ပျောက်ဆုံးနေသည့် AirAsia Flight QZ8501 လေယာဉ်မှ အမြီးပိုင်းဟု ယူဆရသည့် အရာတခုကို အင်ဒိုနီးရှား ရေတပ်ကင်းလှည့် သင်္ဘောတစီးက ဇန်နဝါရီလ ၅ ရက်နေ့တွင် တွေ့ရှိခဲ့သည်ဟု အဆိုပါ သင်္ဘော၏ ကပ္ပတိန်က ပြောသည်။ လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ရာတွင် အရေးကြီးသည့် Black Box နှင့် ပျံသန်းရေး အချက်အလက်များ မှတ်သားသည့် ကိရိယာတို့ကို လေယာဉ်အမြီးပိုင်းတွင် တပ်ဆင်ထားလေ့ရှိသည်ဟု သိရသည်။
“လေယာဉ်ရဲ့အမြီးပိုင်း ဖြစ်နိုင်ခြေ အလွန်များတဲ့ အရာတခုကို ကျနော်တို့ တွေ့ခဲ့ပါတယ်” ဟု ကင်းလှည့်သင်္ဘော၏ ကပ္ပတိန် Yayan Sofyan က သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော်လည်း အင်ဒိုနီးရှား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီက ယင်းတွေ့ရှိမှုကို အတည်ပြုပေးခြင်း မရှိသေးပါ။ ဇန်နဝါရီလ ၅ ရက်နေ့က လှိုင်းလေငြိမ်သက် နေသည့်အချိန်တွင် အင်ဒိုနီးရှားရေတပ်မှ ရေငုပ်သမားများက ပျောက်ဆုံးလေယာဉ်၏ အပျက်အစီးများဟု ယူဆရသည့် အရာဝတ္ထုများကို ခွဲခြားနိုင်ရန် လုပ်ဆောင်ရင်း ထိုသို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးလေယာဉ်၏ Black Box မှ သင်္ကေတ ထုတ်လွှင့် အချက်ပြမှုကိုမူ ရရှိခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။
ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် အလောင်း ၃ လောင်းကို ထပ်မံဆယ်ယူနိုင်ခဲ့သဖြင့် ယခုအချိန်အထိ လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ ၁၆၂ ဦးထဲမှ ၃၇ လောင်းကို ပြန်လည်ရရှိခဲ့ပြီး ဖြစ်သည်။ အလောင်းများနှင့် အပျက်အစီးများကို ရှာဖွေနေသည့် လေယာဉ်နှင့် သင်္ဘောများကလည်း ၎င်းတို့၏ ရှာဖွေရေး ဧရိယာကို ပိုမိုတိုးချဲ့ ရှာဖွေခဲ့ကြသည်။
အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် Surabaya မှ စင်ကာပူသို့ ပျံသန်းထွက်ခွာသွားသည့် AirAsia လေကြောင်းလိုင်းမှ ခရီးစဉ် အမှတ် QZ8501 လေယာဉ်ပျောက်ဆုံးသွားခဲ့သည်မှာ ၁၀ ရက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည့် ယခုအချိန်တွင် ရှာဖွေရေး ဧရိယာကို ပိုမိုတိုးချဲ့လာခဲ့သည်။ ကမ်းရိုးတန်း ဒေသများတွင်လည်း ရဟတ်ယာဉ်များဖြင့် ရှာဖွေနေကြသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့က အဆိုပါလေယာဉ် ပျက်ကျခဲ့ရခြင်းသည် ရာသီအလိုက် ဖြစ်ပေါ်နေသည့် အပူပိုင်း မုန်တိုင်းများကြောင့်လည်း ဖြစ်နိုင်သည်ဟု အင်ဒိုနီးရှား မိုးလေဝသဌာနက ပြောသည်။ ပြင်းထန်သော ရာသီဥတုကြောင့် ခရီးသည်တို့၏ အလောင်းများကို ရှာဖွေဆယ်ယူရန်နှင့် မည်သည့်အတွက်ကြောင့် လေယာဉ်ပင်လယ်ပြင်တွင်းသို့ ပျက်ကျခဲ့ရသည်ကို ဖော်ပြပေးနိုင်မည့် Black Box နှင့် ပျံသန်းရေး မှတ်တမ်းများကို ရှာဖွေရန် အခက်အခဲ ဖြစ်နေသည်ဟု သိရသည်။
