ငွေရော နည်းပညာပါ ယူလာခဲ့ ပေမယ့် မြန်မာပြည် အတွက် လျာထားတဲ့ အဲဒီငွေတွေ မသုံးဖြစ်ခဲ့ဘူး

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ကြာဆုံး ပြည်တွင်းစစ်နှင့် ရင်ဆိုင်နေရသည့် နိုင်ငံ ဖြစ်သည်။ စစ်ပွဲများ၏ ထုံးစံအတိုင်း တဖက်နှင့် တဖက်တိုက်ခိုက်ရန် ဖြစ်စေ၊ ကာကွယ်ရန် ဖြစ်စေ လက်နက်များ၊ မြေမြှုပ်မိုင်း များကို နှစ်ကာလ ရှည်ကြာစွာ အသုံးပြုခဲ့သည့် နိုင်ငံတခု ဖြစ်သည်။ လက်ရှိ တွင်လည်း သုံးစွဲနေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ စတင်၍ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာအထိ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေကြေ ဒါဏ်ရာရသူ ပေါင်း ၃၄၅၀ ဦးရှိခဲ့ကြောင်း မြေမြှုပ်မိုင်း အသုံးပြုမှု စောင့်ကြည့်လေ့လာရေး အဖွဲ့၏ မြန်မာ နိုင်ငံဆိုင်ရာ အစီရင်ခံစာ တွင် ဖော်ပြထားသည်။ မြေမြုပ်မိုင်း ပြဿနာ ရှိနေသည့် အခြား တိုင်းပြည်များနှင့် နှိုင်းယှဉ် လေ့လာပါက မြန်မာနိုင်ငံသည် လွန်ခဲ့သော ၇ နှစ် အတွင်း ကမ္ဘာတဝှမ်း လူသတ်မိုင်း ကြောင့် ထိခိုက်ဒါဏ်ရာရမှု တတိယ အများဆုံး ဖြစ်နေသော နိုင်ငံတခု ဖြစ်ကြောင်းလည်း ယင်းအဖွဲ့၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၁၃ ခုနှစ် တနှစ်တာအတွက်သာ နှိုင်းယှဉ်လျှင် ကမ္ဘာပေါ်၌ လူသတ်မိုင်းကြောင့် ဒဏ်ရာရရှိမှု နှုန်းမှာ မြန်မာပြည်က ဒသမ အများဆုံးနိုင်ငံ ဖြစ်သည်။

မြေမြုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေး အဖွဲ့ (International Campaign to Ban Landmines – ICBL) အား ကမ္ဘာတဝှမ်းရှိ လူသတ်မိုင်းများ ရှင်းလင်းပပျောက်ရေး အတွက် ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ICBL သည် နိုင်ငံပေါင်း ၇၀ မှ အစိုးရ မဟုတ်သော အဖွဲ့အစည်းပေါင်း ၁၃၀၀ ကျော် ပါဝင်သည့် ကွန်ယက်တခု ဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆု ရခဲ့သည်။

၂၀၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ အထိ ကမ္ဘာ့အစိုးရပေါင်း ၁၆၂ ခုက မြေမြုပ်မိုင်း အသုံးပြုမှု ပိတ်ပင် တားမြစ်ခြင်း သဘောတူ စာချုပ်ကို သဘောတူ လက်ခံခြင်း (သို့) လက်ခံကျင့်သုံးခြင်းများ ပြုလုပ်ခဲ့သည်။ နိုင်ငံပေါင်း ၁၁၁ နိုင်ငံက ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း သဘောတူ စာချုပ် လက်မှတ်ထိုးခြင်း (သို့) လက်ခံကျင့်သုံးခြင်းများ ပြုလုပ်ခဲ့သည်။  မြန်မာနိုင်ငံသည် ယင်း နှစ်ခုလုံး လက်မှတ်ရေးထိုး ခြင်း မပြုသေးပေ။

