Culture

ပျောက်ကွယ်လု ယင်းတလဲ လူမျိုးများ

This article has been converted from Zawgyi One to Unicode

တသွင်သွင် စီးဆင်းနေသည့် ပွန်ချောင်းအနီးရှိ လူခြေတိတ်ဆိတ်လျက်ရှိသော ခြံဝန်းကျယ်ထဲ၌ ဓာတ်တိုင် နှစ်တိုင်စာ နီးပါး မြင့်မားပြီး ဖြောင့်တန်းနေသည့် ကျွန်းတိုင်ကြီး ၈ တိုင်ကို စီစီရီရီ စိုက်ထူထားသည်။ တိုင်ထိပ်ဖျား၌ လေးထောင့်ပတ်လည် ဘုံပြာသာဒ်များ ဆင်ယင်ထားသည့် ဆေးအဖြူရောင်သုတ် ပင်မ ကျွန်းတိုင်ကို ကျန်တိုင် ၇ တိုင်က ဝန်းရံထားသည်။ တိုင်အားလုံး၏ အမြင့်မှာ ပေ ၃၀ ကျော်ခန့် ရှိမည်။

တိုင်ထိပ်ဖျားတွင် ဘုံငါးဆင့်နှင့် စိန်ဖူးတော်ရှိပြီး ဘုံပြာသာဒ်မှ ကုက္ကားကို မြေကြီးပေါ်သို့ တွဲလောင်းချ ထားသော ပင်မကျွန်းတိုင် အပါအဝင် ယင်း ကျွန်းတိုင်ကြီးများသည်ကား ကရင်နီမျိုးနွယ်စုဝင် ယင်းတလဲ လူမျိုးများ အထွတ်အမြတ်ထားရာ တံခွန်တိုင်များပင် ဖြစ်သည်။

ခြံဝင်းကျယ်ထဲတွင် သစ်သားဖြင့် စည်းရိုးခတ် ထားသော သက်ငယ်မိုး၊ ထရံကာ နေအိမ်ငယ်တခု ရှိနေပြီး နေအိမ်ဘေး၌ ထီးဖြူ အုပ်မိုးထားသည့် အရွယ်အစား သေးငယ်သော တံခွန်တိုင်ကိုလည်း တွေ့ရသည်။ ကယားပြည်နယ်၊ ဘော်လခဲမြို့၊ ကယားပိုင်း ရပ်ကွက်ရှိ ယင်းနေအိမ်ကို ဒေသခံ ယင်းတလဲ လူမျိုးများက ဟော်နန်းဟု ခေါ်ဝေါ်ကြသည်။ အဆိုပါ ဟော်နန်းတည်ရှိရာ ခြံဝင်းကို ယင်းတလဲ လူမျိုးတို့က နှစ် ၁၀ဝ ကျော် ခေတ်အဆက်ဆက် ထိန်းသိမ်းခဲ့ကြကြောင်း သိရသည်။

ယင်းတလဲဟူသည့် အမည်ကို ကရင်နီလူမျိုး တို့၏ ရှေးအကျဆုံးဒေသ ဖြစ်သည့် ဘော်လခဲမြို့ကို စတင် တည်ထောင်သူ ဖဘန့်မင်း၏ သားသမီးများ ဟူ၍ လည်းကောင်း၊ ရှေးဟောင်းလူမျိုးများက ကျန်ရစ်ခဲ့သော မူလလူမျိုးဟု လည်းကောင်း အဓိပ္ပာယ် ကောက်ယူကြသည်။

ယင်းတလဲ လူမျိုး အားလုံးနီးပါးမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး နတ်ကိုးကွယ်မှု အနည်းငယ် ရှိသည်။ ယင်းတလဲတို့၏ ဓလေ့စရိုက် အယူအဆ အရ သမင်၊ ချေ၊ ဖွတ်၊ ပုတတ်၊ ငါးရံ့၊ ဖား၊ ခရု၊ လိပ်နှင့် သင်းခွေချပ် စသည့် တိရစ္ဆာန်များကို စားသောက်လေ့ မရှိပေ။ ယင်းတလဲတို့တွင် ကရင်နီ မျိုးနွယ်စုဝင် တခြားသော မျိုးနွယ်စုများနှင့် တူညီသည့် ပွဲတော်များ ရှိသည်။ တော်သလင်းလတွင် ဒီးကူ (ကောက်ညှင်းထုပ်) ပွဲတော် (ခေါ်) လိပ်ပြာခေါ်ပွဲတော်၊ ကဆုန်လတွင် တံခွန်တိုင် ပွဲတော် (ခေါ်) မိုးခေါ်ပွဲတော်နှင့် တန်ခူးလတွင် ရေနတ်ကျွေးပွဲတော်ကို နှစ်စဉ် ကျင်းပလေ့ရှိသည်။

