ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုတွင် ပြည်နယ်အစိုးရက ဦးဆောင်ပြုလုပ်သည့် “၆၇” ကြိမ်မြောက် ကချင်မနောပွဲတော်ကို ကချင်ပြည်သူများက ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။
“အခုလုပ်တဲ့ပွဲက ကချင်ပြည်နယ် အစိုးရက ဦးဆောင်ပြီး လုပ်တဲ့ပွဲပါ။ ကျနော်တို့ ကချင်လူမျိုးတွေက ကန့်ကွက်ပြီး မသွားကြဘူး။ ဒီပွဲလုပ်မယ့်အစား ဒုက္ခသည် စခန်းတွေကို သွားလှူသင့်တယ်” ဟု ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ ဒုဥက္ကဌ ဦးထုရော်က ဧရာဝတီသို့ ပြောသည်။
ပြည်နယ်အစိုးရက ဦးဆောင်ကျင်းပသည့် မနောပွဲတော်ကို ကချင်ပြည်သူများနှင့် ကချင်လူမှုအဖွဲ့အစည်းများက ကန့်ကွက်ထားကြသော်လည်း ထိုပွဲတော်ကို ဇန်နဝါရီ ၅ ရက်က ဖွင့်ပွဲ လုပ်ခဲ့ပြီး ၆ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ ဒေသခံများက ပြောသည်။
ယခုကျင်းပသည့် ကချင်မနောပွဲတော်သည် ကချင်ရိုးရာဓလေ့နှင့် ကိုက်ညီမှု မရှိသည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း၊ ထိုသို့ ကန့်ကွက်မှုများကြောင့် ဒေသခံ ကချင်လူမျိုးများသည် ပွဲတော်သို့ မသွားရောက်ကြကြောင်း ၎င်းတို့က ပြောသည်။
ပြည်နယ်အစိုးရက မနောပွဲတော် ကျင်းပနိုင်ရေးအတွက် မြစ်ကြီးနား တက္ကသိုလ်မှ မေဂျာဘာသာရပ်တခုလျှင် လူ အယောက် ၅၀ ဦးနှင့် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်တခုလျှင် လူအယောက် ၁၀၀ စုပေးရမည် ဆိုသည့် ဖိအားပေးမှုများလည်း ရှိနေကြောင်း ဦးထုရော်က ပြောသည်။
မနောပွဲတော် ကျင်းပမည် ဆိုပါက ကချင်လူမျိုးများအတွက် ရည်ရွယ်ပြီး ခေါင်းစဉ်တခုခု တပ်ရကြောင်း၊ ဥပမာ – ပညာရေး၊ စီးပွားရေး၊ အောင်မြင်ရေးအတွက် ရည်ရွယ်ကာ ပွဲတော်ကို ကျင်းပခြင်း ဖြစ်ကြောင်း၊ ယခု ကျင်းပသည့် မနောပွဲတော်သည် ခေါင်းစဉ်တပ်စရာ မရှိဘဲ စီးပွားရေး လုပ်ငန်းရှင်များနှင့် နိုင်ငံရေးသမားများ နာမည်ယူကြသည့် ပွဲတော် ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောသည်။
“အရင်က မနောပွဲတော်ကို ကျင်းပတယ်ဆိုတာ တိုင်းပြည် သာယာအေးချမ်းနေတဲ့ အချိန်ဖြစ်တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်တဲ့ အနေနဲ့ လုပ်ကြတဲ့ မနောပွဲ ဖြစ်ပါတယ်။ အခုချိန်မှာ တိုင်းပြည် သာယာအေးချမ်းမှု မရှိဘူး။ ဒါကြောင့် ကန့်ကွက်တာပါ” ဟု ဒေါ်ခွန်ဂျာက ဆိုသည်။
မနောပွဲတော် ကျင်းပနိုင်ရေးအတွက် ကျပ်သိန်း ၄၀၀၀ ကုန်ကျရန် လျာထားကြောင်း၊ ပွဲလုံခြုံရေးအတွက် လူအယောက် ၃၀၀ တာဝန် ယူထားပြီး ပွဲတော်အတွင်း အားကစားပွဲများ၊ ကချင်ရိုးရာ အကပဒေသာများ၊ ဖျော်ဖြေပွဲများနှင့် ဈေးဆိုင်ခန်းပေါင်း ၂၀၀ ခန့် ရောင်းချနေကြသည်ဟု မနောပွဲတော် ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလခရိလအောင်က ဧရာဝတီသို့ ပြောသည်။
“မနောပွဲက နေရာဒေသအလိုက် လုပ်တာပါ။ အလှူကလည်း သူဟာသူပါပဲ။ လှူချင်တဲ့နေရာမှာ လှူကြမှာပေါ့။ ဒုကသည်တွေ ရှိလို့ဆိုပြီး ဒီယဉ်ကျေးမှု မလုပ်ဘူးလို့ ပြောပိုင်ခွင့် မရှိပါဘူး။ ဒုက္ခရောက်နေကြတာ မှန်ပါတယ်။ ကျနော်တို့ ပြည်တွင်းစစ်က နှစ်ပေါင်း ၆၀ ရှိနေပါပြီ။ ပြည်တွင်းစစ် ရှိနေလို့ မနောပွဲတော် မလုပ်ရဘူး ဆိုတာတော့ မဖြစ်သင့်ဘူး” ဟု ဦးလခရိလအောင်က ပြောသည်။
ကချင်မနောပွဲတော်သည် အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ပေါင်းစည်းခြင်း ဟူသည့် အဓိပ္ပါယ် ဆောင်သော်လည်း လက်ရှိ ပြည်နယ်အတွင်း အစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး နယ်မြေ အေးချမ်းတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် မနောပွဲတော် မကျင်းပရန် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလအထိ ကချင်ဒေသခံ ပြည်သူလူထု တသောင်းကျော်က လက်မှတ်ရေးထိုးကာ ပြည်နယ်အစိုးရကို ကန့်ကွက်ခဲ့ကြသည်။
မနောပွဲတော်ကို ၂၀၁၁ ခုနှစ်က နောက်ဆုံးအကြိမ် ကျင်းပခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် အစိုးရနှင့် KIO တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် သုံးနှစ်ကြာ မနောပွဲ ကျင်းပနိုင်ခြင်း မရှိဘဲ ယခုနှစ်မှသာ ပြည်နယ်အစိုးရက ဦးစီးကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။