ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) အဆင့်ဆင့် ရွေးကောက်ပွဲများတွင် ရွေးကောက် တင်မြှောက်ခံခဲ့ရသည့် ကိုယ်စားလှယ် ၁၁၅ ဦးသည် ၂၀၁၅ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့က ရန်ကုန်မြို့တော် ခန်းမတွင် ကတိသစ္စာပြုပွဲ ကျင်းပပြီးနောက် စတင် တာဝန် ထမ်းဆောင်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တော် ကော်မတီဝင်များ၊ ခရိုင် ကော်မတီဝင်များနှင့် မြို့နယ် ကော်မတီဝင်များ၏ ကတိသစ္စာပြုခြင်း အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံးစိုက်ရာ မြို့တော် ခန်းမ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုနိုင်ခဲ့ပြီး ယင်းဥပဒေအရ ပြည်သူလူထုက ရွေးကောက် တင်မြှောက်သည့် ကိုယ်စားလှယ်များက ရန်ကုန် စည်ပင်သာယာရေး လုပ်ငန်းများတွင် အချိန်ပြည့် ပါဝင်ဆောင်ရွက်ခွင့် ရရှိလာခြင်း ဖြစ်သည်။
ရွေးချယ်ခံထားရသူများသည် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ မြို့တော် အဆင့်ဆင့် ရုံးတည်ရှိရာ နေရာများတွင် ရုံးခန်းနေရာ ရရှိမည်ဖြစ်ပြီး လစာ၊ စရိတ်နှင့် အဆောင်အယောင်များ ရရှိမည် ဖြစ်ကြောင်း သိရသည်။
လသာမြို့နယ် ရပ်မိရပ်ဖ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံထားရသူ ဦးမျိုးကျော်သူက “၁၀ ခုမှာ ၅ ခု လောက် ဖြစ်အောင်တော့ ဉာဏ်စွမ်းရှိသ၍ ကြိုးစားမှာပါ။ ၁၀ ခုစလုံး ဆိုတာတော့မဖြစ်နိုင်ဘူး။ ဌာနဆိုင်ရာက ချပေးတဲ့ ဘတ်ဂျက်တွေပေါ် မူတည်တယ်၊ အဲဒါတွေနဲ့ ညှိနှိုင်းပေါင်းစပ်ပြီးမှ လုပ်ရတာပါ။ ကိုယ်တယောက်တည်းလည်း ဒီ ၁၀ မျိုးလုံးကို ရမယ်လို့ အာမ မခံဘူး။ အတတ်နိုင်ဆုံးတော့ ပြည်သူတွေအတွက် အကောင်းဆုံး ဖြစ်အောင် လုပ်သွားမှာပါ” ဟု ပြောသည်။
မဲအနိုင်ရရှိသွားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များမှာ လုပ်ပိုင်ခွင့်အဖြစ် မြို့ပြနှင့် အိုးအိမ် ဖွံ့ဖြိုးမှု စီမံကိန်းနှင့် မြေများ စီမံခန့်ခွဲခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ရေမြောင်းနှင့် လမ်းများ ဖောက်လုပ်ခြင်း၊ ဈေးများ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်း၊ လမ်းဘေးဈေးဆိုင်များ၊ ကျူးကျော်ဈေးများ ကြီးကြပ်ခြင်း၊ စည်းကမ်းသတ်မှတ်ခြင်း၊ ပြည်သူ့ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များကို လုပ်ပိုင်ခွင့်ရမည်ဖြစ်ကြောင်း YCDC ဥပဒေတွင် ဖော်ပြထားသည်။
ထို့အပြင် တိရစ္ဆာန်များနှင့် ပတ်သက်၍ မွေးမြူရောင်းချ အသားထုတ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အခွန်ကိစ္စများ၊ ကန်ထရိုက်ကိစ္စများ၊ လေလံကိစ္စရပ်များ၊ မြို့တော်တည်ဆောက်ရေး လုပ်ငန်းများ၊ ကျူးကျော်များကို ဖယ်ရှားခြင်း လုပ်ငန်းများ၊ ယာဉ်၊ မီးရထား ကိစ္စရပ်များကိုလည်း စည်ပင်သာယာ ဥပဒေအရ လုပ်ပိုင်ခွင့် ရရှိမည် ဖြစ်သည်။