မြေနတ်ကျွေးပွဲတော် (ခေါ်) အမဲလိုက်ပွဲတော်၊ ကပ်ကြီး ၃ ပါး မကျရောက်အောင် ကာကွယ်သည့် အနေဖြင့် ရွာပြင်တွင် နွားတကောင် သတ်ပြီး ပူဇော် ရသည့် ပိုင်ငေါ် ပွဲတော်တို့ကိုလည်း ၃ နှစ်တကြိမ်၊ ၅ နှစ်တကြိမ် ကျင်းပလေ့ ရှိသည်။

အဆိုပါ ပွဲတော်များကို ရှေးဘုရင်ခေတ်ကတည်းက သတ်မှတ်ထားခဲ့သည့် လုဖု (မိုးနတ်သား)၊ ကန်ဖု (မြေနတ်သား)၊ ထိုက်ဖု (ရေနတ်သား) အနွယ်ဝင် ယင်းတလဲ အမျိုးသားများက ဦးဆောင် ကျင်းပရသည်။ ပယောဂဆရာ၊ နတ်ထိန်းများနှင့် ဗိန္ဒောဆရာများမှာ ဩဇာရှိသူများ ဖြစ်ကြသည်။

ယင်းတလဲတို့သည် တခြားသော တောင်ပေါ် တိုင်းရင်းသားများနည်းတူ အတီးအမှုတ် အကအခုန် ဝါသနာထုံ ကြသည်။ လူမှုရေးနှင့် ပတ်သက်၍ ရှင်ပြုခြင်း၊ ထိမ်းမြားခြင်း၊ အိမ်သစ်တက်ခြင်း စသည့် မင်္ဂလာပွဲများ၌ ရပ်ရွာမှ ဝိုင်းဝန်း လုပ်ကိုင်တတ်သည့် အလေ့အထရှိပြီး စုပေါင်း စိုက်ပျိုးခြင်း၊ စုပေါင်း အိမ်ဆောက်ခြင်းနှင့် စုပေါင်း ကခုန်ခြင်းတို့ကို ယနေ့တိုင် လုပ်ဆောင်နေကြဆဲ ဖြစ်သည်။

ယင်းတလဲ လူမျိုးတို့၏ အသုဘ အခမ်းအနားတွင် ကွယ်လွန်သူ ဘဝကူးကောင်းအောင် ဗိန်းမောင်းတီးပြီး တေးသီချင်းများ သီဆိုခြင်း၊ ဧယင်ကျူးခြင်းများ ပြုလေ့ရှိပြီး အသုဘကို  ၃ ရက်ထက် ပိုမထားဘဲ သင်္ဂြိုဟ်ကြ သည်။

ယင်းတလဲ အမျိုးသားများသည် အနား၌ အနီစ ကွပ်ထားသော အဖြူရောင် အကျႌနှင့် အဖြူရောင် ဘောင်းဘီ  ဝတ်ဆင်၍  ခေါင်းတွင် အနီရောင်ခေါင်းပေါင်း ပေါင်းလေ့ရှိပြီး အမျိုးသမီးများမှာ အဖြူရောင် အကျႌ၊ အနီကွက် ထဘီနှင့် အမည်းရောင် ခေါင်းပေါင်း ပေါင်းလေ့ရှိကာ ငွေပြားပုတီးစေ့၊ ပန်းစည်းကြိုးတို့ကို လည်ပင်းတွင် ဝတ်ဆင်လေ့ ရှိသည်။

