ယခုအချိန်မှာ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံလည်းဖြစ်၊ နေတိုး စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံလည်းဖြစ်တဲ့ ပိုလန်နိုင်ငံဟာ ၁၇၉၅ ခုနှစ်မှ ၁၉၁၈ ခုနှစ် အထိ အိမ်နီးချင်း ရုရှား၊ ပရပ်ရှား၊ ဂျာမနီနဲ့ သြစတြီးယားတို့ရဲ့ နယ်မြေ ချဲ့ထွင်မှုတွေကြောင့် ပိုလန်နိုင်ငံ မြေပုံဆိုတာ ဥရောပမြေပုံမှ ပျောက်ကွယ်ခဲ့ရပါတယ်။
ပိုလန်နိုင်ငံဟာ ၁၉၁၈ ခုနှစ်မှ ၁၉၃၉ ခုနှစ် အကြား ၂၁ နှစ်တာ ကာလအတွင်း လွတ်လပ်တဲ့ နိုင်ငံအဖြစ် ပြန်လည် တည်ထောင်ဖို့ ရုန်းကန်နိုင်ခဲ့သော်လည်း ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်မှာတော့ ဒုတိယ ကမ္ဘာစစ် စတင်မှုနဲ့ အတူ အိမ်နီးချင်း ဂျာမနီနိုင်ငံက ကျူးကျော်ဝင်ရောက် သိမ်းပိုက်ခဲ့တာကြောင့် မြေပုံမှ ပြန်လည် ပျောက်ကွယ် ခဲ့ရသလို၊ ပိုလန်နိုင်ငံရဲ့ မြို့တော် ဝါဆောမြို့ကြီးလည်း လုံးဝပျက်စီး သွားခဲ့ရပါတယ်။
ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ၁၉၄၅ ခုနှစ်မှာ ပိုလန်နိုင်ငံအဖြစ် ပြန်လည် ပေါ်ထွန်းလာခဲ့ပါတယ်။ သို့သော် အိမ်နီးချင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ ဆိုဗီယက်၊ ရုရှားအင်ပါယာရဲ့ လွှမ်းမိုးမှုနဲ့ ပိုလန်နိုင်ငံဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတယ်ဆိုပေမယ့် မော်စကို အစိုးရကိုသာ အမှီပြုရပြီး ကွန်မြူနစ် စနစ်ဖြင့်သာ အာဏာ ဆက်လက်စွဲကိုင် အုပ်ချူပ်ခဲ့ပါတယ်။
ပိုလန်နိုင်ငံက ကွန်မြူနစ် အာဏာပိုင်တွေက အလုပ်သမား လူတန်းစားကို ဖန်တီးခဲ့ပေမယ့် ပိုလန်နိုင်ငံမှာ ကွန်မြူနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ ၁၉၅၀ ခုနှစ်ကျော် ကာလများမှာ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး ဖမ်းဆီးဖြိုးခွင်းမှုတွေကို ဆက်တိုက် ခံစားခဲ့ရပါတယ်။
၁၉၇၆ ခုနှစ်မှာ ပိုလန်အလုပ်သမားများ ကာကွယ်ရေး ကော်မတီ ပေါ်ပေါက်လာပြီးနောက် သွေးစည်းညီညွတ်ရေး လူတန်းစား ပေါင်းစုံပါဝင်တဲ့ လှုပ်ရှားမှုကြီးက ကွန်မြူနစ်အာဏာ ဆန့်ကျင်ရေးကို စနစ်ကျစွာနဲ့ အံတုတော်လှန် ခဲ့ကြပါတယ်။
