သတင်း

ကချင်ပြည်နယ်တွင် မှော်တွင်းမြေပြို၊ လူသေဆုံးမှုရှိ

This article has been converted from Zawgyi One to Unicode

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မြောက်ဘက် မှော်တွင်းတွင် ယမန်နေ့ညနေ ၆ နာရီကျော်တွင် မြေစာပုံ ပြိုကျကာ လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစာပုံသည့် ကုမ္ပဏီများမှာ ဝေကုမ္ပဏီ၊ ယူနတီ ကုမ္ပဏီနှင့် ရတနာစိန် သီရိ ကုမ္ပဏီတို့ဖြစ်ပြီး ထိုနေရာသည် ဖားကန့်မြို့ မြောက်ဘက် မှော်မောင်းမွမ်၊ လမောင်ဂါး၊ သူဌေးချောင်းတို့နှင့် တမိုင်အကွာတွင် တည်ရှိကြောင်း၊ မြေစာပုံ ပြိုကျမှုကြောင့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦး အလောင်းကို ယနေ့ နံနက်တွင် ပြန်လည် တူးဖော်နိုင်ခဲ့သည်ဟု ဖားကန့်မြို့ လူထုအခြေပြု လုပ်ငန်းများ လုပ်ဆောင်နေသည့် ဦးမရန်ဂျာလက ဧရာဝတီသို့ ပြောသည်။

“ဘယ်နှဦး သေဆုံးတယ်ဆိုတာ အတိအကျ မသိရသေးဘူး။ မြေစာပုံ အမြင့်က (ပေ) ၃၀၀ လောက်ရှိတယ်။ မြေစာပုံအောက်မှာ တဲ ၈ လုံးနေကြတယ်။ ဒါပေမယ့် အလောင်းက ၅ လောင်းပဲ ပြန်ဖော်နိုင်သေးတယ်” ဟု ဦးမရန်ဂျာလက ဆိုသည်။

ကုမ္ပဏီများ မြေစာပုံရာတွင် စည်းမဲ့ကမ်းမဲ့ပုံသည့်အတွက် နှစ်စဉ် မြေစာပြိုကာ မြေစာအောက်တွင် ကျောက်ရှာပြီး နေထိုင်သည့်သူများ သေဆုံးမှုဖြစ်ခဲ့ကြောင်း၊ ထိုနေရာတွင် ပျံကျယာယီတဲများ တည်ဆောက်ပြီး နေထိုင်ကြကြောင်းလည်း ၎င်း ထပ်မံဆိုသည်။

၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြို၍ လူ၂၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀၉ ခုနစ်တွင်လည်း မြေပြိုမှုကြောင့် လူဦးရေ ၇၀ ကျော် သေဆုံးခဲ့သည်။ ယမန်နှစ်တွင်လည်း မြေပြိုမှုကြောင့် လူဦးရေ ၄၀ ကျော်သေခဲ့ကြောင်း သိရသည်။

ထိုဒေသတွင် ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီပေါင်း ရာနှင့်ချီ၍ ရှိကြောင်းလည်း ဒေသခံများကဆိုသည်။

Loading