လက်ရှိတွင် ယင်းတလဲ လူငယ်များမှာ ရိုးရာဝတ်စုံကို ပွဲလမ်းသဘင်များမှလွဲ၍ ကျန်အချိန်များတွင် ဝတ်ဆင်မှု မရှိသလောက် နည်းပါးသွားပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းတလဲလူမျိုး တဦးအနေဖြင့် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး အားနည်းမှု ရှိခဲ့ကြောင်း၊ တခြားသော ယဉ်ကျေးမှုများ ထိုးဖောက် ဝင်ရောက်လာသည့် လက်ရှိ အခြေအနေတွင် ရိုးရာယဉ်ကျေးမှုကို မထိန်းသိမ်း နိုင်တော့သဖြင့် ဝမ်းနည်း မိကြောင်း အသက် ၇၇ နှစ်အရွယ် ယင်းတလဲအဘိုးအို ရီရိုင်းက ဘာသာပြန်က တဆင့် ပြောဆိုသည်။

“ရိုးရာ ယဉ်ကျေးမှုတွေ ပျောက်လည်း ပျောက်ပါစေတော့ အဘိုးတို့လည်း မတတ်နိုင်တော့ဘူး” ဟု ၎င်းက မှတ်ချက်ပြု ပြောဆိုသည်။

ယင်းတလဲတို့သည် တောင်ပေါ် တိုင်းရင်းသားများ ဖြစ်သော်လည်း သံလွင်မြစ် အနောက်ဘက်ခြမ်းနှင့် ပွန်ချောင်း အကြား စိုက်ပျိုးရေး ဖြစ်ထွန်းသည့် မြစ်ဝှမ်းတလျှောက်တွင် နေထိုင်လေ့ရှိပြီး အသက်မွေး ဝမ်းကျောင်းမှု အဖြစ် နှမ်း၊ ပြောင်း၊ ကောက်၊ ပဲ၊ တောင်ယာစပါးတို့ စိုက်ပျိုးပြီး သစ်ခုတ်ခြင်း၊ တောင်ယာ ခုတ်ခြင်းတို့ လုပ်ကိုင်ကြလေ့ ရှိသည်။

ကန္တာရဝတီ တိုင်းဌာနေ ကယားပြည်နယ်သို့ ဘီစီ ၇၃၉ ခန့်မှစ၍ ပြောင်းရွှေ့ အခြေချခဲ့သော တိဗက်မြန်မာ အုပ်စုမှ ဆင်းသက်လာသည်ဟု ယူဆ ရသည့် ယင်းတလဲ လူမျိုးစုမှာ ယခင်က လူဦးရေ အများအပြား ရှိခဲ့သော်လည်း လက်ရှိတွင် လူဦးရေ ၉၀ဝ ခန့်သာ ကျန်ရှိတာ့ကြောင်း သိရသည်။

ကယား (ကရင်နီ) မျိုးနွယ်စုဝင် ကယား၊ ကယန်း (ပဒေါင်)၊ ကယော (ပါးရဲ)၊ ယင်းတလဲ၊ ယင်းဘော်၊ မနုမနော၊ ဇယိမ်း၊ ဂေခို၊ ဂေဘား စသည့် လူမျိုးစု ၉ စုတွင် ယင်းတလဲမှာ ရှေးအကျဆုံးနှင့် လူဦးရေအနည်းဆုံး မျိုးနွယ်စု လည်း ဖြစ်သည်။

ကယားပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး (ယင်းတလဲအမည် နရိုင်း) က လက်ရှိတွင် ဘော်လခဲ မြို့နယ်၊ စလဲလုံကျေးရွာ၊ ဘော်လခဲမြို့ရှိ ကယားပိုင်း ရပ်ကွက်နှင့် ဖားဆောင်းမြို့နယ်၊ ဝမ်အောင်းကျေးရွာ တို့တွင် ယင်းတလဲလူမျိုးများ အများဆုံး အခြေချ နေထိုင်လျက်ရှိကြောင်း ဧရာဝတီသို့ပြောကြားသည်။

ဘော်လခဲ မြို့နယ်အတွင်းရှိ စောလုံ၊ ဝမ်ဗလ၊ လွယ်ဝိန်း ကျေးရွာတို့၌လည်း ယင်းတလဲ လူမျိုး အနည်းငယ် ပျံ့နှံ့နေထိုင်လျက်ရှိကြောင်း သိရသည်။