၂၀၁၁ ခုနှစ် အထိ မြန်မာနိုင်ငံရှိ လက်နက်ကိုင် တပ်ဖွဲ့များသည် လူသတ်မိုင်းများ ပုံမှန်အသုံးပြုနေသည့် ကမ္ဘာပေါ်ရှိ တခုတည်းသော နိုင်ငံအဖြစ် ဆက်လက် ရှိနေသေးသော်လည်း၊ အရပ်သား အစိုးရသစ် တက်လာပြီး နောက်ပိုင်းတွင် မြေမြုပ်မိုင်းများနှင့် ပတ်သက်၍ အသိအမှတ် ပြုမှုများ၊ အသိပညာပေးမှုများ၊ နိုင်ငံတကာသို့ အကူအညီ တောင်းခံမှု များ ရှိလာခဲ့သည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ ဆိုင်ရာ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာ (Landmine Monitor Myanmar/ Burma: includes Cluster Munition Report 2014) ပြုစုခဲ့သည့် သုတေသီ Mr. Yeshua Moser-Paungsuwan နှင့် ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် မြတ်စုမွန်က သီးသန့်တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်ကို ပြန်လည် ဖော်ပြအပ်ပါသည်။

မေး။           ။ ဒီနှစ် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာအကြောင်း အကြမ်းဖျင်းလေး သိချင်ပါတယ်။

ဖြေ။           ။ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒါဏ်ရာ ရတဲ့လူ အရေအတွက် ကတော့ မနှစ်ကနဲ့  မတိမ်းမယိမ်းပဲ လို့ ပြောချင်ပါတယ်။ နိုင်ငံရဲ့ နေရာ တော်တော်များများမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ နည်းသွားတဲ့ အတွက် လွန်ခဲ့တဲ့ ၃ နှစ်နဲ့ စာရင် မိုင်းကြောင့် ထိခိုက်ဒါဏ်ရာ ရတဲ့သူတွေ နည်းသွားတယ်။ စိတ် အနှောက်အယှက် ဖြစ်စရာ ကတော့ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေကို မလုပ်သေးတာပဲ ဖြစ်တယ်။ ကချင်ပြည်နယ်မှာတော့ နှစ်ဖက်တိုက်ခိုက်တဲ့ လူတွေက မိုင်းတွေ သုံးနေဆဲ ဆိုတာ ဝမ်းနည်းဖွယ်ရာ သိရတယ်။ ဒီ ၃ ချက်ကတော့ ဒီနှစ်အတွက် အဓိက အချက်တွေ ပဲ။

မေး။           ။ ဒီ ၃ နှစ် အတွင်း မိုင်းသုံးစွဲမှုကြောင့် ထိခိုက်သူတွေ နည်းလာတယ် ဆိုတဲ့ အထောက်အထားကို ဘယ်လို သုတေသန လုပ်ခဲ့သလဲ။ မြေမြှုပ်မိုင်း လျှော့ချရေး လုပ်ငန်းတွေဟာ စောင့်ကြည့်ရုံ အဆင့်က တိုးတက်လာပြီလို့ မြင်သလား။

ဖြေ။           ။ လွန်ခဲ့တဲ့ ၁၆ နှစ်က စပြီးတော့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရတာနဲ့ ပတ်သက်ပြီး ရနိုင်သလောက် အချက်အလက် တွေကို ယူခဲ့ပြီးသား။ အဲဒီ အချက်အလက်တွေကို နေရာ ၃ ခုက ယူတယ်။ ပထမ တခုက စစ်ဘက် ဆိုင်ရာက ကိန်းဂဏန်းကို ယူတယ်။ နောက် ဒုက္ခသည်တွေဆီက ကိန်းဂဏန်းကို ယူတယ်။ နောက်တခုက ဖွံ့ဖြိုးရေး အဖွဲ့အစည်းတွေ ဆီက ယူခဲ့တယ်။

