၂၀၁၄ ခုနှစ်သည် ဒီမိုကရေစီ သမိုင်းတလျှောက် ထူးခြားထင်ရှားသည့် နှစ်လည်အခမ်းအနားကြီး နှစ်ခု အကျုံးဝင်လျက် ရှိသော နှစ်ဖြစ်သည်။ ကမ္ဘာကြီးအနေဖြင့် ၁၉၈၉ ခုနှစ် တော်လှန်းရေး၏ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို အဓိကအားဖြင့် အလေးထားလျက် ရှိကြမည်ကို သံသယဖြစ်စရာမလိုပေ။ ထိုသို့လည်း အလေးထားသင့်သည်သာ ဖြစ်သည်။ သို့သော်လည်း ဒီမိုကရေစီ ကျောင်းတော်သားများအနေနှင့် ယခုနှစ်အတွင်း ကျင်းပစရာ၊ ရောင်ပြန်ဟပ်ပြစရာ တခြားအရေးကြီး နှစ်လည်တခုလည်း ယခုနှစ်တွင် ရှိနေသည်။ ၎င်းမှာ ၁၉၇၄ ခုနှစ် ပေါ်တူဂီတော်လှန်ရေး စတင်ခဲ့သော အနှစ် “၄၀” မြောက် နှစ်ပတ်လည်ပင် ဖြစ်သည်။ ပါမောက္ခ ဆင်မြူရယ် ဟန်တင်တန်၏ “တတိယလှိုင်း – ၂၀ ရာစုနှောင်းပိုင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ” ဆိုသည့် ဂန္ထင်လေ့လာချက်ကို ကျေးဇူးတင်ရမည်ဖြစ်သည်။ ထိုလေ့လာချက်မှာ ၁၉၇၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က စစ်တပ်ပုန်ကန်မှုဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ပေါ်တူဂီတော်လှန်ရေးကို အကူးအပြောင်းများ စတင်သွယ်တန်း ဖြာဆင်းလာရာ စမှတ်တခုအဖြစ် အသိအမှတ်ပြု ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ဟန်တင်တန်က “ဒီမိုကရေစီ တတိယလှိုင်း” အဖြစ် အမည်ပေးခဲ့ပါသည်။
၁၉၉၀ ခုနှစ်တွင် ပြီးဆုံးခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ထုတ်ဝေခဲ့သော သူ၏စာအုပ်တွင် ပေါ်တူဂီတော်လှန်ရေး ဖြစ်ပွားပြီး နောက်မှစ၍ ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ မဟုတ်သော နိုင်ငံ ၃၀ လောက်သည် ဒီမိုကရေစီ နိုင်ငံရေးစနစ်သို့ ကူးပြောင်းလာခဲ့သည်ကို တွေ့မြင်ခဲ့ကြရသည်ဟု ဟန်တင်တန်က ဖော်ပြခဲ့သည်။ ဤသည်မှာ ၂၀ ရာစု နှောင်းပိုင်း ကာလအတွင်း ကမ္ဘာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအတွက် အရေးပါဆုံးဖြစ်ရပ် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဟန်တင်တန်က ဖော်ပြခဲ့သည်။ ယခု ကျနော်တို့ ပြန်လည် စဉ်းစားသိမြင်နိုင်သည်မှာ သူ၏စာအုပ် ပုံနှိပ်နေသော ကာလမှာပင် ဒီမိုကရက်တစ် အပြောင်းအလဲများ တကယ်ပင် အရှိန်ရနေသည်ကို တွေ့နိုင်ပေသည်။ ၁၉၉၅ ခုနှစ်သို့ ရောက်သောအခါ နောက်ထပ်နိုင်ငံ ၄၀ လောက်သည် ရွေးကောက်ခံ ဒီမိုကရေစီ အဆင့်သို့ ရောက်ရှိလာကြသည်။ ၎င်းနိုင်ငံရေး စနစ်ပုံစံများမှာ ကမ္ဘာတွင် အပျံ့အနှံ့တည်ရှိလာသော အစိုးရပုံစံမျိုး ဖြစ်လာခဲ့ပြီး