Ethnic Issues

KIA အလံနှင့် ဆင်တူသဖြင့် KNCD ပါတီ အလံ အသုံးပြုခွင့် ပိတ်ပင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တရားဝင် နိုင်ငံရေး ပါတီတခုဖြစ်သည့် ကချင်အမျိုးသား ဒီမိုကရေစီ ကွန်ဂရက် (Kachin National Congress for Democracy) ပါတီအလံမှာ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အလံနှင့် ဆင်တူနေသဖြင့် ခွင့်ပြုပြီးမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသုံးပြုခွင့် ပြန်လည် ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။

KNCD ပါတီအား တရားဝင် မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး အလံနှင့် ရင်ထိုး အမှတ်တံဆိပ် သုံးစွဲခွင့်ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်ကတည်းက ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း KNCD ၏ ပြောရေး ဆိုခွင့်ရှိသူ အထွေထွေ အတွင်းရေးမှူး ဦးစီစီနော်ဂျာက ဧရာဝတီသို့ ပြောသည်။

KNCD ပါတီက ၂၀၁၄ ခုနှစ်၊ သြဂုတ်လတွင် ကချင် ပြည်သူလူထုနှင့် တွေ့ဆုံစဉ် ပါတီ၏ ရင်ထိုးဒီဇိုင်းအား အလံနှင့် ပုံစံတူ ပြောင်းလဲသုံးစွဲရန် စိတ်ကူးရရှိသဖြင့် ရင်ထိုး အမှတ်တံဆိပ် ပြောင်းလဲခွင့်ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ ထပ်မံ တင်ပြခဲ့ရာမှ ယခု ပြဿနာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဦးစီစီနော်ဂျာက “ကချင် နိုင်ငံရေး နောက်ကြောင်းကို မသိဘဲ မတရားအသင်း အလံလို့ စွပ်စွဲတယ်၊ သူတို့ နားလည်အောင် သမိုင်းကြောင်းကို ဖြေရှင်းချက် ရေးပို့တော့လည်း ၃ လ ကျော်ပြီ၊ အကြောင်း မပြန်ဘူး။ ဒီအလံက တရားဝင် ခွင့်ပြုပြီးသားလည်း ဖြစ်တော့ ကျနော်တို့က ဆက်သုံးမယ်” ဟု ပြောသည်။

KNCD ပါတီ အလံမှာ KIA အလံ မဟုတ်ဘဲ ကချင် နိုင်ငံရေးအလံ ဖြစ်ကြောင်း သမိုင်းဆိုင်ရာ အထောက်အထားများနှင့် ရှင်းလင်းချက်တချို့ကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလက ကော်မရှင်ထံသို့ တင်ပြထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

KNCD ပါတီ အလံမှာ မတရားအသင်း အလံဟု ပြည်ထဲရေး ဝန်ကြီးဌာနက စွပ်စွဲပြီး ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ကန့်ကွက်ခဲ့ကြောင်း၊ သို့သော် သတင်းစာတွင် ပါတီအလံနှင့် ရင်ထိုးတံဆိပ်အား ကန့်ကွက်သူ မရှိခဲ့ကြောင်း KNCD ပါတီက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့သည့် ရှင်းလင်းချက်များတွင် KNCD သုံးစွဲနေသည့် အလံမှာ ၁၉၄၉ ခုနှစ်တွင် ကချင်နိုင်ငံရေး ခေါင်းဆောင် ဒူဝါကြီးများက ကချင်နိုင်ငံရေး အမျိုးသားအလံဟု သတ်မှတ်ခဲ့သည့် အလံဖြစ်ပြီး ထိုအလံကို ခေတ်အဆက်ဆက် ကချင်နိုင်ငံရေး ပါတီတချို့က သုံးစွဲခဲ့ကြောင်းလည်း ဖော်ပြထားသည်။

KIA က ကချင်နိုင်ငံရေး ပါတီအလံနှင့် ဆင်တူသည့် အနီ၊ အစိမ်း အောက်ခံဓား ၂ လက်ယှက်ထားသည့် အလံကို ၁၉၆၀ ခုနှစ်မှ စတင်သုံးစွဲခဲ့ခြင်း ဖြစ်ကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရေး ဆွေးနွေးနေစဉ် ပြည်ထဲရေးက မတရားအသင်း KIA အလံနှင့် တူသည်ဟု ပြောဆိုခြင်းမှာ မဖြစ်သင့်ကြောင်း၊ သမိုင်းကြောင်း နားမလည်၍ ထိုသို့ ပြောဆိုခြင်းသာ ဖြစ်ကြောင်းနှင့် KNCD အလံအား ရုပ်သိမ်းထားခြင်းကို ပယ်ဖျက်ပေးရန် ရေးသားထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုကလည်း “KNCD ကိစ္စက ကျနော်တို့ အခုလောလောဆယ် ဘာမှ မပြောနိုင်သေးပါဘူး၊ ဆောင်ရွက်နေဆဲလို့ပဲ ဆိုချင်ပါတယ်” ဟု  ဧရာဝတီသို့ ပြောသည်။

KNCD မှာ ပါတီ မှတ်ပုံတင်စဉ်က အလံအဖြစ် အောက်ခံ အနီရောင်နှင့် အစိမ်းရောင် တဝက်စီ၊ အပေါ်တွင် ဓားနှစ်လက် ယှက်ထားကာ ကြယ်ပွင့်ပုံပါ အလံ၊ ပါတီရင်ထိုးအဖြစ် ကြယ်ပွင့်နေရာတွင် တရား မျှတရေးကို ရည်ညွှန်းသည့် ချိန်ခွင်ပုံကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

KIA အလံမှာ အနီရောင်နှင့် အစိမ်းရောင် အောက်ခံထားပြီး ဓား ၂ လက်ယှက်သည့်ပုံ ဖြစ်သည်။ KNCD အလံတွင် ကြယ်ဖြူပါရှိပြီး KIA အလံတွင် ကြယ်ဖြူ မပါရှိပေ။

KNCD က အလံသုံးစွဲမှု ပိတ်ပင်ခံရခြင်းနှင့် ပတ်သက်၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ထုတ်ဝေသည့် မြစ်ကြီးနား ဂျာနယ်နှင့် မနောပွဲ ကျင်းပရေး စာစောင်တို့တွင်လည်း ရေးသား ထုတ်ပြန်ထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading