မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် ဆက်စပ်နေ၍ မြန်မာအစိုးရက ပိတ်သိမ်းထားသည့် ပုံပါကျင် ကုန်သွယ်ရေး စခန်းကို ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က ပြန်လည် ဖွင့်လှစ်လိုက်ပြီဟု ဒေသခံများက ပြောသည်။
ပုံပါကျင် ကုန်သွယ်ရေးစခန်းသည် မြန်မာ-ထိုင်း နယ်စပ်အနီး တာချီလိတ်မြို့၏ အရှေ့ မြောက်ဘက် ၄၄ မိုင်ခန့် အကွာ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်သည့် UWSA က ထိန်းချုပ်ထားသည်။ UWSA က နယ်စပ် ကုန်သွယ်ရေး အချုပ်အခြာ နေရာအဖြစ် ယင်းစခန်းကို အသုံးပြု ပြီး ထိုင်းနိုင်ငံသို့ အဝင်အထွက် ကုန်စည်များကို ယင်းကုန်သွယ်ရေး စခန်းမှတဆင့် တင်ပို့ ရောင်းဝယ် ဖောက်ကားကြသည်။
အဆိုပါစခန်း အနီးတွင် မူးယစ်ဆေးများ အမြောက်အများ ဖမ်းဆီး ရရှိခဲ့ပြီးနောက် မြန်မာအာဏာပိုင်များက ထိုကုန်သွယ်ရေးစခန်းကို ပိတ်ပစ်ရန် ၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းက အမိန့်ထုတ်ခဲ့ကြောင်း၊ သို့သော်လည်း လက်နက် အင်အားတောင့် တင်းသည့် ‘ဝ’ တပ်ဖွဲ့က ယခုအချိန်တွင် ထိုအမိန့်ကို ဖီဆန်မည့် အသွင်ရှိနေပြီး ဒီဇင်ဘာလ နှောင်းပိုင်းကတည်းက ထိုဒေသကို ထိန်းချုပ်နိုင်ရန် တပ်ဖွဲ့များ ချထားခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။
“သူတို့ (UWSA) က မြန်မာအာဏာပိုင်တွေကို အာခံခဲ့တဲ့ အဖွဲ့ပဲ။ အမိန့်ကို ဂရုမစိုက်ဘဲ စခန်းကိုပြန်ဖွင့်ခဲ့တယ်။ လုံခြုံရေး အတွက် တပ်တွေချထားတယ်။ သူတို့နဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းကို ဘယ်သူကမှလာပြီးတော့ သြဇာလွှမ်းမိုးလို့ မရဘူး ဆိုတာကို သူတို့က ပြချင်နေကြတယ်။ သူတို့က မြန်မာ စစ်တပ်ကို စမ်းချင်နေပုံရတယ်” ဟု ထိုင်း-မြန်မာ နယ်စပ် တာချီလိတ် အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောသည်။
တာချီလိတ်မြို့သည် မြန်မာနိုင်ငံတွင် အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးမြို့တခုဖြစ်ပြီး နယ်စပ်ဒေသဖြစ်သည့် အားလျော်စွာ မတည်ငြိမ်မှုများ၊ လူသတ်မှုများ၊ ဖမ်းဆီးခြင်းများနှင့် မူးယစ်ဆေးဝါး ဖမ်းမိခြင်းတို့ဖြစ်ပွားလေ့ရှိပြီး တရားဥပဒေစိုးမိုးမှု အားနည်းသော ဒေသဖြစ်သည်။၂၀၁၄ ခုနှစ်ဇူလိုင်လအတွင်းက အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းကျော်တန်ဖိုး ရှိ သည့် ဘိန်းများနှင့် မောင်းပြန်လက်နက် အမြောက်အများကို တာချီလိတ်တွင် မြန်မာရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့သည်။
တာချီလိတ်နှင့် ဆက်စပ်နေသော မိုင်းဆတ်မြို့နယ်တွင် ‘ဝ’ တပ်ဖွဲ့က ကုန်သွယ်ရေး နေရာအတွက် ဒေသခံများထံမှ မြေသိမ်းယူမှုများ လည်းရှိနေပြီး ၎င်းတို့ သိမ်းယူထားသောမြေကို ပိုင်ဆိုင်ကြောင်း ပြောဆိုခဲ့သော မြေပိုင်ရှင်တဦးကို ‘ဝ’ တပ်ဖွဲ့က ဒီဇင်ဘာလ အတွင်းတွင် ပစ်သတ်ခဲ့သည်ဟု သိရှိရသည်။
“သူတို့က လူတယောက်ကို တာချီလိတ်မြို့လယ်က စားသောက်ဆိုင်တခုမှာ လူတွေကြားထဲမှာပဲ ပစ်သတ်လိုက်တယ်။ ဘယ်သူမှ မပြောရဲကြဘူး။ ဒီလို သတ်ဖြတ်တာမျိုးတွေနဲ့ UWSA တပ်ဖွဲ့တွေရဲ့ မြေသိမ်းယူနေမှု အားလုံးကို သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေဆီကို တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် အရေးယူဆောင်ရွက်မှု မရှိဘူး။ ကျနော်တို့ အာဏာပိုင်တွေကို အားကိုးလို့ မရဘူး” ဟု တာချီလိတ်မှ စီးပွားရေး လုပ်ငန်းရှင်းက ပြောသည်။