၁၆ နှစ်တာ ကောက်ယူခဲ့ပြီးတဲ့ အချိန်မှာတောင်မှ ထိခိုက်ဒဏ်ရာရတဲ့ အရေအတွက်ကို ဘယ်သူမှ အတိအကျ မပြောနိုင်သေးတာ ဝမ်းနည်းဖွယ်ရာ တွေ့ရတယ်။ ဒီအစိုးရအနေနဲ့ သူတို့ ဘယ်လောက် ထိခိုက်ဒဏ်ရာ ရတယ် ဆိုတာကို ပြောချင်တဲ့ ဆန္ဒရှိရင်တောင်မှ ပြောနိုင်တဲ့ အင်အားမရှိဘူး။ စာရင်းဇယား မရှိဘူး။ မြန်မာပြည်မှာ မိုင်းကြောင့် ထိခိုက် ဒဏ်ရာရတဲ့ သူတွေအများဆုံး ကုသခံတာကတော့ ကျန်းမာရေး ဦးစီးဌာနအောက်က ဆေးရုံ ဆေးခန်းတွေမှာ အများဆုံး ဖြစ်ပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနက သူတို့ လုပ်ကိုင်ခဲ့တဲ့ ခွဲစိတ်မှုတွေထဲမှာ မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့ စာရင်းကိုပဲ သူတို့ ကောက်ပါတယ်။ နှစ်ပတ်လည် အစီရင်ခံစာကို ကြည့်ရင် ထိခိုက်ဒဏ်ရာရတဲ့ စာရင်းကိုပဲ ဖော်ပြတယ်။ ဘာကြောင့် ဆိုတဲ့ အသေးစိတ် အချက်အလက်မျိုး ကျန်းမာရေး ဌာနမှာ မရှိဘူး။

မိုင်းနဲ့ ပတ်သက်လို့ အသေးစိတ် သိချင်ရင် ကျန်းမာရေးဌာနရဲ့ ဆေးရုံဆေးခန်းတွေကို အသေးစိတ် သွားပြီး ကြည့်တော့မှ ပေါ်ကောင်းပေါ်လာနိုင်မယ်။ အဲလို စာရင်းသွားကောက်ရင်တောင် စာရင်းအကုန် ရနိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ သေသွားတဲ့ လူတွေရဲ့ စာရင်းက အဲဒီမှာ မရှိဘူး။ တောထဲမှာ မိုင်းထိလို့ သေရင် ဆေးရုံ၊ ဆေးခန်းကို မသယ်လာတော့ဘူး။ ခွဲဖို့ မလာတော့ဘူး။ အဲဒီမှာပဲ မြုပ်လိုက်တယ်။ စာရင်းက မမှန်ဘူးပေါ့။ ကျနော်တို့ ရေးတဲ့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရသူတွေကို တယောက်ချင်းစီ ရေတွက်ထားတာ သူတို့ရဲ့ ကိန်းဂဏန်း ထက် များနေတယ်။

မေး။           ။ ဒီလို ကိန်းဂဏန်းအတိအကျ မရနိုင်ဘူးဆိုတာက အစိုးရက သုတေသနလုပ်တာ အားနည်းလို့လား ဒါမှမဟုတ် အဲဒီကိန်းဂဏန်းကို ဖုံးကွယ်ချင်လို့လား။ ဘယ်လို ယူဆသလဲ။

ဖြေ။           ။ ဖုံးကွယ်ထားချင်လို့ လုံးဝမဟုတ်ပါဘူး။ အဲဒီစာရင်းကောက်တဲ့ နည်းစနစ်ကို စာရင်းကောက်ယူမယ့် လူကို သင်ကြား ပေးထားတဲ့ နည်းစနစ်နဲ့ ကျွမ်းကျင်တဲ့ လူမျိုး မြန်မာပြည်မှာ မရှိဘူး။ ခွဲစိတ်ကု ဌာနတွေက ထိခိုက် ဒဏ်ရာ ရတဲ့ စာရင်းကို ဝန်ကြီးဌာနကို ပို့တာရှိတယ်။ ဒါပေမယ့် ခွဲခြားလုပ်ထားတဲ့ စာရင်းမရှိဘူး။