အဓိက ဦးစားပေး ရှာဖွေသည့်နေရာသည် ဘော်နီယိုကျွန်း ကမ်းရိုးတန်းမှ ရေမိုင် ၉၀ အကွာတွင် ဖြစ်ပြီး အဆိုပါနေရာတွင် လေယာဉ် အပျက်အစီးများဟု ယူဆရသည့် ကြီးမားသော အရာဝတ္ထု ၅ ခုကို တွေ့ရှိခဲ့ရသည်။ အကြီးဆုံး အရာဝတ္ထုမှာ ၅၉ ပေခန့် ရှည်လျားသည်။ ၎င်းတို့ကို ရေယာဉ်များက ရေတိမ်ပိုင်းတွင် ဆိုနာကိရိယာကို အသုံးပြု၍ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အရာဝတ္ထုများထဲမှ တခုသည် နစ်မြုပ်နေသော သင်္ဘောတစီး ဖြစ်သည်ဟုလည်း ဇန်နဝါရီလ ၅ ရက်နေ့တွင် သတင်းများ ထွက်ပေါ်ခဲ့သည်။ ပျံသန်းရေးမှတ်တမ်းတင် ကိရိယာများအားလုံးသည် Airbus အမျိုးအစား လေယာဉ်၏ အမြီးပိုင်းတွင် ရှိနေသော်လည်း ရေ ရေအောက်ကြမ်းပြင်တွင် တွေ့ရှိရသော အပျက်အစီးများထဲတွင် အမြီးပိုင်း ပါဝင်နေခြင်းရှိ မရှိကလည်း မသေချာသေးကြောင်း သိရသည်။ ရှာဖွေရေးတွင် နိုင်ငံအများအပြားမှ ပူးပေါင်းပါဝင်ခဲ့ရာတွင် အမေရိကန်နှင့် ရုရှားနိုင်ငံတို့လည်း အပါအဝင်ဖြစ်သည်။
အင်ဒိုနီးရှား မိုးလေဝသဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သည့် BMKG ၌ ကနဦးဖော်ပြခဲ့သည့် အစီရင်ခံစာတခုတွင် လေယာဉ်က မုန်တိုင်းတိမ်တိုက်များ အတွင်းသို့ တိုးဝင်ပျံသန်းခဲ့ပြီးနောက် ရာသီဥတု အခြေအနေကြောင့် အောက်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဖော်ပြခဲ့သည်။
“လေယာဉ်နဲ့ နောက်ဆုံး အဆက်အသွယ် ရရှိခဲ့တဲ့ နေရာနဲ့ပတ်သက်လို့ ရရှိနိုင်သမျှ အချက်အလက်တွေကို အခြေခံပြီး ပြောရမယ်ဆိုရင် ပျက်ကျရခြင်း အကြောင်းတခု ဖြစ်ပါတယ်။ ရာသီဥတုအရ အဖြစ်နိုင်ဆုံး သဘာဝဖြစ်စဉ် အရဆိုရင် လေယာဉ်ရဲ့ ကိုယ်ထည်ပေါ်မှာ စိုထိုင်းအေးခဲမှုကြောင့် အင်ဂျင်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါက ရရှိထားတဲ့ မိုးလေဝသ သတင်းအချက်အလက်တွေကို အခြေခံပြီးတော့ ဆန်းစစ်ထားတဲ့ ဖြစ်နိုင်ချေတွေထဲက တခုပဲဖြစ်ပါတယ်” ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။
ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီ အကြီးအကဲ Bambang Soelistyo က ရေငုပ်အဖွဲ့ကို စေလွှတ်ရန်စီစဉ်ထား သော်လည်း ရေအောက်ကြမ်းပြင်တွင် လုံး၀ မှောင်မဲနေသည်ဟု ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။ ရေစီးကြောင်းကြောင့် အပျက်အစီးများ မျောပါသွားနိုင်သည့်အတွက် ဘော်နီယိုကျွန်းပေါ်မှ မြို့တမြို့ဖြစ်သည့် Pangkalan Bun ၏ အနောက်တောင်ဘက် ပင်လယ်ပြင်တွင် အဓိကထား၍ ရှာဖွေနေခြင်းကို အရှေ့ဘက်သို့ တိုးချဲ့ခဲ့ကြောင်းလည်း သူက ပြောသည်။
