မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် အာဆီယံ ပြည်သူ့ဖိုရမ် တတိယအကြိမ် ဒေသတွင်း အကြိုညှိနှိုင်း အစည်းအဝေး (3rd Regional Consultation Meeting) သို့ မြန်မာနိုင်ငံ အာဆီယံဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (MCSCGA) မှ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
တတိယအကြိမ် ဒေသတွင်း အကြိုညှိနှိုင်း အစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။
၂၀၁၅ ခုနှစ် အာဆီယံအရပ်ဘက် လူမှုအဖွဲ့အစည်းများ ညီလာခံ/အာဆီယံ ပြည်သူ့ဖိုရမ် (ASEAN Civil Society Conference/ASEAN People’s Forum) အတွက် ကြိုတင်ပြင်ဆင်မှုများ စတင် ဆောင်ရွက်လျက်ရှိရာ ဒေသတွင်း ကြိုတင် ညှိနှိုင်းအစည်းအဝေးများသို့ မြန်မာနိုင်ငံရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကိုယ်စား MCSCGA မှ ရွေးချယ်တာဝန် ပေးခံရသူများက ပုံမှန် ပါဝင်တက်ရောက်နေကြောင်း ယင်းကိုယ်စားလှယ်များက ပြောသည်။
MCSCGA အဖွဲ့ဝင်တဦးဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်က “၂၀၁၅ အတွက် ဒေသတွင်းအဆင့် အာဆီယံ ဆယ်နိုင်ငံ အတိုင်းအတာ အနေနဲ့ ပါဝင်ဦးဆောင် ဆွေးနွေးတဲ့အခါမှာ မြန်မာနိုင်ငံက ၇ ဦး ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ တတိယအကြိမ် အစည်းအဝေးကိုလည်း ၇ ယောက်စလုံး တက်နိုင်အောင် ကြိုးစားပါမယ်” ဟု ပြောသည်။
မြန်မာနိုင်ငံမှ ဒေသတွင်းကျင်းပရေး ပဲ့ကိုင်ကော်မတီတွင် ၂ ဦး၊ အာဆီယံ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ညီလာခံ/ အာဆီယံ ပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေး တာဝန်ယူဆောင်ရွက်ရသည့် ကော်မတီတွင် ၂ ဦး၊ ဖိုရမ်၏ ထုတ်ပြန်ချက် မူကြမ်းရေးဆွဲရေး ကော်မတီတွင် ၂ ဦးနှင့် သတင်းပြန်ကြားရေး အဖွဲ့တွင် ၁ ဦး၊ စုစုပေါင်း ၇ ဦး ပါဝင်ဆောင်ရွက် လက်ရှိသည်ဟု ယင်းက ဆိုသည်။
MCSCGA ကို နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အာဆီယံ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ညီလာခံ/အာဆီယံ ပြည်သူ့ဖိုရမ် အပါအဝင် အာဆီယံ အရေးကိစ္စများတွင် မြန်မာနိုင်ငံရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အနေဖြင့် စဉ်ဆက်မပြတ် ထိတွေ့ပြီး ရှေ့ဆက် ပါဝင်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၇ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ပထမဦးဆုံးအကြိမ်အဖြစ် အာဆီယံ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ညီလာခံ/အာဆီယံ ပြည်သူ့ဖိုရမ် ကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့တွင် လက်ခံကျင်းပနိုင်ခဲ့ပြီး ယင်းညီလာခံ အပြီးတွင် MCSCGA အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
“အာဆီယံနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကြားထဲမှာ အသိအမြင်ပေးဖု့ိရယ်၊ အာဆီယံနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်နေတဲ့ ဘယ်နိုင်ငံမှာပဲ အလှည့်ကျ အလှည့်ကျ မြန်မာနိုင်ငံရဲ့ ပြည်သူတွေရဲ့အသံ၊ မြန်မာနိုင်ငံရဲ့ CSOs တွေရဲ့ အသံတွေကို ဖော်ဆောင်နိုင်ဖို့ရယ်၊ အာဆီယံ အစိုးရတွေက ကျနော်တို့ပြောထားတဲ့ တင်ပြချက်တွေ၊ အကြံပြုချက်တွေကို ဘယ်လောက်အထိ လေးစားလိုက်နာသလဲ ဆိုတာကို နောက်ဆက်တွဲ စောင့်ကြပ်ဖို့ရယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါ်လာတာဖြစ်ပါတယ်” ဟု MCSCGA အဖွဲ့ဝင် ဦးအောင်မျိုးမင်းက ပြောသည်။
၂၀၁၅ ခုနှစ်၊ ဧပြီလတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ပြုလုပ်မည့် အာဆီယံ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ညီလာခံ/အာဆီယံ ပြည်သူ့ဖိုရမ်ကို မြန်မာနိုင်ငံ ကိုယ်စားပြု CSOs ကိုယ်စားလှယ် ၃၀ ယောက်ခန့် တက်ရောက်နိုင်ရန် မျှော်မှန်းထားကြောင်း MCSCGA အဖွဲ့ဝင်များက ပြောသည်။
“ဆွေးနွေးမယ့် အကြောင်းအရာတွေကတော့ မနှစ်တုန်းကလိုပဲ အဓိက ဒေသတွင်းမှာ လက်ရှိဖြစ်နေတဲ့ ဖွံ့ဖြိုးရေး အခြေခံပြီးတော့ အဲဒီပေါ်မှာ ဖြစ်လာတဲ့ အငြင်းပွားမှုတွေ၊ လယ်မြေကိစ္စ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့ အကြောင်းအရာတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ဒီမိုကရေစီ လုပ်ငန်းအတွင်းမှာ ဘာတွေဖြစ်နေလဲ။ ဒေသတွင်းမှာရှိတဲ့ လူ့အခွင့်အရေး ဆိုင်ရာကိစ္စတွေ ဆွေးနွေးနိုင်မယ်လို့တော့ မျှော်လင့်ထားတယ်။ သေချာတော့ မသိသေးပါဘူး” ဟု ဒေသတွင်းကျင်းပ ရေးကော်မတီဝင်လည်း ဖြစ်သူ ဦးအောင်မျိုးမင်းက ပြောသည်။
ယင်းဖိုရမ်သို့ တက်ရောက်မည့်သူများသည် အာဆီယံရေးရာများကို စိတ်ဝင်စားစွာ လုပ်ဆောင်နေသူများ၊ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေသည့် စီးပွားရေး၊ လူမှုရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို လုပ်ဆောင်နေကြသည့် ကဏ္ဍအသီးသီး၊ အလွှာအသီးသီးမှ ပုဂ္ဂိုလ်များ၊ ဒေသဆိုင်ရာ အမြင်များကို တင်ပြနိုင်သူများကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် အာဆီယံအရပ်ဘက် လူမှုအဖွဲ့အစည်းများ ညီလာခံ/အာဆီယံ ပြည်သူ့ဖိုရမ်ကို လက်ရှိ အာဆီယံဥက္ကဋ္ဌ ရာထူး ရယူထားသည့် မလေးရှားနိုင်ငံတွင် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်မှ ၂၅ ရက်အတွင်း “လူထုအတွက် အာဆီယံ အသိုင်းအဝိုင်း ဖြစ်ရေးသို့” (Reclaiming the ASEAN Community for People) ဟူသော ခေါင်းစဉ်ဖြင့် လက်ခံကျင်းပမည် ဖြစ်သည်။