သာမာန်စာရင်း ကောက်ယူနိုင်စွမ်း အခြေအနေ ကတော့ မြန်မာပြည်မှာ ပုံမှန်ထက် နည်းနည်းလေး ပိုကောင်းတဲ့ အလားအလာ ရှိတယ်။ အဲဒီစနစ်ကို ပြောင်းချင်တယ် ဆိုရင်တော့ ကုန်ကျစရိတ်၊ အချိန်၊ ကျွမ်းကျင်မှု၊ သင်ကြား လေ့ကျင့်မှုတွေ အများကြီးလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ စနစ်ကို ကောင်းအောင် ကြိုးစားပြီး လုပ်နေတယ်လို့ မြင်တယ်။ ၅ နှစ်က ၁၀ နှစ်အတွင်း နည်းစနစ် မှန်မှန်နဲ့ ကောက်ယူနိုင်တဲ့ အခြေအနေကို ရောက်နိုင်မယ်လို့ ခန့်မှန်းတယ်။ ဖြစ်ချင်လည်း ဖြစ်နိုင်မယ်။

စာရင်းမပေးချင်လို့၊ စာရင်းဝှက်ထားချင်လို့၊ စာရင်း လိမ်ချင်လို့တော့ မဟုတ်ပါဘူး။ အဓိက ကျွမ်းကျင်မှုနဲ့ အချိန်ကြောင့် ဖြစ်ပါတယ်။

မေး။           ။ ၅ နှစ်ကနေ ၁၀ နှစ်အတွင်း အဲလို နည်းစနစ် မှန်မှန်နဲ့ ကောက်ယူနိုင်တယ်လို့ ခန့်မှန်းတာဟာ အစိုးရက စလုပ်နေပြီ လို့ သုတေသနမှာ တွေ့လို့ လား၊ ဒါမှမဟုတ် မြေမြှုပ်မိုင်းဆိုင်ရာ လုပ်ငန်းတွေကို လုပ်မယ့် အဖွဲ့အစည်း တွေက လုပ်နေတာကို တွေ့ရလို့လား။

ဖြေ။           ။ အဲဒါက ခန့်မှန်းချက် တခုပါ။ မသန်စွမ်းသူများ ကာကွယ်ရေး ဥပဒေအရ သူတို့ လုပ်ကို လုပ်ရမှာမို့ ပါ။ ဒုတိယ အချက်ကတော့ ဒီဘဏ္ဍာရေးနှစ် အတွင်းမှာ ရသုံး မှန်းခြေ စာရင်းကို ပါလီမန်ကို တင်ရတဲ့ အခါမှာ ကြိုးစား ရှာဖွေပြီး ပြည်သူလူထုကို တင်ပြလာရတဲ့ အတွက် ဒီနေရာမှာ လိုအပ်တယ် ဆိုတာ ကျနော်တို့ လေ့လာရတယ်။

မေး။           ။ မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်မယ် ဆိုရင် မြန်မာပြည်မှာက စစ်လက်ကျန် မြေမြှုပ်မိုင်းတွေ ရှိသလို၊ ပြည်တွင်းစစ် တွေကြောင့်လည်း မိုင်းတွေ ရှိနေတယ်။ အဲလိုဟာမျိုးတွေကို ရှင်းလင်းမယ် ဆိုရင် ဘယ်လိုမျိုး အဆင့်ဆင့် သွားသင့်သလဲ ဆိုတာ အကြံပြုပါဦး။