ယခင်က လူမျိုးကြီးတခု ဖြစ်ခဲ့သော စော်ဘွားအနွယ်ဝင် ယင်းတလဲတို့သည် ရိုးရာထိန်းသိမ်းမှု အားနည်းခဲ့ပြီး ၎င်းတို့၏ ဓလေ့ထုံးစံ တချို့ကြောင့်လည်း လူဦးရေ နည်းပါးလာရခြင်း ဖြစ်ကြောင်း ဒေသခံ ယင်းတလဲများက ပြောဆိုသည်။

ယင်းတလဲ တဦးသည် တခြားသော လူမျိုးနှင့် အိမ်ထောင်ပြုပြီး ယင်းတလဲရိုးရာ ဓလေ့ထုံးစံအတိုင်း ဆက်လက်နေထိုင်ခြင်း မရှိပါက ၎င်းကို ယင်းတလဲ လူမျိုးအဖြစ် မသတ်မှတ်တော့ပေ။

“ယင်းတလဲ တယောက်က ရှမ်းနဲ့ယူလိုက်တယ်၊ သူက ရှမ်းဘက်မှာ နေတယ်၊ ကျနော်တို့ လုပ်သလိုမျိုး ရိုးရာယဉ်ကျေးမှုကို လိုက်မလုပ်တော့ဘူး ဆိုရင် ဒါ ယင်းတလဲလို့ ပြောလို့ မရတော့ဘူး” ဟု ယင်းတလဲ အမျိုးသား ကိုရိုင်းက ဆိုသည်။

ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက ယင်းတလဲ လူမျိုးများသည် တခြား တိုင်းရင်းသားများထက် ပိုမိုတင်းကျပ်သော ဓလေ့ ထုံးစံများ ရှိနေပြီး မောင်နှမ နှစ်ဝမ်းကွဲ၊ သုံးဝမ်းကွဲ အချင်းချင်း အိမ်ထောင် မပြုရကြောင်း၊ တားမြစ်ထားသည့်ကြားက အိမ်ထောင်ပြုလိုက်ပါက မိသားစု အသိုင်းအဝိုင်းမှာ ဝိုင်းကြဉ်ထားသဖြင့် တခြားရပ်ရွာသို့ ပြောင်းရွှေ့ နေထိုင်ရကြောင်း ဧရာဝတီသို့ ပြော ကြားသည်။

ယင်းသို့သော ဓလေ့ထုံးစံများကြောင့် ယင်းတလဲ လူမျိုးများ နည်းပါးလာရ သကဲ့သို့ ဂျပန်ခေတ်က  ဖြစ်ပွားခဲ့သော ကပ်ရောဂါတခု  ဖြစ်သည့် ကျောက်ရောဂါ ဖြစ်ပွားမှုကြောင့်လည်း လူဦးရေ လျော့နည်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဘိုးအို ရီရိုင်းက “ယင်းတလဲ လူဦးရေက အရင်တုန်းက များတယ်။ ဂျပန်တွေ ဝင်ပြီးတဲ့နောက်ပိုင်း လူတွေ ကွဲသွားကုန်တာ။ အဲဒီတုန်းက ကျောက်ရောဂါ ဖြစ်ပြီး လူအသေအပျောက် များခဲ့တဲ့ အတွက် လူနည်းသွားတာ” ဟု စကားပြန်က တဆင့် ဧရာဝတီကို ရှင်းပြသည်။

ထို့အပြင် ကျေးလက်ဒေသမှ ယင်းတလဲလူမျိုး တချို့မှာ မြို့သို့ ပြောင်းရွှေ့ အခြေချပြီးနောက် ကယားလူမျိုး အဖြစ် ခံယူလိုက်ခြင်းသည်လည်း လူဦးရေ နည်းပါးစေသည့် အချက်တချက် ဖြစ်သည်။

