လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော်က ရန်ကုန်မြစ်ဝတွင် နစ်မြုပ်ခဲ့သည်ဆိုသော ဓမ္မစေတီ ခေါင်း လောင်းကြီးကို ရှာဖွေရန် ပုဂ္ဂလိက သဘောၤအရာရှိဟောင်း ဦးကျော်ဝင်းဆိုသူကို အစိုးရက ခွင့်ပြုချက်ပေးလိုက်ပြီး မကြာမီ ရှာဖွေရေးလုပ်ငန်းများ စတင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပုဂ္ဂလိက သင်္ဘောအရှိဟောင်း ဦးကျော်ဝင်းက အိမ်မက်နှင့် အထက် ပုဂ္ဂိုလ်များ၏ ရှာဖွေရန် တိုက်တွန်းမှုများကြောင့် ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရန်ကုန်မြို့တောင်ဘက် ၁၀မိုင်အကွာ သန်လျင် ရေနံချက် စက်ရုံ ဆိပ်ကမ်းအနီးတွင် ရှာဖွေသွားမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်အမေနဲ့ ကျနော် ကျိုက်ခေါက် ဘုရားသွားတော့ ဝတ်ဖြူစင်ကြယ်နဲ့ အဖိုးအို တဦးကိုတွေ့ တယ်။ သူက ခေါင်းကြီး ငုံ့ထားတယ်။ကျနော်တို့ သူ့နားသွားတော့ သူက ကျနော်ကို ပြောတယ်။ ကြောက်တဲ့သူတွေ ဆယ်ရင် ကျောက်ခဲ ဖြစ်သွား မယ်။ မကြောက်တဲ့ သူတွေ ဆယ်မှ ပေါ်မှာလို့ ပြောတယ်။ သူဘယ်သူမှန်း ကျနော် မသိဘူး။ နောက်ဓာတ်ပုံ တွေမှာ တွေ့တော့မှ ဝိဇ္ဇာ အဘသံ ဖြစ်နေတယ် ဆိုတာ သိရတာ။ ရှာမယ်လို့ ဆုံးဖြတ်ပြီးပြီ။ ရေ အောက် တိုင်းတာရေး စက်လဲ ဝယ်ပြီးပြီ။ မနက်ဖြန် ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ကျနော့် ကို တွေ့ဖို့ ခေါ်ထားတယ်”ဟု ဦးကျော်ဝင်းက ပြောသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေ ဆယ်ယူရန် ပြည်ထောင်စု အစိုးရအဖွဲ့က ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူရန် ကနဦး အကြို စမ်းသပ်လေ့လာမှုများဖြင့် တိုင်းတာ မှုများ ပြု လုပ်ထားပြီး လတ်တလော တွေ့ရှိချက်များအရ ခေါင်းလောင်းကြီးမှာ ရေအောက်ကြမ်းပြင်၏ တဝက်ခန့်တွင် နစ်မြုပ်နေကြောင်း ဦးကျော်ဝင်း၏အဆိုအရ သိရှိရသည်။
မွန်ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေခြင်းမှာ ကောင်းမွန်သည့် ရည်ရွယ်ချက် ဖြစ်သော်လည်း သေသေ ချာချာ စနစ်တကျ သူတေသန ပြုပြီးမှသာ ရှာဖွေသင့်ကြောင်း မွန်သမိုင်း သုတေသန အသင်း တွဲဖက်အတွင်းရေးမှူး ဦးနိုင်ရဲဇော်က ပြော သည်။
“လုံလောက်တဲ့ သုတေသနတွေ ပြုလုပ်ပြီးမှ ရှာဖွေတာ ကောင်းပါတယ်။ ဒီလို မဟုတ်ရင် ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရှာလိုက် မတွေ့လိုက်နဲ့ဆို ခေါင်းလောင်းကြီးဟာ အများ အမြင်မှာ ပျက်ရယ် ပြုစရာ ဖြစ်နေမယ်”ဟု ပြောသည်။
၂၀၁၄ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလတွင် ဦးစံလင်းဆိုသူက နဂါးအကူအညီဖြင့် ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူမည်ဟုဆိုကာ ရန်ကုန်မြစ်ဝတွင် ၂ လနီးပါးကြာ ရှာဖွေမှုများ လုပ်ဆောင်ခဲ့သော်လည်း ခေါင်းလောင်းကြီးကို ရှာဖွေနိုင်ခဲ့ခြင်း မရှိပေ။
၁၆ ရာစုတွင် ပေါ်တူဂီ လူမျိုး ဒီဗရစ်တို ခေါ် ငဇင်ကာက ရွှေတိဂုံ ဘုရားကုန်းတော်ပေါ်မှ ဓမ္မစေတီ ခေါင်းလောင်းကြီးကို အဓမ္မ ယူဆောင်သွားပြီးနောက် ဖောင်ဖြင့် သယ်ယူရန် ကြိုးစားစဉ် ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်းနှင့် ပဲခူးမြစ် သုံးခုဆုံရာအရပ်တွင် နစ်မြှုပ်ခဲ့ကြောင်း မှတ်တမ်းတချို့က ဖော်ပြသည်။