၁၉၇၈ ခုနှစ်မှာ ပုပ်ရဟန်းမင်း ဖြစ်လာတဲ့ ပိုလန်နိုင်ငံသား Cardinal Karol Wojtyla ခေါ် ပုပ်ဂျွန်ပေါလ် ဖြစ်လာပြီး၊ ထိုပုပ်ရဟန်းမင်းရဲ့ ၁၉၇၉ ခုနှစ် ပိုလန်ခရီးစဉ်ဟာ ပိုလန်နိုင်ငံသားတွေရဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးမှာ မကြောက်တရားနဲ့ ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်။
၁၉၈၀ ခုနှစ် သြဂုတ်လမှာ ပိုလန်နိုင်ငံမှာ အကြီးဆုံး ဆိပ်ကမ်းမြို့ကြီးဖြစ်တဲ့ Gdansk မှာ လူပေါင်း ၁၇၀၀၀ ကျော် ပါဝင်တဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး သပိတ်ကို ဆိုဗီယက်၊ ရုရှားယိမ်းတဲ့ ပိုလန်ကွန်မြူနစ် အစိုးရက လက်ပိုက် ကြည့်နေခဲ့ရပါတယ်။
Gdansk သပိတ်ကို ဦးဆောင်သူ လက်ချ်ဝါလင်ဆာ (Lech Walesa) ရဲ့ ဉာဏ်အမြော်အမြင်ကြီးမှုနဲ့ အခြား အလုပ်သမား ခေါင်းဆောင်များနဲ့ အာဏာရ အစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ သြဂုတ်သဘောတူညီမှု စာချူပ်ကို နှစ်ဘက် လက်မှတ် ရေးထိုးနိုင်ခဲ့ကြတယ်။
ဒီဖြစ်စဉ်ကြောင့် သွေးစည်းညီညွတ်ရေး အသင်းကြီးဟာ တရားဝင် ကုန်သွယ်ရေး အသင်းအဖြစ် ပိုလန်နိုင်ငံ ကွန်မြူနစ် အစိုးရ လက်ထက်မှာ မှတ်ပုံတင်နိုင်ခဲ့ပြီး တနှစ်တာအတွင်း ထိုစဉ်က လူဦးရေ ၃၅ သန်းသာရှိတဲ့ ပိုလန်နိုင်ငံရဲ့ လူ ၁၀ သန်းဟာ သွေးစည်းညီညွှတ်ရေး အဖွဲ့ဝင်များ ဖြစ်လာခဲ့ပါတယ်။
အာဏာလက်မလွှတ်ချင်တဲ့ ပိုလန်ကွန်မြူနစ် ခေါင်းဆောင် ဗိုလ်ချုပ် ယာအူဇယ်စကီး (Wojciech Jaruzelski) က သွေးစည်းညီညွှတ်ရေး အသင်းရဲ့ လှုပ်ရှားမှုကို ကန့်သတ် ပိတ်ပင်ဖို့ ၁၉၈၁ ခုနှစ်မှာ စစ်ဥပဒေ ( မာရှယ်လော) ထုတ်ပြန်ခဲ့ပြီး Gdansk သပိတ် ခေါင်းဆောင် လက်ချ်ဝါလင်ဆာ အပါအဝင် အလုပ်သမား ခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် သွေးစည်းညီညွတ်ရေး အသင်းကြီးရဲ့ လှုပ်ရှားမှုဟာ မြေအောက်လှုပ်ရှားမှု အသွင်ကို ပြောင်းလဲသွားခဲ့ပြီး အဖွဲ့ဝင်တွေဟာ ပိုလန်ကွန်မြူနစ် အစိုးရရဲ့ ရက်စက်စွာ ခြေမှုန်းမှုကို ဆက်တိုက်ခံခဲ့ရပါတယ်။
ပိုလန်ကွန်မြူနစ် အစိုးရရဲ့ ဖိနှိပ်မှုတွေကြောင့် အမေရိကန် သမ္မတ ရော်နယ်ရေဂင် အစိုးရနဲ့ ဗြိတိန် ဝန်ကြီးချုပ် မာဂရက်သက်ချာတို့ ဦးဆောင်ပြီး ပိုလန်နိုင်ငံကို စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် ပိုလန်ကွန်မြူနစ် အစိုးရက ၁၉၈၃ ခုနှစ် ဇူလိုင်လမှာ စစ်ဥပဒေ မာရှယ်လောကို ရုပ်သိမ်းခဲ့သော်လည်း အာဏာ လက်မလွှတ်ရရေး အတွက် ဆက်ပြီးကြိုးပမ်း ခဲ့ကြပါတယ်။