ဘော်လခဲ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအေးမောင် (ယင်းတလဲအမည် ကော်ရိုင်း) က “ကျနော်တို့ လူမျိုးက အရင်ကတည်းကလည်း လူဦးရေ နည်းခဲ့တယ်။ အဘိုးအဘွားတွေကို အပြစ်တင် ပြောတာ မဟုတ်ဘူး။ သူတို့လည်း ခေတ်ပညာ မတတ်ရှာတော့ ထိန်းသိမ်းရကောင်းမှန်းလည်း မသိခဲ့ဘူး။ ကိုယ့်ရဲ့ လူမျိုး၊ ကိုယ့်ရဲ့ စာပေ၊ ကိုယ့်ရဲ့ ယဉ်ကျေးမှုကို လက်ဆင့် ကမ်းရကောင်းမှန်းလည်း မသိဘူး။ အခုက ကျနော်တို့ လူမျိုးတွေ တဖြည်းဖြည်း နည်းပါးလာတဲ့သဘော သက်ရောက်လာတယ်” ဟု ပြောသည်။

ထိုသို့  လူဦးရေ  နည်းပါးသွားသည့် အတွက် ယင်းတလဲတို့၏ ဓလေ့စရိုက်တချို့လည်း ပျောက်ကွယ်သွား ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဘော်လခဲမြို့နယ်၊ ရွာသစ်ကျေးရွာ အနီး သံလွင် မြစ်ပေါ်တွင် တည်ဆောက်မည့် ရွာသစ် ရေအားလျှပ်စစ် စီမံကိန်း ကဲ့သို့ ကြီးမားလှသည့် သယံဇာတ ထုတ်ယူမှုများသည်လည်း မြစ်ဝှမ်းဒေသ၌ စိုက်ပျိုးရေးကို အဓိက ထားပြီး အသက်မွေးဝမ်းကျောင်း ပြုနေရသည့် ယင်းတလဲ လူမျိုးစုကို ခြိမ်းခြောက်နေသည့် အကြောင်းအရာ တရပ် ဖြစ်လာသည်။

ကရင်နီပြည်နယ် လူငယ်များသမဂ္ဂ (UKSY) မှ ကိုဥတ္တရအောင်က ရွာသစ်ဆည် တည်ဆောက်ရန် တရုတ် ကုမ္ပဏီက လာရောက်လေ့လာမှုများ ရှိခဲ့ပြီး ယင်းစီမံကိန်း အကောင်အထည် ဖော်မည် ဆိုပါက ဆည်အောက် ဘက်ရှိ ယင်းတလဲကျေးရွာများ ပြောင်းရွှေ့ရမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ပြောကြားသည်။

“သတ်မှတ်ပေးတဲ့နေရာ ရွှေ့ပြောင်းရမယ် ဆိုပါစို့။ အဲဒီမှာ သူတို့ ပိုင်ဆိုင်ခဲ့တဲ့ လယ်ယာမြေတွေ၊ သူတို့ ကျင်လည်ဖြတ်သန်းခဲ့တဲ့ စီးပွားရေးတွေက ဟို ဘဝသစ်မှာ လတ်တလော မဖြစ်နိုင်ဘူးလို့ ကျနော် တို့က သုံးသပ်တယ်။ အဲဒီလို ဖြစ်လာရင်တော့ နဂိုကတည်းက လူဦးရေ အနည်းပါးဆုံးနဲ့ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ဒီ ယင်းတလဲလူမျိုးစုတွေ အတွက် အရမ်း ထိခိုက်နာကျင်စေမယ့် ဆိုးကျိုးတွေ အများကြီး ဖြစ်လာစေမယ်လို့ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းတလဲဒေသတွင် ရေကာတာများ၊ ဆည်များ တည်ဆောက်ခဲ့ပါက ကျေးရွာများ ရွှေ့ပြောင်းရခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး လူဦးရေ ၉၀ဝ ခန့်သာ ရှိတော့သည့် ဌာနေ တိုင်းရင်းသား ယင်းတလဲ လူမျိုးများ ပျောက်ကွယ်သွားနိုင်ကြောင်း ကရင်နီ ဖွံ့ဖြိုးရေး သုတေသနအဖွဲ့ (KDRG) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတလဲတို့သည် အသက်မွေးဝမ်းကျောင်း အတွက် အဓိက အမှီသဟဲပြုနေရသော တောတောင် ရေမြေ စိမ့်စမ်းနှင့် သဘာဝ ပတ်ဝန်းကျင်ကို အထူး တန်ဖိုးထားကြပြီး ယင်း တောတောင်များကို စောင့်ရှောက်ပေး သည့် တောစောင့်နတ်၊ တောင်စောင့်နတ် တို့ကိုလည်း အလေးအနက်ထား ရိုသေ ကိုင်းရှိုင်းကြကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းတလဲ လူမျိုးစုတွင် ဘာသာစကား ရှိသော်လည်း စာပေ မရှိခဲ့သဖြင့် ရှေးယခင်ကတည်းက မြန်မာ အက္ခရာများကိုသာ အသုံးပြုခဲ့ကြကြောင်း သိရသည်။