ဖြေ။           ။ ဒါက ရှင်းပါတယ်။ ပထမဆုံး လုပ်ရမှာက နည်းပညာဆိုင်ရာ မပါဝင်သေးဘဲ မြေပြင် စူးစမ်းလေ့လာမှုတွေ အရင် လုပ်ဖို့ပါ။ ဒီကရတဲ့ အဖြေကို ကြည့်ပြီး မြန်မာပြည်က ဘယ်နေရာမှာ မိုင်းရှင်းလင်းရေးကို စလုပ်ရမယ် ဆိုတာ ပေါ်လာမယ်။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတော့ နည်းပညာ မပါတဲ့ စူးစမ်းလေ့လာခြင်းကို ကျွမ်းကျင်တဲ့ လူတွေ မြန်မာပြည်မှာ ရှိမယ်လို့ မျှော်မှန်းလို့ ပြောတာ။ နောက်တခုက လူသားချင်း စာနာတဲ့ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ချင်တဲ့ ဆန္ဒရှိတဲ့ ပြည်သူတွေ ရှိနိုင်တယ်လို့ ယူဆချက်နဲ့ ပြောတာ။

မြန်မာပြည်မှာ လောလောဆယ်ထိ လူသားချင်း စာနာတဲ့ မိုင်းရှင်း လုပ်ငန်းကို ကျွမ်းကျင်တဲ့ လူတွေ မရှိသေးဘူးလို့ သုံးသပ်ပါတယ်။ နောက် အစိုးရဘက်မှာလည်း ဒီလိုလုပ်ငန်းတွေ လုပ်ဖို့ အတွက် အသင့် ပြင်ထားတဲ့ ဌာန၊ လုပ်ဆောင်မှု၊ ကျွမ်းကျင်မှု၊ လုပ်ဆောင်လိုတဲ့ ဆန္ဒ ၊ အသိပညာ အတတ်ပညာပိုင်းဆိုင်ရာ အားနည်း နေသေးတယ်လို့ သုံးသပ်ပါတယ်။ ဝမ်းနည်းစရာကတော့ မြန်မာပြည်က အဲဒီ လူသားချင်း စာနာတဲ့ မိုင်းရှင်းလုပ်ငန်းကို လုပ်ဖို့ အဆင်သင့် မဖြစ်သေး ဘူး။

၂၀၁၂ ခုနှစ်က သမ္မတ ဦးသိန်းစိန်က ဥရောပ သံအဖွဲ့တွေကို မြန်မာ့မိုင်းရှင်းရေး လုပ်ငန်း တွေမှာ ကူညီပေးဖို့ နှုတ်နဲ့ အကူညီ တောင်းခဲ့ဖူးတယ်။ အားရဖွယ် ကောင်းတဲ့၊ အပေါင်းလက္ခဏာ ဆောင်တဲ့ အလားအလာရှိတဲ့ အဖြေကို သမ္မတကြီး ရခဲ့တယ်။ လုပ်ပေးပါမယ် ဆိုတဲ့ ကတိ ရခဲ့တယ်။ အဲဒီနောက်မှာ လူသားချင်း စာနာတဲ့ မိုင်းရှင်းရေး လုပ်ငန်းတွေ လုပ်ဖို့ အဖွဲ့ ၈ ဖွဲ့ မြန်မာပြည်ကို ရောက်လာတယ်။