အနောက်ပိုင်းခရိုင်မှ ရွေးချယ်ခံရသည့် ဦးခင်လှိုင် (ဇောတိက) က “ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ ဌာနဆိုင်ရာ ၂၀ ရှိတယ်။ အဲဒီဌာနတွေနဲ့ ဒီနေ့ တွေ့ဆုံပွဲလုပ်တဲ့အခါမှာ ဘာအားနည်းချက်တွေ ရှိတယ်ဆိုတာ ကြည့်ဖို့ လိုပါတယ်။ အလုပ်တခု လုပ်တဲ့အခါကျရင် အရင်ဆုံး research လုပ်ရပါမယ်။ ဘာတွေ လုပ်ထားလဲ၊ ဘာတွေရှိလဲ စသဖြင့် လုပ်ငန်းစဉ်တွေ ကြည့်ရမယ်။ အဲဒါတွေကြည့်ပြီးမှ ပြည်သူ့အတွက် ဘာအရေးကြီးသလဲဆိုတာ စဉ်းစားရမယ်” ဟု ပြောဆိုသည်။
YCDC ကော်မတီ အဆင့်တွင် အရှေ့ပိုင်းခရိုင်မှ ဦးဌေးအောင် (ဆာကူရာ)၊ အနောက်ပိုင်းခရိုင်မှ ဦးခင်လှိုင် (ဇောတိက)၊ တောင်ပိုင်းခရိုင်မှ ဒေါက်တာအေးမင်းနှင့် မြောက်ပိုင်းခရိုင်မှ ဦးခင်မောင်တင့်တို့ ရွေးချယ်ခံခဲ့ရသည်။
ခရိုင်အဆင့် ရွေးကောက်ခံရသူများတွင် ရပ်မိရပ်ဖ ကိုယ်စားလှယ် အဖြစ် အရှေ့ပိုင်းခရိုင်မှ ဦးမြင့်သိန်း၊ အနောက်ပိုင်း ခရိုင်မှ ဒေါက်တာ တင်ထွန်း၊ တောင်ပိုင်းခရိုင်မှ ဦးဇော်ဝင်းနှင့် မြောက်ပိုင်းခရိုင်မှ ဦးမင်းဟန်၊ အတတ်ပညာရှင်၊ အသိ ပညာရှင် ကိုယ်စားလှယ်အဖြစ် အရှေ့ပိုင်းခရိုင်မှ ဒေါက်တာ စိုးထွန်း၊ အနောက်ပိုင်း ခရိုင်မှ ဒေါ်လဲ့လဲ့ဝင်း၊ တောင်ပိုင်း ခရိုင်မှ ဒေါက်တာ ဝင်းနိုင်၊ မြောက်ပိုင်း ခရိုင်မှ ဦးဇော်မြင့်၊ လူမှုရေး အဖွဲ့အစည်း ကိုယ်စားလှယ်အဖြစ် အရှေ့ပိုင်း ခရိုင်မှ ဒေါ်သီတာဦး၊ အနောက်ပိုင်း ခရိုင်မှ ဦးတင်စိန်၊ တောင်ပိုင်းခရိုင်မှ ဦးခင်မောင်လင်းနှင့် မြောက်ပိုင်းခရိုင်မှ ဒေါ်သင်းသင်းခိုင်တို့ ဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအခမ်းအနားတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက ကိုယ်စားလှယ်များအနေဖြင့် အစပထမတွင် ပြဿနာ အခက်အခဲများ၊ စိန်ခေါ်မှုများ ကြုံတွေ့ရနိုင်သည်ဟု ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲအား ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပခဲ့ပြီး မြို့နယ် ၃၃ မြို့နယ်ရှိ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၉၃ ဦးက နေရာ ၁၁၅ နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
ခရိုင်လေးခုစလုံးအတွင်း မဲပေးပိုင်ခွင့်ရှိသူဦးရေ ၄၀၁၆၃၄ ဦးရှိခဲ့သည်။ သို့သော် အမှန်တကယ် မဲဆန္ဒ လာရောက်ပေး သူမှာ ၁၀၆၀၈၉ ဦးသာ ရှိကာ အမှန်တကယ်မဲပေးရမည့် လူဦးရေ၏ ၂၅ ဒသမ ၈၈ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။
နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အားနည်းချက်များ၊ ချို့ယွင်းချက်များရှိပြီး ယင်းရွေးကောက်ပွဲသည် ဒီမိုကရေစီ နည်းလမ်းမကျသည့် စနစ်တကျမရှိသော ရွေးချယ်ပွဲဖြစ်သည်ဟု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်တချို့နှင့် နိုင်ငံရေးအသိုင်းမှ ပုဂ္ဂိုလ်များက ဝေဖန်ခဲ့ကြသည်။