတူညီတဲ့ ကွဲပြားမှုတွေ ရှိနေတတ်ပြီး လူပုဂ္ဂိုလ်အပေါ်မှာ အခြေမခံရပါဘူး။ စုဖွဲ့မှုရဲ့ပန်းတိုင်ဟာ အောင်မြင်မှုသာ ဖြစ်ရမှာဖြစ်ပြီး အမြင်မတူမှုတွေကို ဘေးဖယ်ထုတ် ထားနိုင်ရပါမယ်။ အိုဘားမား ၂၀၀၈ ခုနှစ်မှာ အစိုးရသစ်ဖွဲ့တော့ ရီပတ်ဘလစ်ကန်ပါတီက ယခင်ခန့်အပ်ထားတဲ့ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်ကို ရာထူးမဖြုတ်ပဲ တာဝန် ဆက်လက်ထမ်းဆောင်စေခဲ့ပါတယ်။ မိမိပါတီက မဟုတ်ပေမယ့် လုပ်ငန်းနဲ့ကိုက်ညီတဲ့အတွက် သူ့အစိုးရအဖွဲ့ထဲမှာ အိုဘားမားက ပြိုင်ဖက်ပါတီဝင်တွေကို ဆက်လက်ခန့်အပ်ခဲ့ပါတယ်။ ရောဘတ်ဂိတ်နောက် ကာကွယ်ရေးဝန်ကြီး ရာထူးကို ဆက်ခံသူဟာလည်း အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီမှ ချက်ဟေဂယ်ပဲဖြစ်ပါတယ်။
မကြောက်မရွံ့ သူ့ရဲ့ မဟာပြိုင်ဘက်ဟောင်း ဟီလာရီ ကလင်တန်ကို သူ့အစိုးရအဖွဲ့ရဲ့ အရေးကြီးတဲ့ ရာထူးပေးအပ်ခဲ့မှုဟာလည်း အိုဘားမားအတွက် စွန့်စားရတဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် ပြိုင်ဘက်ရဲ့အရည်အချင်းဟာ သူ့အစိုးရအဖွဲ့ကို အထောက်အကူပြုလိမ့်မယ်လို့သူ ယုံကြည်ထားခဲ့ပါတယ်။ ဒါ့အပြင် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းရွေးပွဲရဲ့ ဂယက်ကြောင့် အစည်းပြေသွားတဲ့ ပါတီတွင်းစည်းလုံးမှုကိုလည်း အိုဘားမားက ဟီလာရီကလင်တန်ကို နေရာပေးခြင်းအားဖြင့် ပြန်လည်စုစည်းနိုင်ခဲ့ပါတယ်။ အိုဘားမားရဲ့ စုဖွဲ့ပုံက ရလိုက်တဲ့ သင်ခန်းစာကတော့ အဖွဲ့အစည်းအတွက် လိုအပ်ချိန်မှာ ဆန့်ကျင်ဖက်အမြင်ရှိတဲ့သူတွေနဲ့ တစုတစည်းတည်း အလုပ်လုပ်ဖို့ တကယ်ကို ဖြစ်နိုင်တယ်ဆိုတာပါ။
လက်ပံတောင်းတောင် အရေးအခင်းဖြစ်ပြီးတဲ့နောက်မှာ သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို စုံစမ်းရေးကော်မရှင်ဥက္ကဌ တာဝန်ပေးပြီး ကြီးကြပ်စေခဲ့ပါတယ်။ မတူညီမှုတွေရှိနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်သူနဲ့မဆို အတူတွဲပြီး အလုပ်လုပ်နိုင်တယ်ဆိုတာကို ပြသရင်း ပေးအပ်တဲ့တာဝန်ကို ယူခဲ့ပါတယ်။ ဒါဟာ အစိုးရနဲ့ အတိုက်အခံကြားက တွဲလုပ်လို့ မဖြစ်နိုင်ဘူးဆိုတဲ့ ကွာဟချက်ကို ကျဉ်းမြောင်းစေခဲ့ပါတယ်။ ဒီအချက်ဟာ အတိုက်အခံနဲ့ အစိုးရတို့ကြားက ယုံကြည်မှုတည်ဆောက်ရေးအတွက် အရေးပါတဲ့ခြေလှမ်း တရပ်ဖြစ်ပါတယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက အသုံးချတယ်လို့ ပြောဆိုမှုတွေရှိပေမယ့် တိုင်းပြည်ကောင်းဖို့ သူ့ကိုအသုံးချနိုင်ပါတယ်လို့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်း ရောက်သွားတဲ့အခါမှာ သူရဦးရွှေမန်းနဲ့ လိုက်ဖက်ညီညီ အစုအဖွဲ့ အသွင်ဆောင် လာခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ သမ္မတဖြစ်ချင်တယ်လို့ အတိအလင်းကြေညာထားတဲ့ ပြိုင်ဖက်တွေဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ပါးသွားပြဇာတ်လို့ လူအများခေါ်ဝေါ်တဲ့အထိ ဖြစ်လာတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မဟာမိတ် စုဖွဲ့မှုပုံစံဟာလည်း (Team of rivals) ပြိုင်ဖက်များဖြင့် စုဖွဲ့ခြင်းများ ဖြစ်နေမလားဆိုတာ စဉ်းစားစရာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ခြေမရှိရင် သူရဦးရွှေမန်းကို သမ္မတလောင်းအဖြစ် ထောက်ခံနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ ပိုမိုခိုင်မာလာနေပြီလို့ယူဆနိုင်ပါတယ်။ မတော်လို့များ ၂၀၁၅ရွေးကောက်ပွဲအပြီးပေါ်ထွက်လာမယ့် အစိုးရဟာ ညွန့်ပေါင်းဖြစ်လာ မယ်ဆိုရင် ပြိုင်ဖက်တွေအစိုးရအဖွဲ့ထဲမှာ အတူတူလုပ်ကိုင်ကြရမှာမို့ မြန်မာပြည်မှာ ပြိုင်ဖက်များဖြင့် စုဖွဲ့ခြင်း တွေများ မဝေးတော့တဲ့အချိန်မှာ ဖြစ်ပေါ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
(စာရေးသူသည် အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်တွင် အခြေချနေထိုင်လျှက်ရှိသည့် မြန်မာစကားပြန်တဦးဖြစ်သည်။)