တကမ္ဘာလုံး၏ ၆၀ ရာခိုင်နှုန်းလောက် ဖြစ်လာခဲ့သည်။ ထိုမျှသာမက တကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ နိုးကြားလာမှုများက ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲစေသော အကြောင်းတရားဖြစ်လာခဲ့ပြီး စစ်အေးကာလကို အဆုံးသတ်စေခဲ့သည်။ ဤသို့အဖြစ်အပျက်များသည် ၂၀ ရာစုနှောင်းပိုင်း ကာလများ၏ အရေးအပါဆုံး ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများ ဖြစ်သည်ကို ငြင်းဆန်ရန် ခက်ခဲသော အခြေအနေအနေ ဖြစ်လာခဲ့ပေသည်။
သို့တိုင်အောင် ဒီမိုကရေစီ အကူးအပြောင်းဆိုင်ရာ ကြိမ်းနှုန်းများမှာ ဤရာစုသစ်တွင် အံ့သြလောက်ဖွယ် နှေးကွေးလာခဲ့သည်။ သို့သော် မျက်မှောက် အခြေအနေများကို မဆွေးနွေးမီနှင့် ဒီမိုကရေစီ၏ အနာဂတ်ကာလ မျှော်မှန်းချက်များကို မခန့်မှန်းမီ ကျနော့်အနေနှင့် လတ်တလောကာလ ဒီမိုကရေစီ အကူးအပြောင်းများကို ပိုမိုကျယ်ပြန့်သော သီအိုရီဆိုင်ရာနှင့် သမိုင်းဆိုင်ရာ အဆက်အစပ်များနှင့် ချိန်ထိုးကြည့်လိုပါသည်။ ဒီမိုကရေစီ အကူးအပြောင်းများကို ကျယ်ပြန့်သော အသွင်လက္ခဏာများဖြင့် ဖော်ပြရာ အကောင်းဆုံးစကားလုံးမှာ “အစိုးရအပြောင်းအလဲ” (regime change) ဆိုသော စကားလုံးဖြစ်နေသည်။ ကံမကောင်းစွာပင် ဤစကားလုံးမှာ အမေရိကန်က အီရတ်သို့ ကျူးကျော်သောဖြစ်ရပ်နှင့် စပ်၍ အရောင်ဆိုးခံရသော အခြေအနေဖြစ်နေသည်။ သို့သော်လည်း ပြင်ပစစ်အင်အားဖြင့် နိုင်ငံရေးအပြောင်းအလဲဖြစ်အောင် ပြုလုပ်ခဲ့ခြင်းမျိုးကို မရည်ရွယ်ဘဲ (သို့တိုင်အောင် တခါတရံတွင် စစ်ရေးအရ ဆောင်ရွက်ချက်များသည် အစိုးရအပြောင်းအလဲများ၏ အရင်းခံဖြစ်၍ နေနိုင်ပါသေးသည်။) ဤစကားလုံးကိုသာ ဆက်၍သုံးပါမည်။ “အစိုးရအပြောင်းအလဲ” ဆိုသော စကားလုံးမှာ လက်တွေ့စူးစမ်းလေ့လာမှု အခြေခံသော နိုင်ငံရေးသိပ္ပံပညာရပ် ဖော်ထုတ်သူ အရစ္စတိုတယ်၏ ရှေးဟောင်း ဂရိစကားလုံးကို တိုက်ရိုက် ဘာသာပြန်ထားခြင်း ဖြစ်သည်။ ဤအခြေအနေမျိုးကို တခါတရံ အင်္ဂလိပ်စကားလုံး “တော်လှန်ရေး” ဟုလည်း ဘာသာပြန်ဆိုတတ်ကြသည်။ ထိုစကားလုံးနှင့် ပတ်သတ်၍လည်း ပြောစရာတချို့ ရှိနေပါသေးသည်။
အရစ္စတိုတယ်၏ “နိုင်ငံရေးကျမ်း” အတွဲ ၅ တွင် အစိုးရ အပြောင်းအလဲဖြစ်ရသော အကြောင်းရင်းများကို ဆွေးနွေးထားသည်။ ထိုကျမ်းတွင် အစိုးရအမျိုးမျိုး မည်သို့ ကျဆုံးပျက်စီးပုံနှင့် ၎င်းတို့တည်တံ့ရှင်သန်ရန် မည်သို့သော နည်းလမ်းများဖြင့် အကောင်းဆုံး လုပ်ဆောင်နိုင်ပုံများကို ဖော်ပြထားသည်။ တချိန်တည်းမှာပင် သူ အလေးထား၍ ဖော်ပြခဲ့သည်မှာ တချို့သော နိုင်ငံရေးအုံကြွမှုများမှာ တခါတရံ အစိုးရ၏ သဘောသဘာဝကို ပြောင်းလဲပစ်ရန် ဖြစ်သော်လည်း တချို့သောဖြစ်ရပ်များတွင်မူ လက်ရှိအစိုးရကို ချုပ်ကိုင်ထားသော အုပ်စိုးသူကိုသာ အစားထိုး လဲလှယ်လိုခြင်းမျိုး ရှိတတ်သည်။ ဤသည်မှာ နိုင်ငံရေး အပြောင်းအလဲများကို စဉ်းစားရာတွင် အရေးကြီးသော အချက်အဖြစ် မှတ်ထားရန်လိုပါသည်။ အစိုးရအပြောင်းအလဲ ဖြစ်သည်ဆိုတိုင်း နိုင်ငံရေးစနစ် အပြောင်းအလဲသဘော မသက်ရောက်နိုင်ပေး။ ဤသဘောမှာ ဒီမိုကရေစီနိုင်ငံများတွင် ရွေးကောက်ပွဲဖြင့် ပြောင်းသောအပြောင်းအလဲနှင့် သက်ဦးဆံပိုင်စနစ်တွင် မင်းဆက်တဆက်မှ တဆက်သို့ အောင်နိုင်သော အပြောင်းအလဲများတွင်သာ မှန်သည်မဟုတ်၊ စစ်အာဏာရှင် တယောက်မှတယောက်သို့ အာဏာသိမ်းပြီး ပြောင်းသော၊ အကြမ်းဖက်နည်းနှင့် ပြောင်းသော အပြောင်းအလဲများတွင်ပါ မှန်ကန်ပေသည်။
အရစ္စတိုတယ်အတွက်မူ မတူသောပုံစံရှိ အစိုးရအမျိုးမျိုးသည် နိုင်ငံရေးဘဝအတွင်း ပြိုင်ဘက်အင်အားစု အမျိုးမျိုးနှင့် တရားမျှတမှု ဖြစ်ပေါ်ရေးအတွက် အဆိုပါ အင်အားစုအသီးသီးစီ၏ တောင်းဆိုနေမှုကို ရောင်ပြန်ဟပ်နေသည်ဟု မြင်သည်။ အားလုံးထက်ပို၍ သိသာသည်မှာ လူ့အဖွဲ့အစည်းအတွင်း ချမ်းသာသူနှင့် ဆင်းရဲသူအကြား အမြဲတင်းမာမှု ရှိနေတတ်ခြင်းနှင့် ၎င်းတင်းအားမှသည် လူနည်းစု စိုးမိုးအုပ်ချုပ်မှုနှင့် ဒီမိုကရေစီကြား ရှေ့တိုးနောက်ငင် ပြောင်းလဲ ရွေ့လျားမှုများကို ဖြစ်စေလေသည်။ အရစ္စတိုတယ်၏ ဖွင့်ဆိုချက်တွင် တည်ရှိနေဆဲ အုပ်စိုးသူအုပ်စုများကို ပိုမို တည်ငြိမ်စေရန် အင်စတီကျူးရှင်းဒီဇိုင်းနှင့် ပတ်သက်သော အကြံဉာဏ်ပေးမှုများ ပါဝင်သည်။ သို့သော် ထို ဖြေရှင်းချက်များမှာ အမြဲတမ်း အကျိုးသက်ရောက်မှုများ ရှိနေမည် (သို့မဟုတ်) ထိုအစိုးရ အပြောင်းအလဲသည် ဦးတည်ချက် တခုတည်းအတိုင်း ရွေ့လျားသွားနိုင်သည်ဆိုသော အကြံပြုချက်လည်း မပါဝင်ပေ။ ထိုအစား အစိုးရ စနစ်တခုနှင့် နောက်တခုအကြား အမြဲတမ်း ပြောင်းလဲဖြစ်ပေါ်နေပြီး အစိုးရအပြောင်းအလဲ သံသရာ လည်ပတ် နေတတ်သည်ကိုသာ သူကကြိုတင် တွေးထင်ခဲ့ပေသည်။
အစောပိုင်း ခေတ်သစ်ကာလအတွင်း အစိုးရ အပြောင်းအလဲနှင့် ပတ်သက်၍ သီအိုရီအရဖြစ်စေ၊ လက်တွေ့အရဖြစ်စေ၊ ထို့ထက်ပို၍ အကျဉ်းချုပ် မှတ်ချက်မျိုးပေးရန် ကျနော်တို့ တတ်နိုင်မည် မဟုတ်ပေ။ ပထမအချက်အနေနှင့် သတိပြုရန်မှာ ခေတ်သစ်ဥရောပတွင် အတိုင်းအတာကြီးမားသည့် အမျိုးသားသက်ဦးဆံပိုင် စနစ်မျိုးဖြစ်သည့် ပုံစံသစ်အစိုးရမျိုး လွှမ်းမိုးလာခဲ့သည်။ ၎င်းပုံစံမှာ ခေတ်သစ်ကာလနောက်ပိုင်း မဟာတော်လှန်ရေးများက လမ်းညွှန်နေသော အစိုးရ ပုံစံများနှင့် ဆန့်ကျင်နေပေသည်။ ဗြိတိန်၏ ၁၆၈၈ ခုနှစ် အောင်ပွဲခံတော်လှန်ရေးနှင့် အမေရိကန် တော်လှန်ရေးတို့သည် ဂျွန်လော့ခ်၏ အတွေးအခေါ်များနှင့် မျှတစွာ ပေါင်းစပ်ထားခြင်းဖြစ်ပြီး ပြင်သစ်တော်လှန်ရေးမှာမူ ရူးဆိုး (Rousseau) ၏ အတွေးအခေါ်များကို အခြေခံခြင်းဖြစ်ပေသည်။ ဤနေရာတွင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်သော အချက်မှာ အတွေးအခေါ်ရှင် နှစ်ဖွဲ့စလုံးက “တော်လှန်ရေးဆင်နွှဲရန် အခွင့်အရေးရှိမှု” ကို ထောက်ခံခဲ့သော်လည်း မည်သူကမျှ ဤစကားလုံးကို သုံးနှုန်းဖော်ပြခြင်း မရှိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ မတူသော အစိုးရအမျိုးမျိုး ရှိသည်ဆိုခြင်းကို ၎င်းတို့ အတွေးအခေါ်၏ အလယ်ဗဟိုတွင် နေရာပေးခဲ့ခြင်း မရှိသည့်အပြင်၊ အစိုးရပုံစံတရပ်မှ တခြားပုံစံတရပ်သို့ ပြောင်းလဲသွားစေသော အပြုအမူဆိုသည်ကို အရစ္စတိုတယ်ကဲ့သို့ သူတို့က အလေးပေး အာရုံပြုခြင်း မရှိခဲ့ပေ။ ထိုအစား ၎င်းတို့၏ သင်ကြားမှုများသည် လူသားတို့၏ သဘာဝအရ တန်းတူညီမျှမှုကို အလေးပေးခဲ့ပြီး လူထု၏ သဘောတူညီမှုမှ ဆင်းသက်လာခြင်း မဟုတ်သော အစိုးရသည် နည်းလမ်းကျမှုအရာတွင် လိုအပ်ချက်ရှိနေမည် ဆိုသော အကျိုးဆက်ကို ဖေါ်ပြခဲ့ခြင်းဖြစ်ပေသည်။
တော့ချီဗီးလ်နှင့် မဟာဒီမိုကရေစီတော်လှန်ရေး
ဒီကနေ့ ဟောပြောချက်မှာ ခေတ်ပေါ် ဥရောပတွေးခေါ်ရှင် တဦးဖြစ်သည့် အလက်ဆီဒီ တော့ချီဗီးလ် (Alexis de Tocqueville) အကြောင်း အလေးထားပြောလိုသည်။ သူ၏တော်လှန်ရေးနှင့် အစိုးရအပြောင်းအလဲများအပေါ် ထိုးထွင်းသိမြင်မှုများ၏ အရေးပါမှုကြောင့် အလေးပေးပြောရခြင်း ဖြစ်ပါသည်။ “အမေရိကန်ရှိ ဒီမိုကရေစီ” စာအုပ်၏ နာမည်ကျော် ပထမဆုံး အဖွင့်အခန်းတွင် တော့ချီဗီးလ်က “မဟာဒီမိုကရေစီ တော်လှန်ရေး” ဟု ကင်ပွန်းတပ်ထားမှုနှင့် ပတ်သက်၍ တွေးခေါ်သုံးသပ်ချက်ကို ဖေါ်ပြထားသည်။ အဆိုပါတော်လှန်ရေးမှာ ပိုမို၍ တန်းတူညီမျှသော အခြေအနေသို့ ဦးတည်ကာ ဆက်လက် တိုးတက် ရောက်ရှိသွားစေမည့်ပုံစံဖြစ်ပြီး ၎င်းကို တော့ချီဗီးလ်က ‘သမိုင်းတွင် သိရှိသမျှ အရာများထဲတွင် အမြဲမြံဆုံး အချက်အလက်’ ဖြစ်သည်ဟု ဆိုခဲ့သည်။ ၁၁ ရာစုနှစ်အတွင်းက ဥရောပရှိ ခရစ်ယာန် နိုင်ငံများအတွင်း အင်အားစုများ စုစည်းခဲ့ကြပြီး ပဒေသရာဇ်၏စနစ်ကို ဖျက်သိမ်းကာ ဘုရင်များကို သုတ်သင် ရှင်းလင်းခဲ့ကြဖူးသည်။ ဤသည်တို့မှာ ရပ်တန့်ပစ်၍မရသော၊ ပြောင်းပြန်လှန်ပစ်၍ မရသော အရာများ ဖြစ်သောကြောင့် ကံကောင်းထောက်မစွာ ဖြစ်ပေါ်လာသည့်ကိစ္စများဟု ဆိုရမည်ဖြစ်ပေသည်။ ၎င်းတော်လှန်ရေးသည် အဓွန့်ရှည် တည်တံ့ခဲ့ခြင်းကြောင့် ဘုရားသခင်၏ အလိုတော်ကိုလည်း ကိုယ်စားပြုသည်၊ အလိုတော်အတိုင်း ဖြစ်လာသည်ဟုလည်း မှတ်ယူနိုင်ပါသည်။ ဖန်ဆင်းရှင်၏ နှုတ်မှ ထုတ်ဖော်ပြောဆိုရခြင်း မရှိဘဲ (အလိုတော် ရှိသောကြောင့်) ကြယ်များသည် သူ၏လက်ညိုးညွှန်ရာ လမ်းကြောင်းအတိုင်း အာကာသ မျဉ်းကွေးတလျှောက် လိုက်ပါသွားကြသကဲ့သို့ မဟာတော်လှန်ရေးကြီးသည်လည်း ဖြစ်ပေါ်လာခဲ့သည်ဟု နားလည်ရပေလိမ့်မည်။
သို့သော် တော့ချီဗီးလ်က ဤဒီမိုကရေစီ မဟာတော်လှန်ရေးကြီး၏ သဘောသဘာဝကို မည်သို့ ဖော်ပြခဲ့ပါသနည်း။ ပထမတနေရာတွင် သူက လူများနေထိုင်ရာရှိ လူမှုအခြေအနေ အပြောင်းအလဲအဖြစ် “လူမှုတော်လှန်ရေး” ဟု ခေါ်ဆိုခဲ့သည်။ ဤသည်မှာ ရုတ်ချည်းဖြစ်သော အပြောင်းအရွေ့တခု မဟုတ်ဘဲ မှန်မှန်ဖြစ်ပေါ် တိုးတက်လာသော ပုံစံတခု၏ အကျိုးရလဒ်ဖြစ်သည်။ ၎င်းအပြောင်းအရွေ့သည် ရှေ့သို့ ဖြေးလေးစွာ ဖြစ်ပေါ်လေ့ရှိသော်လည်း မည်သည့်အရပ်သို့ ဦးတည်နေသနည်းဟု မေးခွန်းထုတ်ရန် မလိုပေ။ ၎င်းသည် ဦးတည်ချက် တခုတည်းသို့ သွားသည်။ အင်္ဂလိပ်နှင့် ခေတ်ပေါ် ဥရောပ ဘာသာစကားတို့တွင် တော်လှန်ရေး (Revolution) ဟူသော စကားလုံးအတွက် ထူးဆန်းစွာ အဓိပ္ပါယ်နှစ်မျိုး ရှိနေသည်။ သဘာဝပတ်ဝန်းကျင် ကမ္ဘာလောက အတွက် အသုံးပြုပါက ကောင်းကင်ဘုံသားများ သံသရာလည်သကဲ့သို့ အကြိမ်ကြိမ်အဖန်ဖန် မဆုံးနိုင်အောင် လည်ပတ်နေခြင်းဟု အဓိပ္ပါယ်ရသည်။ လူသားကမ္ဘာအတွက် ဤစကားလုံးကို အသုံးပြုရာတွင်မူ အသစ်တခုကို မွေးဖွားပေးသော ရုတ်ချည်း အပြောင်းအရွှေ့တခုအဖြစ် အဓိပ္ပါယ်ရလေသည်။ ဤသည်မှာ ရုရှား၊ ပြင်သစ်နှင့် အမေရိကန် တော်လှန်ရေးများအတွက် ကျနော်တို့ သုံးစွဲသော စကားလုံးအဓိပ္ပါယ် အတိအကျပင် ဖြစ်သည်။
တော့ချီဗီးလ်၏ ‘မဟာဒီမိုကရေစီ တော်လှန်ရေး’ မှာ စက်ဝိုင်းသဏ္ဍာန် လုံးဝမဟုတ်သလို ရုတ်တရက် ပြောင်းလဲသွားသော အပြောင်းအလဲမျိုးလည်း မဟုတ်ပါ။ ထုံံ့ပိုင်းထုံံ့ပိုင်း တိုးတက်သွားသော အပြောင်းအလဲမျိုး ဖြစ်ပါသည်။ ၎င်းမှာ မူလအခြေခံအားဖြင့် လူမှုတော်လှန်ရေးဖြစ်ပြီး ဒုတိယအဆင့်မှသာ နိုင်ငံရေးဖြစ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ နိုင်ငံရေးအကျိုးဆက်များမှာ အတိုင်းအဆမရှိ ကျယ်ပြန့်လှသည်။ ထို ‘မဟာဒီမိုကရေစီ တော်လှန်ရေး’ ၏ အကျိုးရလဒ် အနေဖြင့် တန်းတူညီမျှမှုကို အခြေမခံသော