ဒီအချိန်မှာပဲ သွေးစည်းညီညွတ်ရေး လှုပ်ရှားမှုက အတော်ပဲ အရှိန်ရလာခဲ့ပါတယ်။ ၁၉၈၇ ခုနှစ် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်ရဲ့ ပိုလန်နိုင်ငံကို လာရောက်တဲ့ ဒုတိယအကြိမ် ခရီးစဉ်က သွေးစည်းညီညွွှတ်ရေး လှုပ်ရှားမှုကို ပိုပြီး ခွန်အားတိုးလာစေခဲ့ပါတယ်။
နောက်ဆုံးမှာ ပိုလန်ကွန်မြူနစ် အစိုးရက ပုပ်ရဟန်းမင်းကြီးကို ဖိတ်ခေါ်ပြီး ပိုလန်နိုင်ငံအရေး ဆွေးနွေးမှုများ ပြုလုပ် လာပါတယ်။ တချိန်တည်းမှာပဲ ဆိုဗီယက်ပြည်ထောင်စုမှာ မီခေးဂေါ်ဘာချောဗ့်လို ပြုပြင်ပြောင်းလဲရေး သမားများ အာဏာ ရရှိလာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဂေါ်ဘာချော့ဗ်ရဲ့ ပယ်ရီစထရိုက်ကာနဲ့ ဂလပ်စ်နော့ဗ်တို့နဲ့ အတူ ကွန်မြူနစ်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေနဲ့ ပတ်သက်သက်ပြီး အလျှော့အတင်း အနည်းငယ် လုပ်လာခဲ့ပြီး လွတ်လပ်မှုကို စတင်ပေးဖို့ ခြေလှမ်းများ စတင်ခဲ့ကြပါတယ်။
ဒီလိုအခြေအနေတွေ အကြားမှာ ပိုလန် ကွန်မြူနစ် အစိုးရကလည်း အတိုက်အခံ အင်အားစုတွေနဲ့ ၁၉၈၈ ခုနှစ်မှာ စတင်တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်လာခဲ့ပြီး၊ လမ်းပြမြေပုံ ဆိုတာကို စားပွဲဝိုင်းမှာ ညှိနှိုင်းလာကြပါတယ်။
လူသိရှင်ကြား ကုန်သွယ်ရေး သမဂ္ဂ ခေါင်းဆောင်တွေက နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ပိုလန်အာဏာရ အစိုးရတို့ အကြား မျက်နှာစုံညီ အစည်းအဝေးတွေကို ၁၉၈၈ ခုနှစ်၊ ၁၉၈၉ ခုနှစ်တွေ ဆက်တိုက် လုပ်လာကြပြီး ၁၉၈၉ ခုနှစ် ရွေးကောက်ပွဲမှာ အတိုက်အခံတွေက ပါလီမန်ရွေး ကောက်ပွဲတွေမှာ အထက်လွှတ်တော်မှာ ၉၉ ရာခိုင်နှုန်း၊ အောက်လွှတ်တော်မှာ ကွန်မြူနစ် အစိုးရက ၃၅ နေရာကို ကြိုတင် ရယူထားခဲ့ပြီး ကျန်လစ်လပ်နေရာ အကုန်ကို အတိုက်အခံများက အနိုင်ရခဲ့တယ်။
ဒါကြောင့် စည်းလုံးညီညွွှတ်ရေး လှုပ်ရှားမှု ခေါင်းဆောင်တဦး ဖြစ်တဲ့ Tadeusz Mazowiecki ဟာ ပိုလန်နိုင်ငံမှာ ပထမဆုံး ကွန်မြူနစ် မဟုတ်တဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့တယ်။
သွေးစည်းညီညွှတ်ရေး လှုပ်ရှားသူတွေနဲ့ ယခင် ပိုလန်အာဏာရ အစိုးရကြား ဆွေးနွေးချက်တွေ အရ ဗိုလ်ချုပ် ယာရူဇယ်စကီးကို ပိုလန်သမ္မတ အဖြစ် တင်မြှောက်ခံခဲ့ ရပါတယ်။