အဆိုပါ ‘ဝ’ တပ်ဖွဲ့၏ လူသတ်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များသို့ တိုင်ကြားခဲ့သည်ဟုလည်း ဒေသခံများက အတည်ပြုပြောဆိုပြီး အတိုက်အခံပါတီများဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့ကို အကြောင်းကြားခဲ့ကြောင်း သိရှိခဲ့ရသည်။
SNDP ပါတီမှ တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသားကြီးက လွှတ်တော်ကိုယ်စားလှယ်များသို့ တိုင်ကြားခဲ့သည်ဆိုသော ကိစ္စကို အတည်ပြုပေးရန် ငြင်းဆန်ခဲ့သည်။
ပုံပါကျင် ကုန်သွယ်ရေး စခန်းရှိရာဒေသသို့ မကြာသေးမီက သွားရောက် ခဲ့သော လွှတ်တော်ကိုယ်စားလှယ်တဦးက ပုံပါကျင်ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်ရေး ပြန်လည်စတင်ရန် ပြင်ဆင်မှုများ တွေ့မြင်ခဲ့ရကြောင်း ပြောသည်။
“ခုချိန်အထိတော့ ကုန်သွယ်ရေး ကြီးကြီးမားမား မရှိသေးပါဘူး။ ဒါပေမယ့် ‘ဝ’ တပ်သားတွေက သူတို့ရဲ့ အဆောက်အဦ တွေ နဲ့ ဆိုင်တွေကို ပြန်ပြင်နေတာ၊ ပြန်ဆောက်နေတာကို တွေ့ခဲ့ရတယ်” ဟု အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က ဆို သည်။
UWSA သည် ရှမ်းပြည်နယ်အတွင်းတွင် ဘိန်း၊ ဘိန်းဖြူ နှင့် မက်သဖက်တမင်း ကုန်သွယ်မှုများနှင့် ဆက်သွယ်မှုများရှိခဲ့ပြီး တရားမဝင်မူးယစ်ဆေးများကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ပို့ဆောင်ပြီး ထိုနေရာ များမှ တဆင့် ဒေသတွင်းအခြားနေရာများသို့ ဖြန့်ဖြူးပေးသည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းက ယုံကြည်ထားသည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရယူပြီးသည့် နောက်ပိုင်းတွင် UWSA ကို ပုံပါကျင် ကုန်သွယ်ရေးဒေသတွင် လုပ်ကိုင်ခွင့် ပေးခဲ့သည်။
မိုင်းဆတ်မြို့နယ်၏ နေရာအများစုကို အစိုးရ စစ်တပ်များက ထိန်းချုပ်ထားပြီး အပစ်အခတ်ရပ်စဲရေး နောက်ပိုင်းတွင် UWSA က မိုင်းဆတ်မြို့တွင် ဆက်ဆံရေး ရုံးတရုံး ဖွင့်လှစ်ထားရှိခဲ့သည်။
၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်းက ၁၀ ဘီးကားတစီးပေါ်တွင် တင်ဆောင်လာသည့် မူးယစ်ဆေးအမြောက်အများ မိုင်းဆတ်တွင် ဖမ်းမိခဲ့ပြီးနောက် အာဏာပိုင်များနှင့် မြန်မာစစ်တပ်က ပုံပါကျင် စခန်းကိုလည်း ပိတ်သိမ်းပစ်ခဲ့သည်။
UWSA သည် မြန်မာနိုင်ငံတွင် အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်ပြီး စစ်သည် ၂၀၀၀၀ မှ ၃၀၀၀၀ ကြားတွင်ရှိသည်ဟု ခန့်မှန်းရကာ တရုတ်နိုင်ငံ လုပ် လက်နက်ကြီးများပိုင်ဆိုင်ထားကြောင်း၊ မြေပြင် မှ ဝေဟင်ပစ် ဒုံးကျည်များ၊ သံချပ်ကာ ကားများ ပိုင်ဆိုင်ထားသည်ဟု ယူဆရပြီး ရဟတ်ယာဉ်များပင် ပိုင်ဆိုင်ထားသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
UWSA က တရုတ်နယ်စပ်တလျှောက်ရှိ အထူးဒေသ ၂ ဟု ခေါ်သည့် ကျယ်ပြန့် သည့်ဒေသတခုကို ထိန်းချုပ်ထားပြီး လောင်းကစားဝိုင်းများ လုပ်ကိုင်ခြင်း၊ ရာဘာပင်စိုက်ပျိုးခြင်း၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ခြင်းတို့မှ ဝင်ငွေ အ မြောက်အများရရှိနေသကဲ့သို့ တရားမဝင်မူးယစ်ဆေးရောင်းဝယ်မှုမှလည်း ဝင်ငွေ အမြောက်အမြား ရရှိနေသည်ဟု သိရှိရသည်။