ရှေးဘုရင်များ လက်ထက်က ကြက်ယက်စာနှင့် ဆင်တူသည့် ယင်းတလဲစာပေ သီးသန့်ရှိခဲ့ဖူးပြီး ပေ၊ ပုရပိုက်များဖြင့် ရေးမှတ်ထားခြင်း မရှိဘဲ နွားသားရေ ပေါ်တွင် ရေးမှတ်ခဲ့ကြောင်း၊ ယင်း နွားသားရေကို ခွေးများ စားသွား၍ မှတ်တမ်းမှတ်ရာ မကျန်တော့ဘဲ စာပေ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ကြောင်း ပါးစပ် ရာဇဝင်များအရ သိရသည်။

ယင်းတလဲ စာပေ မရှိခြင်းကြောင့် မျိုးနွယ်စုဝင်များ နည်းပါးလာရသည်ဟု ယင်းတလဲလူမျိုး အများစုက လက်ခံ ယုံကြည်ထားကြပြီး ယခုအခါ ယင်းတလဲ အက္ခရာ ထွက်ပေါ်လာရန် စတင်ကြိုးပမ်း နေကြပြီ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကယားပြည်နယ်နေ့ အခမ်းအနားတွင် ယင်းတလဲ အကအဖွဲ့ကို ပါဝင် ဖျော်ဖြေပေးရန် ပြည်နယ်ဝန်ကြီး ဦးချစ်လှက ဖိတ် ခေါ်ခဲ့ကြောင်း၊ တိမ်မြုပ်ပျောက်ကွယ်လုဖြစ်နေသည့် ယင်းတလဲ ရိုးရာယဉ်ကျေးမှု ပြန်လည်ဖော်ထုတ်ရန်လည်း လူငယ်များကို တိုက်တွန်းခဲ့ကြောင်း၊ ထိုအချိန် မှစ၍ ယင်းတလဲ စာပေ ထွက်ပေါ်လာရေး ကြိုးပမ်း ခဲ့ကြခြင်း ဖြစ်ကြောင်း ယင်းတလဲ လူငယ်များထံမှ သိရှိရသည်။

ယင်းတလဲလူငယ် ကိရိုင်းက “စာပေ ရှိလာခဲ့ရင် ကျနော်တို့ လူမျိုးလည်း မပပျောက်ဘူး။ ဘာသာ စကားလည်း မပျောက်ဘူး။ အခုက ကျနော်တို့ အချင်းချင်း ဗမာစကားပဲ ပြောနေကြတော့ မိခင် ဘာသာစကား ယင်းတလဲ စကားက ပျောက်နေကြတယ်။ သိပ် မပြောဖြစ်တော့ဘူး။ ကြာလာရင် ကျနော်တို့ လူမျိုး ပျောက်လိမ့်မယ်” ဟု ဆိုသည်။

လက်ရှိတွင် ဘော်လခဲမြို့မှ ယင်းတလဲလူငယ် ၆ ဦးမှာ ကရင်နီဒုက္ခသည် စခန်းရှိ Karenni Community College ၏ ကျောင်းခွဲဖြစ်သည့် ဒီးမောဆိုး မြို့မှ ဆယ်သဲ သင်ယူလေ့လာရေး ဆုံရပ်သင်တန်းကျောင်း၌ ကယား (ကရင်နီ) စာပေ လေ့လာသင်ယူ နေကြပြီး ယင်းစာပေမှ ကျယ်ဖိုးကြီး အက္ခရာကို အခြေခံ၍ ယင်းတလဲအက္ခရာကို ဆန်းသစ်တီထွင် သွားကြမည်ဖြစ်ကြောင်း သိရသည်။