နောက်တနှစ် အကြာမှာ ဖွဲ့စည်းပုံ ပြင်ဆင်ဖြည့်စွက်မှုတွေ ပြုလုပ်ပြီးနောက် စည်းလုံးညီညွွှတ်ရေး လှုပ်ရှားမှု ခေါင်းဆောင် မစ္စတာ ဝါလင်ဆာကို ဗိုလ်ချုပ် ယာအူဇယ်စကီး နေရာမှာ သမ္မတအဖြစ် တင်မြောက်ခံခဲ့ရပြီး ပိုလန်နိုင်ငံမှာ ကွန်မြူနစ်ဝါဒ ကျဆုံးခဲ့ရတဲ့ အထင်ကရအဖြစ် သမိုင်းမှတ်တိုင် တင်ခဲ့နိုင်ပါတယ်။
ဒါကြောင့် ပိုလန်နိုင်ငံဟာ အခုဆိုရင် ကမ္ဘာပေါ်မှာ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတွေ အထဲမှာ အောင်မြင်မှု အရှိဆုံး နိုင်ငံ တနိုင်ငံလည်း ဖြစ်လာတယ်လို့ ပိုလန်ခေါင်းဆောင်တွေ သာမက နိုင်ငံတကာလည်း အသိအမှတ် ပြုခဲ့ကြပါတယ်။
၁၉၈၉ ခုနှစ်မှ စတင်ပြီး ပြုပြင်ပြောင်းလဲရေးတွေနဲ့ အတူ ပိုလန်နိုင်ငံမှာ ၁၉၉၇ ခုနှစ်မှ ပြန်လည် ပြင်ဆင်ဖြည့်စွက်ရေးဆွဲတဲ့ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ အခန်း ၁၃ ခန်း ပါဝင်ပြီး ပြဋ္ဌာန်းချက်ပေါင်း (Article) ၂၄၃ ခု အထိ ရှိတယ်လို့ သိရပါတယ်။
ဖွဲ့စည်းပုံ ဥပဒေအရ ပိုလန်နိုင်ငံမှာ ဒီမိုကရေစီ နည်းလမ်းတကျ နိုင်ငံရေး ပါတီတွေလည်း မှတ်ပုံတင်ခွင့် ရှိလာသလို ရွေးကောက်ပွဲတွေကိုလည်း ဒီမိုကရေစီနည်းကျ လုပ်ဆောင်နိုင် ခဲ့ပါတယ်။
ပိုလန်နိုင်ငံမှာ ထူးခြားတာက နိုင်ငံရေး ပါတီတွေဟာ မှတ်ပုံတင်ဖို့အတွက် အစိုးရကို မည်သည့် အခကြေးငွေကိုမျှ ပေးသွင်းစရာ မလိုသလို ပါတီကိုယ်စား ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေလည်း မည်သည့် အခကြေးငွေကိုမျှ နိုင်ငံတော်ကို ပေးသွင်းစရာ မလိုတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။
ပါတီတွေ အနေနဲ့ အစိုးရထံက ဂရန့်လျှောက်ထားပြီး ငွေကြေးမတည်နိုင်သလို တသီးပုဂ္ဂလ၊ အဖွဲ့အစည်း၊ အလှူရှင်တွေရဲ့ ငွေကြေး လှူဒါန်းမှုကိုလည်း လက်ခံနိုင်ပါတယ်။ နိုင်ငံရေး ပါတီတွေ အနေနဲ့ ခိုင်မာတဲ့ ဘဏ်စနစ်အောက်မှာ ငွေကြေး စီးဆင်းမှုအရ လည်ပတ်ရတာပဲ ဖြစ်ပါတယ်။
အမျိုးသား ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဗဟို ရွေးကောက်ပွဲ ကော်မတီက နိုင်ငံရေး ပါတီတွေရဲ့ ရွေးကောက်ပွဲတွေမှာ ငွေကြေးသုံးစွဲမှုကို လွတ်လပ်စွာ စိစစ်နိုင်ခွင့်ရှိပြီး ပါတီတွေ အနေနဲ့ ဘဏ်စနစ်ကိုသာ အသုံးပြုပြီး ငွေကြေး လက်ခံမှု၊ ထုတ်ယူ သုံးစွဲမှုတွေ လုပ်လို့ရတယ်လို့ သိရပါတယ်။