ရှာဖွေရေးလုပ်ငန်းသည် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူများ၏ အလောင်းများကို ပြန်လည် တွေ့ရှိနိုင်ရေးကို ဦးစားပေး ဆောင်ရွက်ခဲ့သည်။ လေယာဉ်ပေါ်တွင် အင်ဒိုနီးရှားနိုင်ငံသား ၁၅၅ ဦး၊ တောင်ကိုရီးယားနိုင်ငံသား ၃ ဦး၊ စင်ကာပူ နိုင်ငံသား ၁ ဦး၊ ဗြိတိန် နိုင်ငံသား ၁ ဦးနှင့် တွဲဖက်လေယာဉ်မှူး ပြင်သစ်နိုင်ငံသား Remi Plesel တို့ လိုက်ပါသွားကြသည်။
လေကြောင်းမှ ရှာဖွေရေးတွင် ပါဝင်ဆောင်ရွက်နေသည့် အင်ဒိုနီးရှား လေယာဉ်မှူး Setiawan က ပင်လယ်တွင်းတွင် မျောပါနေသည့် အလောင်း ၃ လောင်းကို ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်းက လေယာဉ်ပေါ်မှ မြင်တွေ့ခဲ့ရသည်ဟု အင်ဒိုနီးရှား ရုပ်သံလိုင်းသို့ ပြောဆိုသည်။
အင်ဒိုနီးရှား အစိုးရက AirAsia လေကြောင်းလိုင်း၏ ပျံသန်းရေး စည်းကမ်းချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် ကတိပြုခဲ့သည်။ ခရီးစဉ် အမှတ် QZ8501 သည် ပျက်ကျခဲ့သည့်အချိန်တွင် ခွင့်ပြုချက်မရှိသည့် အစီအစဉ်ဖြင့် ပျံသန်းနေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ ယခုအချိန်တွင် Surabaya-Singapore ခရီးစဉ်ကို ပျံသန်းခြင်းမပြုရန် လေကြောင်းလိုင်းကို တားမြစ်ထားပြီး ဖြစ်သည်ဟု သိရသည်။
သို့သော်လည်း စင်ကာပူ အရပ်ဘက်လေကြောင်း အုပ်ချုပ်ရေး အဖွဲ့ကမူ လေကြောင်းလိုင်း၏ ဇန်နဝါရီလ ၄ ရက်နေ့ ခရီးစဉ်ကို ၎င်းတို့ဘက်မှ ခွင့်ပြုချက်ပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ မလေးရှား အခြေစိုက် AirAsia လေကြောင်းလိုင်း အနေဖြင့် စတင်ပျံသန်းရမည့်နေရာမှ ခွင့်ပြုချက်မရှိဘဲ မည်ကဲ့သို့ ပျံသန်းလိမ့်မည် ဆိုသည်မှာ ရှင်းလင်းခြင်း မရှိသေးပါ။
ပျံသန်းထွက်ခွာခြင်း မပြုမီ QZ8501 ၏ လေယာဉ်မှူးက မုန်တိုင်းကို ရှောင်ရှားနိုင်ရေးအတွက် သတ်မှတ်အမြင့်ပေ၏ အထက်တွင် ပျံသန်းခွင့်ပြုရန် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ၎င်း၏ အထက်တွင် တခြားလေယာဉ်များ ရှိနေသဖြင့် ပျံသန်းရန် ခွင့်ပြုချက် မရရှိခဲ့ဟု အင်ဒိုနီးရှား လေကြောင်းထိန်းသိမ်းရေး ဌာန (AirNav) ၏ အဆိုအရသိရသည်။
အဆက်အသွယ် ပြတ်တောက်မသွားမီ လေယာဉ်မှူး Iriyanto က မုန်တိုင်း အန္တရယ်ကို ရှောင်နိုင်ရန် လမ်းကြောင်းပြောင်းလဲ ပျံသန်းလိုသည်ဟု ထိန်းချုပ်ရေး မျှော်စင်သို့ ပြောကြားခဲ့သည်။ ထို့နောက် ကွင်းမှ ထွက်ခွာသွားပြီး မိနစ် ၄၀ ကြာသည့် အချိန်တွင် အဆက်အသွယ်အားလုံး ပြတ်တောက်သွားခဲ့သည်။ လေယာဉ်မှူး Iriyanto သည် အတွေ့အကြုံ ရင့်ကျက်သော စစ်ဘက်လေယာဉ်မှူးဟောင်းတယောက် ဖြစ်ကြောင်းလည်း သိရသည်။
ကိုးကား – Reuters, Guardian, Daily Telegraph