အဲဒီ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း ၈ ဖွဲ့က အသိပညာ၊ အတတ်ပညာ၊ ဖွဲ့စည်းပုံ၊ လုပ်နည်း ကိုင်နည်း၊ မြန်မာပြည် အတွက် ကုန်ကျမယ့် ဘတ်ဂျက်ကိုလည်း တွက်ချက်ပြီး စဉ်းစားခဲ့ကြပါတယ်။ အကုန်အကျခံဖို့ အာမခံတယ်။ ငွေရော နည်းပညာပါ ယူလာခဲ့ ပေမယ့် မြန်မာပြည် အတွက် လျာထားတဲ့ အဲဒီငွေတွေ မသုံးဖြစ်ခဲ့ဘူး။ မိုင်းရှင်းမယ် ဆိုပြီး မရှင်းဖြစ်ခဲ့ ဘူး။ နောက်ထပ် ဘာမှလည်း မလုပ်နိုင်ခဲ့ ဘူး။ မြန်မာပြည် အတွက် လျာထားတဲ့ ပိုက်ဆံကို မြန်မာပြည်က မသုံးတဲ့ အတွက် အကျိုးရှိမယ့် တခြား မိုင်းရှင်းရေး လုပ်ငန်းတွေဆီကို ရောက်သွားပြီ။ အဲဒီ ၈ ဖွဲ့က လူတွေ လျှော့ကုန်ပြီ။ ပြန်ကုန်ပြီ။ ရုံးတွေကို ပိတ်ပစ်ဖို့ ဆန္ဒ ပြင်းပြနေကြပြီ။ မြန်မာပြည်မှာကတော့ မိုင်းတွေ ရှိတုန်းပဲ။ မြေကြီးထဲမှာ မိုင်းတွေ ကျန်ရှိတုန်းပဲ ဖြစ်တယ်။

မေး။           ။ ဒါဆို မြန်မာပြည်က မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းတွေက ဆုတ်ယုတ်သွားတာလား။ ဘယ်လို လုပ်သင့်သလဲ။

ဖြေ။           ။ အစိုးရအဖွဲ့က ရှင်းချင်ပါတယ် ပြောလို့ လာပြီးတော့ ရှင်းဖို့လုပ်တယ်။ ဒါပေမယ့် ရှင်းခွင့် မရဘူး။  စိတ်ပျက်မိတယ်။ ရင်ထဲမှာ မကောင်းဘူး။

မေး။           ။ သမ္မတက မိုင်းရှင်းဖို့ ဖိတ်ခေါ်တယ်။ တကယ်တမ်း လာတော့ ရှင်းခွင့်မရဘူး။ ဒါက ဘာကြောင့်လဲ။ ဘယ်သူတွေက ရှင်းခွင့်မပေးတာလဲ။ စစ်တပ်က လား၊ အစိုးရအဖွဲ့က လား။

ဖြေ။           ။ လူတိုင်းကတော့ တယောက်ကိုတယောက် လက်ညှိုးထိုးနေကြတာပဲ။

မေး။           ။ သမ္မတက ဖိတ်ခေါ်လို့ ရောက်လာတဲ့ မိုင်းရှင်းရေး အဖွဲ့တွေတောင် လက်တွေ့မှာ လုပ်ခွင့် မရခဲ့ဘူး။ လူကြီးမင်းတို့ အဖွဲ့အနေနဲ့ ဒီလို သုတေသန စစ်တမ်းတွေ ကောက်မယ့် ကိစ္စတွေမှာရော အစိုးရဘက်က ဘယ်လောက် လိုက်လျောတာ၊ ပူးပေါင်းကူညီတာမျိုးတွေ ရှိသလဲ။ ဒီအချက်အလက်တွေကို ဘယ်လိုနည်းနဲ့ စုစည်းသလဲ။ ကွင်းဆင်းလို့ ရသလား။

ဖြေ။           ။ သမ္မတပြောတဲ့ အဖွဲ့တွေ အလုပ်လာလုပ်တဲ့ အခါ အကူအညီ မရခဲ့ဘူး။ မိုင်းရှင်းလင်းရေးနဲ့ ဆိုင်တဲ့ အချက်အလက်၊ စာရင်းဇယားတွေ ကောက်ယူလို့ မရခဲ့ဘူး။ နိုင်ငံရေး အရ၊ လုံခြုံရေး အရ အရမ်း သတိ ထားရမယ့် ကိစ္စ ဖြစ်တဲ့အတွက် အစိုးရဆီက ခွင့်ပြုချက် မရခဲ့ဘူး။

