ကက်သလစ် ခရစ်ယာန် သာသနာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗာတီကန် နန်းတော် ရဟန်း အမတ် (Cardinal) ၂၀ ကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံမှ ကက်သလစ် ခရစ်ယာန်ဘာသာ ရန်ကုန်ဂိုဏ်းချုပ် သာသ နာ ဆရာတော်ကြီး ချားလ်စ်မောင်ဘိုလည်း ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံသား ကက်သလစ် ခရစ်ယာန်ဘာသာဝင် ဆရာတော်တပါး ပထဆုံးအကြိမ် ရဟန်းအမတ် ကာဒီနယ် အဖြစ် အရွေးခံရခြင်းဖြစ်သည်။ အဆိုပါသတင်းကို ကြား၍ မြန်မာ ကက်သလစ် ခရစ်ယာန်အသိုင်းအဝိုင်းတွင် ဂုဏ်ယူစရာ သတင်း ဖြစ်လာခဲ့ပြီး သာသနာဆရာတော်ကြီး ချားလ်စ်မောင်ဘို၏ ရုံးခန်းတွင်လည်း လာရောက်ဂုဏ်ပြုသူများနှင့် စည်ကားနေခဲ့သည်။
ကက်သလစ် ခရစ်ယာန် ယုံကြည်ကိုးကွယ်သူများသည် မြန်မာနိုင်ငံတွင် လူဦးရေ စုစုပေါင်း ၅၁ သန်း၌ တစ်ရာခိုင်နှုန်းသာ ရှိသည်။ ရောမမြို့ရှိ ပုပ်ရဟန်းမင်း သီတင်းသုံးရာ ဗာတီကန် နန်းတော်တွင် ကာဒီနယ် ခေါ် ရဟန်းအမတ်များကို ပုပ် ရဟန်း မင်းကြီးက တိုက်ရိုက်ခန့်အပ်ပြီး ပုပ်ရဟန်းမင်း ပျံတော်မူလျင် ကာဒီနယ်များက ပုပ်ရဟန်းမင်းနေရာအတွက် မိမိတို့ထဲမှ တပါးကို ရွေးချယ်ပြီး တင်မြှောက်ခွင့်နှင့်မဲပေးခွင့် ရှိကြောင်း သိရှိရသည်။
“ကမ္ဘာကြီးမှာ နေထိုင်နေကြတဲ့သူအားလုံးက မိသားစုဝင်တွေပဲ။ အချင်းချင်းကူညီကြမယ်။ ပံ့ပိုးကြမယ်။ အေးအတူ ပူအမျှ ဖြစ်စေရမယ်။ အဲဒီသဘောမျိုးနဲ့ မြန်မာကို ကမ္ဘာက အရေးပေးဖို့အတွက် ရွေးချယ်တာလည်း ပါပါတယ်။ မြန်မာနိုင်ငံမှာ ကက်သလစ် ဘာသာဝင် အရေအတွက်အနေနဲ့ ရှစ်သိန်းလောက်ပဲ ရှိပါတယ်။ ဘန်ကောက်နဲ့စာရင်တော့ နှစ်ဆလောက် ပိုများတယ်။ အရေးပေးချင်တာ အချက်တချက်ရယ်၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒုက္ခရောက်တဲ့သူတွေကို ပိုပြီးတော့ သနားညှာတာပြီး ဦးစားပေးတယ်။ ချစ်တယ်။ မြန်မာပြည်အနေနဲ့ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေတဲ့အချိန်မှာ သူ့အနေနဲ့ ဦးစားပေးတယ်ဆိုတဲ့ အကြောင်းလည်း ပါပါတယ်” ဟု ချားလ်စ်မောင်ဘိုက မြန်မာ့သတင်းစဉ်နှင့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုကြောင်း ဇန်နဝါရီလ ၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
လက်ရှိ ပုပ်ရဟန်းမင်းကြီးသည် အာဂျင်တီးနားမှ ဖရန်စစ်သည် ယခုကဲ့သို့ မြန်မာ၊ ဗီယက်နမ်အစရှိသော အာရှနိုင်ငံများ နှင့် အာဖရိကနိုင်ငံများတွင်လည်း ကာဒီနယ်များ ခန့်အပ်ခြင်းသည် ကမ္ဘာအရပ်ရပ်ရှိ ကွဲပြားခြားနားသော ဒေသများသို့ ကက်သလစ်ဘာသာ ပျံ့နှံ့နေမှုကို ထင်ဟပ်စေသည်။
