နိုင်ငံတော် သမ္မတက ဇန်နဝါရီလ ၅ ရက်တွင် ပြန်လည်ဖွဲ့စည်း ပေးလိုက်သည့် နိုင်ငံရေး အကျဉ်းသားများရေးရာ ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ထည့်သွင်းခြင်း ခံရသူတချို့ကို ကြိုတင် အကြောင်းကြား ခေါ်ယူ ဆွေးနွေးခဲ့ခြင်း မရှိကြောင်းနှင့် တရားဝင် အကြောင်းကြားစာ ပေးပို့ခြင်း မရှိခဲ့ကြောင်း သိရသည်။
သမ္မတက အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် နိုင်ငံရေး အကျဉ်းသားများ ရေးရာကော်မတီတွင် ပါဝင်သူ ဖြစ်ပြီး ယခင် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ၏ အဖွဲ့ဝင်ဖြစ်သူ ဦးရဲအောင်က “ကော်မတီဖွဲ့တာ ဘာမှ မသိပါဘူး၊ ကော်မတီဝင် အဖြစ်သာ ပါနေတာ၊ ကျနော်တို့ကို တရားဝင် အကြောင်းကြားတာ မရှိဘူး၊ သတင်းစာမှာ ပါမှ ကိုယ်ပါမှန်း သိတာ” ဟု ပြောသည်။
ပြန်လည် ဖွဲ့စည်းလိုက်သည့် နိုင်ငံရေး အကျဉ်းသားများရေးရာ ကော်မတီသည် ၂၀၁၃ ခုနှစ်၌ သမ္မတက ဖွဲ့စည်းပေးခဲ့သည့် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီကို ဖျက်သိမ်းကာ အသစ်ပြန်လည် ဖွဲ့စည်း လိုက်သည့် ကော်မတီ ဖြစ်ကြောင်း သိရသည်။
သမ္မတက ပြန်လည် ဖွဲ့စည်းပေးလိုက်သည့် နိုင်ငံရေး အကျဉ်းသားများရေးရာ ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ အဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော် ရှေ့နေချုပ်ရုံး၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် နိုင်ငံရေး ပါတီများမှ ပါတီဝင် ကိုယ်စားလှယ်တချို့၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့တို့မှ ကိုယ်စားလှယ်များ ပါဝင် ဖွဲ့စည်းထားကြောင်း သိရသည်။
ထိုကော်မတီ အဖွဲ့ဝင် တဦးဖြစ်သူ ဖက်ဒရယ် ပြည်ထောင်စု ပါတီမှ ဦးစိုင်းစောသန်းမြင့်က “ကော်မတီမှာ ပါနေတာ ကျနော် မသိဘူး၊ တကယ်ဆို ကော်မတီတခု ဖွဲ့တာက ဒီလူ ပါနိုင်လား၊ ပါဝင်လိုစိတ် ရှိလား၊ တာဝန် ယူနိုင်မလား ဆိုတာ မေးရမယ်၊ အစည်းအဝေးတွေ ထိုင်ရမယ်။ အခု ကော်မတီဝင်အဖြစ် ပါနေတာတောင် မသိဘူး၊ ဘာတွေ လုပ်ရမလဲ၊ ဘာလုပ်ပိုင်ခွင့်ရှိလဲ ဆိုတာ ဘာမှ မသိပါဘူး” ဟု ပြောသည်။
အဆိုပါ ကော်မတီတွင် ပါဝင်နေသူ အချို့မှာ သမ္မတရုံး ကြေညာချက်အရ ကော်မတီတွင် ပါဝင်သည်ဟု သိရသော်လည်း တရားဝင် ခေါ်ယူဆွေးနွေးခြင်း မရှိသဖြင့်၊ နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သတ်ပြီး မည်သည့် လုပ်ငန်းစဉ်များ လုပ်ဆောင်မည်၊ မည်သည့် လုပ်ပိုင်ခွင့်များ ရှိသည့်များကိုလည်း မသိရကြောင်း ဧရာဝတီကို ပြောဆိုကြသည်။
ကော်မတီ အဖွဲ့ဝင်အဖြစ် ပါဝင်နေသူ ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ပူဇိုဇမ်းက “ကော်မတီမှာ ပါနေပြီ ဆိုတော့ ကျနော်တို့က နိုင်ငံရေး အကျဉ်းသားတွေရဲ့ လိုအင်ဆန္ဒတွေကို ဖော်ပြနိုင်ဖို့ လိုတယ်၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သတ်ပြီး မှန်မှန်ကန်ကန် အလုပ်လုပ်နိုင်အောင် လုပ်ရမယ်” ဟု ပြောဆိုသည်။
ပြန်လည် ဖွဲ့စည်းလိုက်သည့် နိုင်ငံရေး အကျဉ်းသားများရေးရာ ကော်မတီတွင် နိုင်ငံရေး အကျဉ်းသားများ၏ အရေးကိစ္စများကို အများဆုံး လုပ်ကိုင်နေသည့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ကိုယ်စားလှယ် တဦးတယောက်မှ ပါဝင်ခြင်း မရှိတော့ကြောင်း သိရသည်။
AAPP မှ ကိုညိုထွန်းက “အခု ပြန်ဖွဲ့တဲ့ ကော်မတီက နိုင်/ကျဉ်းတွေ အတွက် ထိရောက်အောင်၊ အောင်မြင်အောင် လုပ်စေချင်ပါတယ်၊ ဒါပေမယ့် တခုစိုးရိမ်တာက တကယ်လုပ်ကြမယ့် ဒီမိုကရေစီ အင်အားစုတွေ ပါဝင်တာ နည်းတယ်၊ သူတို့ အသုံးချခံရမှာ စိုးရိမ်တယ်” ဟု ပြောဆိုသည်။
၂၀၁၃ ခုနှစ်က သမ္မတ ဖွဲ့စည်းပေးထားသည့် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီသည် အကျဉ်းထောင် အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံရေး အကျဉ်းသား ဟုတ်/ မဟုတ် ပြန်လည်စိစစ်ပြီး သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရန် တင်ပြပေးရသည့် ကော်မတီ အဖွဲ့ ဖြစ်သည်။
၂၀၁၃ ခုနှစ်၊ နှစ်ကုန်တွင် အကျဉ်းထောင်များ အတွင်းရှိ နိုင်/ ကျဉ်း များအား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု သမ္မတက ကတိပေး ပြောဆိုခဲ့သော်လည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စိစစ်ခံ နေရဆဲ နိုင်ငံရေး အကျဉ်းသား ၂၇ ဦး အကျဉ်းထောင် အတွင်း ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်တွင် နိုင်ငံရေးနှင့် ဆက်စပ်ပြီး ထပ်မံဖမ်းဆီးခံရသူ ၄၀ ကျော် ရှိခဲ့သဖြင့် အကျဉ်းထောင် အတွင်း နိုင်ငံရေး အကျဉ်းသား ၇၀ ကျော် ရှိနေသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့ (AAPP) ၏ စာရင်း မှတ်တမ်များ အရ သိရသည်။