အစိုးရအားလုံးသည် ၎င်းတို့၏ တရားနည်းလမ်းကျမှုကို ဆုံးရှုံးရမည်ဖြစ်ပြီး ၎င်းတို့၏ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းကိုလည်း ဆုံးရှုံးမည်ဖြစ်သည်။ မင်းမျိုးစိုးနွယ်များကို သတိပေး ပြောဆိုရာတွင် တော့ချီဗီးလ်က ဤသဘောအဓိပ္ပါယ်ကို ကျယ်ကျယ်ပြန့်ပြန့် ထင်ရှားအောင် ပြောဆိုခဲ့သည်။ သူ၏အမြင်အရ အမေရိကန် ပြည်ထောင်စု မတိုင်မီ အုပ်စိုးသူ အားလုံးလောက်မှာ မင်းမျိုးစိုးနွယ် အုပ်စိုးမှုပင် ဖြစ်သည်။ အေသင်မြို့သားများ အနေနှင့် အားလုံးမဲပေးခွင့် ရသည့်အတွက် ကျေနပ်မည်ဖြစ်သည်။ သို့သော် သူတို့၏ လူဦးရေသည် ကျေးကျွန် အရေအတွက်ထက် များစွာ လျော့နည်းနေသည်။ ထို့ကြောင့် တော့ချီဗီးလ်က ‘ မင်းမျိုး စိုးနွယ်အနေဖြင့် အစိုးရအတွင်း တန်းတူညီမျှ ပါဝင်နိုင်သည့် တခုတည်းသော သူကောင်းမျိုးအုပ်ချုပ် သမ္မတနိုင်ငံသည် အေသင်’ ဖြစ်သည်ဟု အလေးအနက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်များ၏အလွန် ခေတ်ပေါ်ကာလတွင်မူ မကြုံစဖူး ထူးကဲသော အခြေအနေများ ထွက်ပေါ်လာခဲ့သည်။ ၎င်းကို ‘လူ့အဖွဲ့အစည်းအသစ်’ ၊ ထိုမျှမက ‘ကမ္ဘာသစ်’ ဟုပင် ခေါ်ဆိုနိုင်သည်။ မင်းစိုးရာဇာ အုပ်စိုးသော နိုင်ငံများရှိလူများနှင့် ဒီမိုကရေစီခေတ်ကာလ၏ ‘ပြည်သူလူထုအသစ်’ များမှာ ကွဲပြားခြားနားလှသဖြင့် ‘လူမျိုးနွယ် ၂ ခုအဖြစ်’ ပင် ခွဲခြားပြောပြနိုင်ပေလိမ့်မည်။
သို့သော် လူမှုတန်းတူညီမျှရေး မလွှဲမရှောင်သာသော ရှေ့တန်းရောက်လာသောအခါ တချို့သော အစိုးရပုံစံများ ပြန်လည် ခေါင်းထောင်လာရန် မဖြစ်နိုင်သလောက် ဖြစ်လာလိမ့်မည်။ ဤသည်မှာ ဒီမိုကရေစီခေတ် ကာလတွင် ပျံ့နှံ့တည်ရှိနေမည့် နိုင်ငံရေးအာဏာ ဖြန့်ဝေပုံအတွက် အရေးပါလှသော ကြိုတင်သတ်မှတ်ချက် တခုတော့ မဟုတ်ပေ။ ‘မဟာဒီမိုကရေစီ တော်လှန်ရေး’ ဆိုသည်ကို တော့ချီဗီးလ် ပြောဆိုသောအခါတွင် သူသည် ‘လူမှုတန်းတူညီမျှရေး’ ကိုသာ အများဆုံး ရည်ညွှန်းခဲ့ခြင်းဖြစ်ပြီး ‘နိုင်ငံရေးလွတ်လပ်ခွင့်’ ကို မရည်ညွှန်းခဲ့သည်ကိုလည်း အလေးထားရန်လိုသည်။ လူမှုတန်းတူ ညီမျှရေးဆိုသည်ကလည်း ကျနော်တို့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အောင်မြင်ဖို့ သေချာနေပြီဖြစ်သည်။