အသက် ၆၆ နှစ်ရှိ မြန်မာဆရာတော် ချားလ်စ်မောင်ဘိုသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဗာတီကန် နန်းတော်၌ အခြားကာဒီနယ်များနှင့်အတူ တရားဝင် အသိအမှတ်ပြုခံရမည်ဖြစ်သည်။
ရန်ကုန်ဂိုဏ်းချုပ် သာသနာဆရာတော်ကြီး ချားလ်စ်ဘိုကို အဖ ဦးဂျွန် အမိ ဒေါ်အေးတင်တို့မှ ၁၉၄၈ ခု အောက် တိုဘာ ၂၉ ရက်နေ့တွင် ရွှေဘိုခရိုင် ရေဦးမြို့ မုံလှရွာတွင် မွေးဖွားခဲ့သည်။ မုံလှရွာဆိုသည်မှာ ရေဦးမြို့ အနောက်ဖက် ၁၄မိုင်ခန့် အကွာတွင်တည်ရှိပြီး ၁၆၃၅ ခုနှစ် သာလွန်မင်းလက်ထက် အင်းဝရှိ ပေါ်တူဂီများကို ချင်းတွင်းမြစ်နှင့် မူးမြစ်ကြား ပို့ဆောင်ခဲ့သည့် ရွာ ၁၃ ရွာတွင် တရွာအပါ အဝင်ဖြစ်၏။ ယနေ့တိုင် မုံလှ၊ ချမ်းသာ ၊ မေဂွန်၊ နဘက်၊ ချောင်းဦး စသည်ရွာများတွင် ပေါ်တူဂီအနွယ်ဝင် ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းကြီးများ အထင်အရှား ရှိနေသေး၏။
ထိုအချိန်ကတည်းကပင် ၎င်းရွာများရှိ ပေါ်တူဂီများနှင့် ဘရင်ဂျီဘာသာ ဝင်များကို ဘာသာရေးအရ ထိန်းသိမ်းစောင့် ရှောက်ရန် ပုပ်ရဟန်းမင်းကြီး၏ ရောမသာသနာမှ ပေါ်တူဂီ၊ အီတလီ၊ ပြင်သစ် ဆရာတော်များကြီးကို စေလွှတ်ကာ အုပ်ချုပ်ခဲ့ကြရာ ၁၉၆၂ ခုနှစ်က တော်လှန်ရေးကောင်စီ အာဏာသိမ်းသည့်အချိန်အထိဖြစ်သည်။
ဆရာတော် ချားလ်စ်ဘိုသည် မှန်သည်ထင်ရာကို ပြောတတ်သူ၊ ကွဲပြားခြားနားမှုပေါင်းစုံနှင့် သပ္ပါယ မျှတအောင် နေတတ်သူ တဦးအဖြစ် လူသိများသည်။
ဗြိတိန်အခြေစိုက် ဘာသာရေး လွတ်လပ်ခွင့်အဖွဲ့ Christian Solidarity Worldwide မှ Benedict Rogers က “မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေး၊ ဘာသာရေး လွတ်လပ်ခွင့်၊ ဒီမိုကရေစီ၊ ဆင်းရဲမွဲတေမှု၊ လူကုန်ကူးမှုနဲ့ မတရားမှု တွေအကြောင်း ဗြောင်ပြောကြတဲ့ ဘာသာရေးခေါင်းဆောင်တွေထဲက ရှေ့တန်းရောက်သူတဦးပါ”ဟု မှတ်ချက်ပေး ကြောင်း AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။
ဆရာတော် ချားလ်စ်ဘိုအား ယခုကဲ့သို့ ရဟန်းအမတ် ကာဒီနယ် အဖြစ် အရွေးခံရခြင်းသည် အညာဒေသရှိ မုံလှရွာ အတွက် ဂုဏ်ယူစရာ ဖြစ်သည်။ဆရာတော် ချားလ်စ်ဘိုသည် ဇာတိ မုံလှရွာ မူလတန်းကျောင်းတွင် ပညာသင်ကြားပြီး နောက် ၁၉၆၂ ခုနှစ်တွင် ပြင်ဦး လွင်မြို့ အနီးစခန်းရှိ နာဇရက် ဆလေးရှင်း ရဟန်းဖြစ်သင်ကျောင်းတွင် တက်ရောက် သင်ကြားခဲ့သည်။