သုတေသန အတွက် ကိန်းဂဏန်းတွေကို နှစ်အလိုက် ICBL နဲ့ စကားပြောချင်တဲ့ ဆန္ဒရှိတဲ့ လူတွေဆီက ရတယ်။ ဆရာဝန်တွေ ဆီက ရတယ်။ အစိုးရ အရာရှိ တချို့ဆီက ရတယ်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ၊ တိုက်ခိုက်နေတဲ့ လူတွေ၊ ထိခိုက်ဒဏ်ရာရတဲ့ လူတွေဆီကနဲ့ ပြည်တွင်းက အဖွဲ့အစည်းတွေ ဆီက ရတယ်။ မြန်မာပြည်က မြေမြှုပ်မိုင်း တွေနဲ့ ပတ်သက်လို့ အစိုးရက တရားဝင်ထုတ်ထားတဲ့ ကိန်းဂဏန်း အချက်အလက်တွေ လုံးဝမရှိဘူး။ လောလော ဆယ်မှာ  အတိကျဆုံး၊ အမှန်ကန်ဆုံးနဲ့ အားအထားရဆုံး ကတော့ ကျနော်တို့ ထုတ်တဲ့ စစ်တမ်းပဲ ရှိသေးတယ်။

မေး။           ။ မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းတွေရဲ့ လက်ရှိ အခြေအနေအရ ဘယ်အဆင့်ကို ရောက်နေပြီလဲ။ တိုးတက်လာ သလား၊ ဆုတ်ယုတ်သွား သလား။

ဖြေ။           ။ ၂၀၁၂ ခုနှစ် မတိုင်ခင်က မြေမြှုပ်မိုင်းနဲ့ ပတ်သက်လို့ ဘယ်သူမှ မပြောရဲ၊ မဆိုရဲ ခဲ့ကြဘူး။ မြန်မာပြည်မှာ မိုင်းပြဿနာ ရှိတယ်ဆိုတာ သမ္မတဦးသိန်းစိန်က  ဥရောပတိုက်သားတွေဆီ အကူညီ တောင်းတဲ့အခါမှ မြန်မာပြည်မှာ မိုင်းပြဿနာ ရှိတယ် ဆိုတာ သွယ်ဝိုက်သော နည်းအားဖြင့် ဖွင့်ပြော လာတော့မှ ပြောခွင့်ရလာကြတာ။ အဲဒီ အချိန်က စပြီး ပွင့်ပွင့်လင်းလင်း ပြောလာဖို့ လမ်းစ ရလာတယ်။

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ အခွင့်အရေး ကာကွယ်တဲ့ ဥပဒေကို မြန်မာပြည်က အဖွဲ့ဝင်ပြီး လက်မှတ်လည်း ထိုးလိုက်တဲ့ အတွက် ဒီစာချုပ်မှာ ပါတဲ့ မိုင်းဒုက္ခသည်တွေနဲ့ သွယ်ဝိုက်သော အားဖြင့် လူ့အခွင့်အရေးကို ကာကွယ်တဲ့ စာချုပ်ဖြစ်တယ်။

အဲဒီ လက်မှတ်ထိုးပြီး ကတည်းက မြေမြှုပ်မိုင်းကြောင့် အသက်မသေဘဲ ကျန်ခဲ့တဲ့ လူတွေ အတွက် အထောက်အကူ တွေကို အဲဒီစာချုပ်ကို လက်မှတ် ထိုးပြီးတဲ့ နောက်ပိုင်းမှာ ရလာတယ်လို့ ပြောချင်တယ်။ အဲဒီ နောက်ပိုင်း မိုင်းထိတဲ့ လူတွေ အတွက် အခြေအနေတွေ ပိုကောင်းလာတယ်။ ဒါက အကောင်းဆုံး အခြေအနေတော့ မဟုတ်သေး ပါဘူး။ အဲဒီထက် ကောင်းနိုင်တဲ့ အခြေအနေတွေ  မရှိသေးတဲ့ အချိန်မှာတော့ အဲဒီ စာချုပ်က တော်တော်လေး အထောက် အကူ ဖြစ်ပါတယ်။  အခြေအနေ တိုးတက်လာလား ဆိုရင် မိုင်းအကြောင်း လုံးဝ မပြောရဲတဲ့ အခြေအနေ ကနေ ဒီလို အထောက်အကူတွေ ရလာတာဟာ တိုးတက်လာတာပါပဲ။