“နိုင်ငံရေး ပါတီတွေရဲ့ ငွေကြေး စီးဆင်းမှုကို အမျိုးသား ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဗဟို ရွေးကောက်ပွဲ ကော်မတီတွေက စစ်ဆေးခွင့် ရှိသလို ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အသုံးစရိတ်တွေကို ဥပဒေအရ ပိုလန်နိုင်ငံသားတိုင်းက သိခွင့်၊ အချက်အလက် ရယူခွင့် ရှိကြပါတယ်” လို့ ပိုလန်နိုင်ငံ အမျိုးသား ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ရှင်းပြပါတယ်။
နိုင်ငံရေး ပါတီတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံသားတွေဟာ ဥပဒေအရ အပြန်အလှန် ထိန်းကျောင်းထားတဲ့ စနစ်ကောင်း တခုကို ပိုလန်နိုင်ငံမှာလည်း အောင်မြင်စွာ ကျင့်သုံးနေတဲ့ အကြောင်း သူက ဂုဏ်ယူစွာ ပြောပါတယ်။
အမျိုးသား ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဗဟို ရွေးကောက်ပွဲ ကော်မတီတို့မှာ တာဝန်ယူကြရတဲ့ သူတွေဟာ လွတ်လပ်ပြီး သမာသမတ်ကျသူတွေ ဖြစ်ကြသလို အားလုံးရဲ့ လေးစား ယုံကြည်ခံရသူတွေ ဖြစ်ကြောင်းလည်း သိရပါတယ်။
တချိန်က နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှု ရယူနေရတဲ့ ပိုလန်နိုင်ငံဟာ အခုဆို အခြားသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ နိုင်ငံတွေကို လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေကိုလည်း ပေးလှူကူညီနိုင်တဲ့ နိုင်ငံလည်း ဖြစ်လာပါတယ်။
ဒီလို အခြားနိုင်ငံတွေကို ပိုလန်နိုင်ငံက အကူအညီတွေ ပေးလှူနိုင်ဖို့ အတွက် ပိုလန်နိုင်ငံသားတိုင်းက မိမိတို့ ရရှိတဲ့ ဝင်ငွေပေါ်ကနေ အခွန်ငွေ ပေးဆောင်ကြတဲ့ အထဲက ၁ ရာခိုင်နှုန်းကို အစိုးရမ ဟုတ်တဲ့ အဖွဲ့အစည်းတွေကို ပေးရမယ်လို့ ၂၀၀၄ ခုနှစ် ကတည်းက ဥပဒေနဲ့ ပြဋ္ဌာန်း လုပ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ပိုလန်နိုင်ငံ အခြေစိုက် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ပိုလန် အခွန်ထမ်း ပြည်သူတွေရဲ့ ၁ ရာခိုင်နှုန်း အလှူငွေဟာ နှစ်စဉ် ယူရို သန်း ၁ဝဝ ကျော် ရရှိပြီး နိုင်ငံတကာကို အကူအညီ ပေးနေရာမှာ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ၊ အမျိုးသမီးနဲ့ ကလေး အကာအကွယ်ပေးရေး၊ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးမှု အစရှိတဲ့ ကဏ္ဍအသီးသီးကို စွမ်းဆောင် နိုင်နေပြီလည်း ဖြစ်ပါတယ်။