ယင်းတလဲစာပေထွက်ပေါ်လာပါက ယင်းတလဲ မျိုးနွယ်စုဝင် အချင်းချင်း စကားပြောဆိုရာ၌ ဒေသ အလိုက် အသံထွက် ကွဲပြားနေမှုများကို ညှိနှိုင်း တိုင်ပင်ပြီး ဘာသာစကားတမျိုးတည်းဖြစ်လာအောင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သင်တန်းသား ယင်းတလဲလူငယ် ရှီးဖက ရှင်းပြသည်။

လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်က လူမျိုးတမျိုးတွင် စာပေတခု ရှိသင့်ကြောင်း၊ အစိုးရ အနေဖြင့် တိုင်းရင်းသား လူနည်းစုများ အားလုံးကို ဘက်ပေါင်းစုံမှ ကူညီ ဖြည့်ဆည်းပေးသင့်ကြောင်း ပြောဆိုသည်။

ဆယ်သဲသင်တန်းကျောင်းမှ ယင်းတလဲ အမျိုး သမီး စမိန်းက “ဒီ ယင်းတလဲစာပေ ဖြစ်ဖို့ဆိုတာ တအားကို ကြိုးစားရမှာ။ လွယ်လွယ်လေးနဲ့လည်း မဖြစ်နိုင်ဘူးပေါ့နော်။ အကုန်လုံးက ပူးပေါင်းဆောင် ရွက်မှ ဖြစ်နိုင်မယ်။ ကိုယ်လုပ်ပေးနိုင်ပါ့မလားဆိုတာ ကို စိုးရိမ်စိတ်တော့ နည်းနည်းရှိတယ်” ဟု ပြောဆို သည်။

ယင်းတလဲစာပေ ထွက်ပေါ်လာရေးအတွက် လွိုင်ကော်မြို့အခြေစိုက် ကယား အမျိုးသားစာပေ နှင့် ယဉ်ကျေးမှုကော်မတီမှ ပူးပေါင်းကူညီဆောင်ရွက် ပေးသွားမည်ဟု သိရသည်။

ကယား အမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော် မတီဥက္ကဋ္ဌ ဦးပလူးရယ်က “ပထမ အချက်ကတော့ သူတို့စာပေ တိတိကျကျ ရှိဖို့လိုတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ လေယူလေသိမ်းတွေက ဒီစာပေနဲ့ပဲ ရေးမှတ်မှပဲ ရမယ်။ နောက်ပြီး သူတို့ သမိုင်းကြောင်း ကို ရနိုင်သလောက် ပြန်ဖော်ဖို့လိုတယ်။ ရိုးရာ ယဉ် ကျေးမှုတွေကို ပြန်ထိန်းသိမ်းဖို့လိုတယ်။ နောက်တခု ကတော့ လူဦးရေ နည်းနည်းပွားများလာအောင် လုပ်ဖို့လိုတာပေါ့” ဟု အကြံပြုသည်။

ဇာတိမြေကို စွန့်ခွာ၍ တခြားဒေသသို့ သွား ရောက်အလုပ်လုပ်ကိုင်လေ့ မရှိသလောက် နည်းပါး ခြင်း၊ လက်နက်ကိုင်တော်လှန်မှု မရှိခြင်း၊ ရှိသမျှနှင့် ရောင့်ရဲ တင်းတိမ်တတ်ခြင်းတို့သည် ယင်းတလဲ လူမျိုးတို့၏ ထူးခြားမှုများဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်က လူမျိုးပျောက်ကွယ်မည့်  အရေးနှင့်  ပတ်သက်ပြီး “ကျနော်တို့ခေတ် ကျနော်တို့ လက်ထက်မှပဲ ကိုယ့် လူမျိုး ပျောက်ရတယ်ဆိုတဲ့ အဖြစ်မျိုးတော့ အဖြစ် မခံနိုင်ပါဘူး။ ကျနော်တို့အတွက်လည်း သမိုင်းကြောင်း မကောင်းနိုင်ဘူးလေ။ ဒီလိုဖြစ်ရတာ အဓိကçက ဒေသမဖွံ့ဖြိုးလို့၊ ပညာရေးမှာ အားနည်းခဲ့လို့ပဲ” ဟု ပြောဆိုသည်။     ။

Loading