မန္တလေးတိုင်း ကျောက်ဆည်ခရိုင်ရှိ ပုဂံခေတ်လက်ရာ တမုတ်ရှင်ပင်ရွှေဂူကြီးဘုရားကို ရှေးဟောင်းအမွေအနှစ်အဖြစ် စာရင်းသွင်းသတ်မှတ်တော့မည်ဟု သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူက တမုတ် ရွှေဂူကြီးဘုရားသို့ သွားရောက် စစ်ဆေးပြီးနောက် ထိုသို့ ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ကာ ထိန်းသိမ်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က “ပုဂံခေတ်လက်ရာ စေတီဖြစ်လို့ ဘုရားဂေါပကနဲ့ ညှိနှိုင်းပြီး ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ ရှေးဟောင်း အဆောက်အအုံစာရင်းမှာ ထည့်ပါမယ်။ ဒီလိုနိုင်ငံ ရှေးဟောင်းစာရင်းထဲ ထည့်လိုက်မှပဲ ထိန်းသိမ်းရေးမှာ နည်းပညာ၊ ငွေကြေးနဲ့ ပညာရှင် အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အေဒီ ၁၁ ရာစုမှ ၁၃ ရာစုအတွင်း ရှေးဟောင်းလက်ရာများ ပေါင်းစပ်ထားသည့် စေတီတော် ဖြစ်သကဲ့သို့ ပုဂံခေတ် အင်္ဂတေလက်ရာပန်းများ၊ ကျောက်ဆင်းတုများ၊ ငါးရာငါးဆယ်ဇတ်တော် အင်္ဂတေဖြင့် ပုံဖော်ထားသည့် ဇာတ်ရုပ်များမှာ မူလလက်ရာအတိုင်းပင် ရှိသေးကြောင်း ဘုရားပရဝုဏ်ကို ကာရံထားသည့် တံတိုင်းများမှာ အကောင်းပကတိ ရှိသေးကြောင်း သိရသည်။
“အင်္ဂတေလက်ရာပန်းနဲ့ ကျောက်ဆင်းတုတွေ ၅၅၀ ဇာတ်ရုပ်လက်ရာတွေက ပုဂံမှာတောင်မှ မရှိဘူး၊ ဒီတဆူတည်းမှာပဲ ရှိတယ်။ တန်ဖိုးဖြတ်မရဘူး၊ အဲဒါ ထူးခြားချက်ပဲ၊ ဒါကြောင့် သိပ္ပံနည်းကျကျ ပညာရှင်နဲ့ ထိန်းသိမ်းသင့်တာပါ၊ ပုဂံခေတ်လက်ရာများ အကောင်းပကတိ ကျန်ရှိနေသေးတော့ သုတေသနရှုထောင့်မှ ကြည့်ရင်လည်း အကျုးိရှိတယ်” ဟု ဦးသိန်းလွင်က ဆက်ပြောသည်။
ဉာဏ်တော် ပေ ၆၀ ၊ အောက်ခြေ အုပ်ဖိနပ် အကျယ် ပေ ၉၀ ရှိ တမုတ်ရွှေဂူ စေတီကြီးကို ပုဂံခေတ် အေဒီ ၁၁ ရာစုခန့် အနော်ရထာမင်း လက်ထက်က စေတီအဖြစ်တည်ခဲ့ပြီး နရသီဟပတေ့စည်သူမင်း လက်ထက်တွင် ဂူဘုရားအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု ရှေးဟောင်းပညာရှင်များ အဆိုအရ သိရသည်။
ပုဂံခေတ်လွန် ၁၄ ရာစု ပင်းယခေတ် ဥဇနာမင်း လက်ထက်တွင် မူလဂူဘုရားကို အုပ်မိုးပြီး ရွှေစည်းခုံပုံစံ စေတီသစ်တဆူ ထပ်မံ တည်ခဲ့ရာ ပုဂံခေတ်လက်ရာများ ပျောက်ပျက်ခြင်း မရှိစေရန် ကြားခံအဖြစ် ရွှံ့စေးမြေများဖြင့် ဖုံးအုပ်တည်ဆောက်ခဲ့သည်။
ထို့ကြောင့် နှစ်ပေါင်း ၁၄၀၀ ခန့် ကြာမြင့်သော်လည်း ခြင်္သေ၊ ကိန္ဒရာ၊ ဘီလူး၊ မနုသီဟနှင့် ပန်းကနုတ် လက်ရာများမှာ အကောင်း ပကတိရှိပြီး ပုဂံယဉ်ကျေးမှုနယ်မြေရှိ ဘုရားများထက်ပင် ပိုမိုကောင်းမွန်သည်ဟု သိရသည်။
ဤစေတီကြီးကို ၁၉၉၃ ခုနှစ်တွင် တူးဖော်ခွင့်ရရှိခဲ့ရာ တမ္ပဝတီ ဦးဝင်းမောင်နှင့် တမုတ်ဆရာတော် အပါအဝင် တမုတ် ရွာသားများက ဝိုင်းဝန်း တူးဖော်ခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါ ဤစေတီကြီးနှင့် အနီးဝန်းကျင်နေရာများကို ဆက်လက် တူးဖော်နေရာ အနော်ရထာ၊ နရသီဟပတေ့၊ ဥဇနာ စသည့် မင်းဆက်သုံးဆက် တည်ခဲ့သည့် ပလ္လင်တော်နှင့် ရုပ်ပွားတော်မျာ၊ အင်္ဂတေ ပန်းကနုတ် အစိတ်အပိုင်းများ၊ အုတ်ခွက်များကိုလည်း တွေ့ရှိရသည်။
ရှားပါးသည့် ရှေးလက်ရာစေတီကြီးသည် အပူပိုင်းဒေသ ကျောက်ဆည်လွင်ပြင်၏ မိုးရေချိန်၊ အပူချိန်၊ တိုက်ခတ်သည့် လေနှင့် ရာသီဥတုဒဏ်တို့ကြောင့် လျင်မြန်စွာ ပျက်စီးသွားနိုင်သည့်အတွက် အမိုးအကာများဖြင့် ထားရှိကာ ထိန်းသိမ်းရန် လိုအပ်သည်ဟု သိရသည်။
၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံ ရှေးဟောင်းသုတေသန ပညာရှင်တစုက တမုတ်ရွှေဂူ ဘုရားကြီးသို့ လာရောက်ကြည့်ရှုပြီး ထိန်းသိမ်းစောင့်ရှောက်ရေး ကူညီမည်ဟု ပြောဆိုခဲ့သေးသည်။