သို့သော် အဆိုပါ တန်းတူညီမျှသော လူမှုအခြေအနေများ အောက်မှာပင် နိုင်ငံရေးအရ ရွေးချယ်ပိုင်ခွင့်ဆိုသည့် အရေးပါသော နယ်ပယ်တခုက ရှိနေသးသည်။ ဤအကြောင်းကို အမေရိကရှိ ဒီမိုကရေစီစာအုပ် နောက်ဆုံး စာကြောင်းများတွင် ဤသို့ အံ့သြဖွယ်ရာ ရေးသားခဲ့သည်။ “၎င်းတို့အသီးသီးတွင် တန်းတူညီမျှသော အခြေအနေမျိုး ရှိမနေပါဟု ပြောမည့်နိုင်ငံများ ကျနော်တို့ ခေတ်ကာလတွင် ရှိမည်မဟုတ်ပေ။ သို့သော် ထိုတန်းတူညီမျှမှု မှတဆင့် ကျွန်ဘဝရောက်အောင် ပို့ဆောင်မည်လော၊ လွပ်လပ်မှုကို ခံစားရမည်လော။ သို့မဟုတ် ဉာဏ်အလင်းခေတ်ကို ရောက်မည်လော၊ အရိုင်းအစိုင်းဘဝသို့သာ ရောက်သွားမည်လော။ ချမ်းသာကြွယ်ဝမှုကို ရရှိမည်လော၊ ဆင်းရဲ ဒုက္ခများနှင့်သာ ကြုံတွေ့ရမည်လော ဆိုသည်တို့မှာ အဆိုပါနိုင်ငံများ အပေါ်တွင်သာ မူတည်နေပေသည်။”
တော့ချီဗီးလ်၏ ခေတ်သစ်သမိုင်းအပေါ် ခွဲခြမ်းစိတ်ဖြာချက်မှာ အံ့သြဖွယ်ရာ အတပ်ဟောကိန်းတခု ဖြစ်နေပေသည်။ ယနေ့ကာလအထိပင် ထိုအနှစ်သာရများအတိုင်း ရှိနေတုန်းဖြစ်သည်ဟု ပြောဆိုနိုင်ပေသည်။ အတိတ်ကာလခေတ်များနှင့် မျက်မှောက်ခေတ်ပြိုင် နိုင်ငံရေးအနေအထားမျိုးအကြား ခြားနားချက်မှာ မင်းမျိုးစိုးနွယ်အုပ်ချုပ်မှုနှင့် လူနည်းစု လက်ဝါးကြီးအုပ် အုပ်ချုပ်မှုမျိုးများ တရားဝင် မတည်ရှိတော့ခြင်းပင် ဖြစ်သည်။ ဗြိတိန်တွင် ကြာရှည်စွာကျင့်သုံးခဲ့သော အထက်လွှတ်တော် (House of Lords) ပုံစံမျိုးဖြစ်သည့် အထက်လွှာများ (သို့) ရွှေမှုန်စား၍ မွေးလာသော လူချမ်းသာများ၏ အကျိုးစီးပွားများကို တရားဝင် ကိုယ်စားပြုသည့် အင်စတီကျူးရှင်းမျိုးမှာ ပျောက်ကွယ်သလောက်ပင် ဖြစ်လာခဲ့သည်။ ဘုရင်က လက်တွေ့နိုင်ငံရေးအာဏာကို ကျင့်သုံးသည့် အများစု အာရပ်ကမ္ဘာမှဖြစ်သည့် လက်တဆုပ်စာ ဘုရင်များမှာမူ ကျန်ရှိနေသေးသည်။ သို့သော် ယနေ့ ကာလတွင် ဘုရင်စနစ်များသည် ဘေးအစွန်သို့ ရောက်နေသာသူများ ဖြစ်နေသည်။ မကြာသေးမီ ကာလလောက်အထိ ဘုရင်စနစ်သည် ကမ္ဘာပေါ်ရှိ အစိုးရပုံသဏ္ဍာန်တရပ် ဖြစ်နေသေးသည်ကို ကျနော်တို့ မေ့လျော့နေကြ သည်။ ၁၉၁၀ ကာလလောက်ကျမှ ပေါ်တူဂီနိုင်ငံတွင် သူတို့၏ဘုရင်ကို ဖြုတ်ချပြီး ပထမဆုံး သမ္မတနိုင်ငံကို ထူထောင်ခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်က အမေရိကန်မှအပ တခြားသော သမ္မတနိုင်ငံများမှာ ပြင်သစ်၊ ဆွစ်ဇာလန်၊ လိုင်ဘေးရီးယားနှင့် ဆန်မာရီယိုတို့သာ ရှိသေးသည်။
သို့သော် မင်းမျိုးစိုးနွယ်အုပ်စိုးမှုများ ပျက်စီးကျဆုံးခြင်းနှင့် ဘုရင်စနစ် ကျဆင်းလာခြင်းတို့က နေရာတကာတွင် လွတ်လပ်သော အစိုးရများ ထူထောင်နိုင်ခြင်းကို ဦးတည်နေစေခြင်း မဟုတ်ပေ။ ပြင်သစ်တော်လှန်ရေး အတွေ့အကြုံများနှင့် ၎င်းနောက်ပိုင်း အဖြစ်အပျက်များက ဖော်ပြနေသည်မှာ အစဉ်အလာ တန်းတူမညီမျှမှု ဒေါက်တိုင်များကို ဖြိုချကာမျှနှင့် အစိုးရများအဖို့ တဦးချင်း အခွင့်အရေးများကို ကာကွယ်နိုင်သော လမ်းပေါ်သို့ ရောက်ရှိမည်ဟု မပြောနိုင်ခြင်း ဖြစ်သည်။ ၂၀ ရာစုနှစ်တွင် ဖန်တီးလာကြသော အကြွင်းမဲ့အာဏာရှင်ဝါဒ ကျင့်သုံးသည့် အစိုးရများသည် သူ့အလျင်ရှိခဲ့သော ဘုရင်စနစ် အားလုံးထက်ပို၍ပင် လူများအား ကျွန်ဘဝသို့ သွတ်သွင်းခဲ့ကြသည်ကို တွေ့နိုင်ပေသည်။