ထိုစဉ်က ဆရာတော် ချားလ်စ်ဘို၏ အသက်မှာ ၁၄ နှစ်ပင်ရှိသေး၏။ ထိုနောက် ၁၉၇၆ခုနှစ် ဧပြီလ ၉ရက်နေ့တွင် လားရှိုးမြို့ ၌ ရဟန်းသိက္ခာခံယူ၏။၁၉၈၁ ခုနှစ်အထိ ကျောင်းထိုင်ဘုန်းကြီးအဖြစ် တာဝန်ထမ်းဆောင်ရာမှ ၁၉၈၅- ၁၉၈၆ ခုနှစ်တွင် လားရှိုးသာသနာ၏ အုပ်ချုပ် စီမံခန့်ခွဲရေးမှူးဖြစ်လာသည်။ ၁၉၉၀ ခုနှစ် ဒီဇင်ဘာတွင် လားရှိုး သာသနာ ဆရာတော်အဖြစ် သိက္ခာခံယူပြီး၊ လားရှိုးသာသနာတာဝန်ခံ အကြီးအမှူး မွန်ဆီညှော်အဖြစ် တာဝန်ယူခဲ့၏။
၁၉၉၆ ခုနှစ်တွင် ပုသိမ်သာသနာသို့ ပြောင်းရွေ့ကာ တာဝန်ယူရပြန်သည်၊ ၂၀၀၂ ခုနှစ်တွင် အထက်မြန်မာ နိုင်ငံ မန္တလေးဂိုဏ်းအုပ် သာသနာ စီမံခန့်ခွဲရေး တာဝန်စတင်ထမ်းဆောင် ခဲ့သည်။ ထိုနောက် ၂၀၀၃ ခုနှစ် ဇွန်လမှ စတင်ကာ ရန်ကုန်ကစ်သလစ်သာသနာ ဂိုဏ်းချုပ်ဆရာတော်ဖြစ်လာခဲ့ရာ ၂၀၁၅ ခုနှစ် တွင် ရဟန်းအမတ် (ကာဒီနယ်) အဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရွေးချယ်ခဲ့လေသည်။
Reuters သတင်းတပုဒ်တွင် ဆရာတော်သည် ဗုဒ္ဓဘာသာအများစုနေထိုင်သည့် မြန်မာနိုင်ငံတွင် ဘာသာရေး အစွန်းရောက် မှုများ ခေါင်းထောင်လာခြင်းသည် တိုင်းပြည်က အမှန်တကယ် လိုအပ်နေသော အပြောင်းအလဲများကို တုန့်နှေးစေကြောင်း ပြောဆိုသတိပေးသည်ဟု ရေးထားသည်။ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများ၏ ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များအပေါ် ခွဲခြားနှိပ်ကွပ်နေခြင်းများသည် အရှည်တွင် အပြည်ပြည်ဆိုင်ရာအကြမ်းဖက်ဝါဒီများ၏ “လက်စားချေ တုန့်ပြန်မှု”ကို ဖြစ်လာနိုင်စေကြောင်း ပြောသည်။
“အခုအချိန်ထိတော့ သူတို့ ငြိမ်နေကြတယ်။ သူတို့ တကယ်လုပ်လာရင် သွေးထွက်သံယို အကြမ်းဖက်တာတွေ၊ အသေခံ ဗုံးခွဲတာတွေ ဖြစ်လာနိုင်တယ်” ဟု ဆရာတော် ချားလ်စ်ဘိုက Reuters သတင်းဌာနကို ပြောသည်။
ဆရာတော်ကြီး ချားလ်စ်ဘို ကာဒီနယ်အဖြစ် ရွေးချယ်ခံရချိန်သည် ကက်သလစ်ခရစ်ယာန်သာသာနာ မြန်မာမြေ ရောက်ခြင်း နှစ် ၅၀၀ ပြည့် အထိမ်းအမှတ်နှင့်လည်း တိုက်ဆိုင်နေသည်။
ဆရာတော်ကြီး ချားလ်စ်ဘိုသည် ကာဒီနယ်တာဝန်များကို လာမည့် ဖေဖေါ်ဝါရီလတွင် စတင်တာဝန်ထမ်းဆောင်မည် ဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် ပုပ်ရဟန်းမင်းကြီး၏ ဗာတီကန် သမ္မတနိုင်ငံတို့မှာ သံတမန်အဆက်အသွယ်မရှိသည့်အတွက် ထိုင်းနိုင်ငံအခြေစိုက် ဗာတီကန်သမ္မတနိုင်ငံ၏ ရုံးတွင် သွားရောက်အခြေချ တာဝန်ထမ်းဆောင်ဖွယ်ရှိသည်ဟု သိရသည်။
(ဧရာဝတီ သတင်းထောက် လင်းသန့် ပူးပေါင်းရေးသားသည်)