သတင်းမီဒီယာ တချို့ရဲ့ ရေးသားဖော်ပြချက်တွေအပေါ် စာဖတ်ပရိသတ်တွေအနေနဲ့ မကျေနပ်ချက်တွေရှိရင် သက်ဆိုင်ရာ သတင်းဌာနနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ဆီကို တိုက်ရိုက် တိုင်ကြားနိုင်တယ်ဆိုတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ရဲ့ ထုတ်ပြန် ကြေညာချက်ကို စာနယ်ဇင်းတွေထံမှာ အခကြေးငွေပေးပြီး လိုက်လံ ထည့်သွင်းနေတာကြောင့် ပြည်တွင်း စာနယ်ဇင်း သမားတွေကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်နေတယ်လို့ သတင်း ရရှိပါတယ်။
ဒီလို ကြေညာချက်ဟာ စာနယ်ဇင်း လွတ်လပ်ခွင့် (Freedom of press)ကို စာနယ်ဇင်း ကောင်စီက ထိန်းချုပ်တဲ့ သဘောလို့ ယူဆသူတွေက ကန့်ကွက်ကြပြီး တချို့ကတော့ ဒီလိုလုပ်ဆောင်မှုကြောင့် စာနယ်ဇင်းလောကကို တဖက်တလမ်းက အကျိုးပြုနိုင်မယ်ဆိုပြီး ထောက်ခံကြပါတယ်။
စာနယ်ဇင်းကောင်စီရဲ့ ကြေညာချက်မှာ “သင်ဖတ်နေသော သတင်းများသည် မှားယွင်းသော ဖော်ပြချက်တွေလား၊ သင်ဖတ်နေသော သတင်းများသည် မခိုင်မာသော ကိုးကားချက်တွေ ထည့်သွင်းထားသလား၊ မီဒီယာမှာ ဖော်ပြမှု ကြောင့် သင့်၏သိက္ခာ ထိခိုက်နေပါသလား၊ စာဖတ်သူများက နစ်နာမှုနှင့် မကျေနပ်မှု တစုံတရာရှိပါက သက်ဆိုင်ရာ သတင်းဌာန (သို့မဟုတ်) မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ထံသို့ တိုက်ရိုက် တိုင်ကြားနိုင်ပါသည်” ဆိုပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ရဲ့ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ အီးမေးလ် လိပ်စာတွေ ဖော်ပြထားပါတယ်။
စာနယ်ဇင်းကောင်စီအနေနဲ့ အခုလို သတင်းစာ၊ ဂျာနယ်တွေမှာ ကြော်ငြာ ထည့်သွင်းဖော်ပြနေရတာဟာ ပြည်သူများတွေကို အသိပညာပေးလို၍ သာဖြစ်ပြီး သတင်း မီဒီယာလွတ်လပ်ခွင့်ကို ထိန်းချုပ်တာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးသီဟစောက ဧရာဝတီကို ပြောပါတယ်။
ပြီးတော့ ဒီကြော်ငြာဟာ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ဆက်စပ်မှု မရှှိဘဲ စာနယ်ဇင်းကောင်စီရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ ဦးသီဟစောက အတည်ပြု ပြောဆိုပါတယ်။
စာနယ်ဇင်းသမားတဦးဖြစ်သူ ကိုစိုင်းထွန်းအောင်လွင်က “ဒါမျိုးကို စစချင်းဖွဲ့ကတည်းက လုပ်သင့်တယ်။ အခုမှကျတော့ ထင်ယောင်ထင်မှား ဖြစ်စေတာတော့ အမှန်ပဲ။ အစိုးရ အဖွဲ့ဝင်တွေနဲ့ ထိတွေ့တာများပြီး နောက်ပိုင်းမှ အခုလို ထည့်တယ်ဆိုတာ တမျိုးတမည် စဉ်းစားစရာ ဖြစ်နေတာပေါ့။ သိပ်မသင့်တော်ဘူး” လို့ ပြောပါတယ်။
စာနယ်ဇင်း ကောင်စီအနေနဲ့ လုပ်ရိုးလုပ်စဉ် မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ တမူထူးပြီး ကြော်ငြာထည့်သွင်း ဖော်ပြမှုဟာ နိုင်ငံတကာ မတွေ့ဖူးသေးတဲ့ စာနယ်ဇင်းတွေကို ထိန်းချုပ်တဲ့ပုံစံမျိုး ဖြစ်နေပြီး စာနယ်ဇင်း လွတ်လပ်ခွင့် (Freedom of Press) ကို စာနယ်ဇင်းကောင်စီ (ယာယီ) ကတဆင့် သွယ်ဝိုက် ထိန်းချုပ်ဖို့ လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ Eleven Media Group က ယူဆကြောင်း ဇန်နဝါရီလ ၅ ရက်နေ့မှာ သဘောထား ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။
Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက “မီဒီယာတွေ လုပ်ရင် တိုင်လို့ ရတယ်ပေါ့။ တကယ်တော့ လူတွေက မကျေနပ်ရင် ဘယ်သူမှ ခေါင်းငုံ့မခံပါဘူး။ နောက်တခုက မီဒီယာတွေ ရပ်တည်နေတယ်ဆိုတာလည်း ဂုဏ်သိက္ခာနဲ့ အများ ယုံကြည်လက်ခံနိုင်အောင် အမှန်တရားပေါ်က မရပ်တည်ရင် ဘယ်သူမှ ဘာမှကို ပြောနေစရာ မလိုပါဘူး” လို့ ပြောပါတယ်။
သူက ဆက်လက်ပြီး ဒီလိုလုပ်တာဟာ သွယ်ဝိုက်သောအားဖြင့် ထိန်းချုပ်ခြင်း ဖြစ်ကြောင်း၊ သူတို့အရေးယူလို့ရတယ်လို့ ခြိမ်းခြောက်သည့်သဘော သက်ရောက်နေကြောင်းလည်း ပြောပါတယ်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဟာ သမ္မတ ဦးသိန်းစိန်ဆီက ရန်ပုံငွေ ကျပ် သိန်း ၅၀၀ လက်ခံရယူပြီး နောက်ပိုင်း အခုလို စာနယ်ဇင်းတွေအပေါ်မှာ ထိန်းချုပ်လိုတဲ့ ကြော်ငြာဖော်ပြမှုတွေ လုပ်ဆောင်လာတဲ့အပေါ် မေးခွန်း ထုတ်စရာ များစွာရှှိနေပြီး ဒီလိုကြော်ငြာတွေကို Eleven Media Group က နောက်နောင်မှာ ထည့်သွင်း ဖော်ပြခြင်းပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးဇော်သက်ထွေးကလည်း “အခု လက်တွေ့ စာနယ်ဇင်းတွေမှာ လုပ်ဆောင် နေတဲ့သူတွေ ရှိသားပဲ။ ဒီပေါ်မှာ ဘူးလုံး နားမထွင်းတော့ လုပ်စရာမလိုဘူး ထင်တယ်။ ဘာလဲဆိုတော့ ဒီကြော်ငြာ ထည့်လိုက်လို့ ဘယ်ဂျာနယ်၊ ဘယ်သတင်းစာ၊ ဘယ်သတင်းထောက်က ရေးသားရာမှာ ခက်ခဲသွားလဲဆိုတာ တိတိလင်းလင်း ထောက်ပြပြီး ဆွေးနွေးဖို့ လိုအပ်မယ်။ အဲဒီလို ဝါးလုံးရှည်တုပ်ပြီး ရမ်းသမ်းပြီး လျှောက်ပြောတာတော့ ကျနော်တို့ လက်ခံစရာ၊ စဉ်းစားစရာ အကြောင်းလည်း မရှိဘူး”လို့ ပြောပါတယ်။
မော်ကွန်း မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဇေယျာလှိုင်ကတော့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို အပြုသဘော ရှုမြင်ပါတယ်။
“ကျနော်တို့ စာနယ်ဇင်းမီဒီယာ လောကကို အထိန်းအကွပ်လေး ပိုဖြစ်လာမယ်။ ကျနော်တို့ကြားတယ်၊ နယ်မှာဆိုရင် သတင်း ထည့်ဖို့အရေး ဘယ်လောက်ပေးရတယ်၊ သတင်းသမား ပွဲစားလုပ်တာတွေတောင် ကြားနေရတယ်။ သတင်းသမား မစစ်တဲ့သူတွေပေါ့ဗျာ။ အဲဒီလို လုပ်တယ်ဆိုရင် တနေရာကို တိုင်ကြားနိုင်တယ်၊ အရေးယူတာ မဟုတ်ဘဲနဲ့ တခုခု လုပ်လို့ရတယ်ဆိုရင် ကျနော်တို့ ဒီလောကကို တဖက်တလမ်းကနေ ကောင်းကျိုး ဖြစ်လာနိုင်မယ်လို့ မြင်တယ်” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့က သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ကောင်စီကို အမှုပေါင်း ၄၈ မှု တိုင်ကြားလာပြီး ၃၀ မှု ဖြေရှင်းပေခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်မှာ ကောင်စီကို အမှုပေါင်း ၆၆ မှု တိုင်ကြားလာပြီး ၄၀ မှု ဖြေရှင်းပေးနိုင်ခဲ့ကြောင်း စာနယ်ဇင်း ကောင်စီ (ယာယီ) ကနေ သိရပါတယ်။