ယနေ့ကာလ ကမ္ဘာပေါ်တွင် ဒီမိုကရေစီကို ကျင့်သုံးလာကြသောအခါ ကျနော်တို့ ဆိုလိုသော အဓိပ္ပါယ်မှာ တစ်ဦးချင်း လွတ်လပ်ခွင့်နှင့် နိုင်ငံသားများကြား တန်းတူညီမျှ ရှိသည်နှင့်အတူ တရားဥပဒေစိုးမိုးမှု ပေါင်းစပ်ထားသော အစိုးရပုံစံမျိုးကို ဖြစ်ပါသည်။ အကန့်အသတ်ရှိသော လူဦးရေ အစိတ်အပိုင်း တရပ်ကသာလျှင် တန်းတူ အခွင့်အရေးများအတွက် အာမခံချက် ရှိခဲ့သည်ဆိုလျှင် (ဥပမာအားဖြင့် တောင်အာဖရိကရှိ အသားအရောင် ခွဲခြားသော စနစ်မျိုး) ၎င်းကို မည်သူကမှ ဒီမိုကရေစီအစိုးရဟု ခေါ်ဆိုမည် မဟုတ်ပေ။ ၎င်းပုံစံအတိုင်းပင် သာတူညီမျှရှိသော လူ့အဖွဲ့အစည်း အများစုမှာပင် အကယ်၍ တဦးချင်း လွတ်လပ်ခွင့်နှင့် တရား ဥပဒေစိုးမိုးမှုတို့ကို မှန်မှန်ကြီး သွေဖည်နေသည်ဆိုပါက ဒီမိုကရေစီ လူ့အဖွဲ့အစည်းဟု ခေါ်ဆို၍ရမည် မဟုတ်ပေ။ အသားအရောင် ခွဲခြားသောစနစ် ပျောက်ကွယ်သွားသည်မှစ၍ လူ့အဖွဲ့အစည်း၏ သီးခြားအစိတ်အပိုင်း တရပ်အတွက် တစ်ဦးချင်း လွတ်လပ်ခွင့်များကို ထိန်းသိမ်းပေးထားပြီး ကျန်အစိတ်အပိုင်းများကို ဖိနှိပ်နေသော ပုံစံမျိုး ကမ္ဘာပေါ်တွင် မတွေ့ရတော့ပေ။ သို့တိုင်အောင် အများစု တွေ့နေရသေးသော ပုံစံများမှာ လွတ်လပ်ခွင့်မပါသော အပေါ်ယံ တန်းတူညီမျှခွင့်များသာ ဖြစ်နေပါသည်။
(ဆက်လက်ဖော်ပြပါမည်)
ဤစာတမ်းသည် မာ့ခ် အက်ဖ် ပလက်တနာ (Marc F. Plattner) က ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပေါ်တူဂီ ကက်သလစ်တက္ကသိုလ် နိုင်ငံရေး လေ့လာမှုဆိုင်ရာ အင်စတီကျုတွင် ဟောပြောခဲ့သော စာတမ်းကို ပြင်ဆင် ဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။ မာ့ခ် အက်ဖ် ပလက်တနာသည် Journal of Democracy ကို ပူးတွဲတည်ထောင်သူနှင့် အယ်ဒီတာတဦးဖြစ်ပြီး National Endowment for Democracy (NED) ၏ သုတေသနနှင့် လေ့လာရေးဆိုင်ရာ ဒု ဥက္ကဋ္ဌလည်း ဖြစ်သည်။ ဤစာတမ်းကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ဖြင့် Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုသည်။ Educational Initiatives အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။