Ethnic Issues

ပြည်ထောင်စုနေ့တွင် တနိုင်ငံလုံးအပစ်ရပ်ရေး စာချုပ် လက်မှတ်ထိုးရန် သမ္မတဦးသိန်းစိန် ကမ်းလှမ်း

This article has been converted from Zawgyi One to Unicode

သမ္မတဦးသိန်းစိန်က လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့တွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးကြရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသို့ ကမ်းလှမ်းလိုက်ကြောင်း သတင်းရရှိသည်။

ယနေ့ နေပြည်တော်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့မှ ခေါင်းဆောင်များနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံစဉ် သမ္မတဦးသိန်းစိန်က ထိုသို့ ကမ်းလှမ်းခြင်းဖြစ်ကြောင်း သမ္မတနှင့်တွေ့ဆုံခွင့်ရရှိခဲ့သော တိုင်းရင်းသား ခေါင်းဆောင် တချို့ က ပြောဆိုသည်။

“ အခုသွားနေတဲ့ ငြိမ်းချမ်းရေးကို သမိုင်းမှာ ပိုမိုခိုင်မာအောင် ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးချင်တယ်လို့ သမ္မတက ပြောတယ်၊ ဒီကိစ္စကိုပဲ သမ္မတက ဦးစားပေး ဆွေးနွေးခဲ့ပါတယ်” ဟု သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံခွင့်ရရှိခဲ့သော ရခိုင်ပြည် လွတ်မြောက် ရေးပါတီ(ALP) မှ ဒေါ်စောမြရာဇာလင်းက ဧရာဝတီသို့ ပြောသည်။

ယနေ့ တွေ့ဆုံပွဲတွင်  အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နေစဉ် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားရေး၊ နိုင်ငံရေး သဘောတူညီ ချက် များ ခိုင်ခိုင်မာမာရရှိရေး၊ ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတရေး ၊ နိုင်ငံရေး ပြဿနာ များကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်း ပြီး ပဋိပက္ခ အသွင် မကူး ပြောင်း စေရေး တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များသည် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံပြီးနောက် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတ ဦးသိန်းစိန် သွားနေသည့် လမ်းကြောင်းများကို တသွေမတိမ်း လိုက်နာ ဆောင် ရွက် သွားမည်ဖြစ်ပြီး တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးဘက်သို့ ဦးတည်သွားနေကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံ ရေး လမ်းကြောင်းသည် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်း ဖြစ်သောကြောင့် စိုးရိမ်ပူပန်ရန် မလိုဟု  ပြောဆိုကြောင်း သိရှိရသည်။

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့၏ အကျိုးဆောင်တဦးဖြစ်သူ ဦးလှမောင်ရွှေက “ ပြည်ထောင်စုနေ့မှာ လက်မှတ် ထိုး နိုင်ဖို့ ကျနော်တို့ အလုပ်အဖွဲ့တွေက ဆွေးနွေးပြီးသားပါ၊ အထက်လူကြီးတွေက ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ သေချာ ပါတယ် “ ဟု ဧရာဝတီကို ပြောထားသည်။

သမ္မတဦးသိန်းစိန်၊ ကာချုပ်မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံရာတွင်  ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ‘ဝ’ သွေးစည်း ညီညွတ် ရေး တပ်မတော် (UWSA )၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွှတ်ရေး တပ်မတော် (NDAA)  ၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) ၊ ကရင်ပြည်နယ် – နယ်ခြားစောင့်တပ် (BGF) ၊ မွန်ပြည်သစ်ပါတီ ( NMSP) ၊  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF ) ၊ သျှမ်းပြည် တိုးတတ် ရေး ပါတီ (SSPP/SSA ) ၊သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PLNO)  ၊ နာဂ အမျိုးသားဆိုရှယ်လစ် ကောင်စီ -ကပ်ပလန် (NSCN-K ) တို့ မှ တိုင်းရင်းသားခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

Loading