မေး။           ။ အဲလို အခြေအနေ တိုးတက်လာတယ်လို့ ပြောနေတုန်းမှာပဲ အခု ပြည်တွင်း လက်နက်ကိုင် တိုက်ပွဲတွေ ပြန်ဖြစ် လာတယ်။ အဲလိုတွေ ဖြစ်လာတဲ့ အပေါ်မှာ မြေမြှုပ်မိုင်း ရှင်းလင်းရေး အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ICBL အနေနဲ့ ဘယ်လို ရှုမြင် သုံးသပ်ချင်သလဲ။

ဖြေ။           ။ ကျနော်တို့ အနေနဲ့ ပြောချင်တာကတော့ မြေမြှုပ်မိုင်း ရှင်းမယ့် လုပ်ငန်းတွေကို စလုပ်သင့်ပြီ။ မရှင်း သေးသ၍ လက်ကျန်ကြောင့်ပဲ ဖြစ်ဖြစ်၊ ထပ် ထောင်တာတွေကြောင့်ပဲ ဖြစ်ဖြစ် လူတွေ သေကြရဦးမှာပဲ။ ထိခိုက်ဒဏ်ရာ ရနေဦးမှာပဲ။ ဒါကြောင့် တခုမှာချင်တာက မိုင်းရှင်းလင်းရေး လုပ်ငန်းတွေကို စလုပ်သင့် နေပြီ။

မေး။           ။ ICBL အနေနဲ့ လေ့လာထားတဲ့ နိုင်ငံတွေ အများကြီးရှိတော့ လက်ရှိ မြန်မာနိုင်ငံ အနေနဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်နေတဲ့ အခြေအနေက တိုးတက်မှုအဆင့် ဘယ်လောက် ရောက်နေပြီလို့ ပြောနိုင်မလဲ။

ဖြေ။           ။ မြန်မာပြည်မှာ လုံးဝ မရှင်းသေးတဲ့ အတွက် ဘယ်အဆင့်မှ မရောက်သေးဘူး။ ဘာရာခိုင်နှုန်းမှ မပြနိုင် သေးဘူး။ ဘယ်မှာမှ မလုပ်သေးတာ ဘယ်လိုလုပ် တိုးတက်မလဲ။

မေး။           ။ ကမ္ဘာ့နိုင်ငံတွေမှာ မိုင်းရှင်းတဲ့ လုပ်ငန်းစဉ်တွေ လုပ်ခဲ့ကြတယ်။ လေ့လာ တွေ့ရှိချက် အရ မြန်မာနိုင်ငံနဲ့ အလားသဏ္ဌာန် တူတဲ့ နိုင်ငံတွေ ရှိသလား။ ကမ္ဘာ့နိုင်ငံတွေ မဟုတ်ရင်တောင် အရှေ့တောင် အာရှမှာရော ရှိသလား။ ဘယ်နိုင်ငံရဲ့ အတွေ့အကြုံတွေကို အနီးစပ်ဆုံး သင်ခန်းစာယူလို့ ရနိုင်မလဲ။ အတုယူလို့ ရနိုင်မလဲ။

ဖြေ။           ။ ထပ်တူကျတဲ့ နိုင်ငံတော့ မရှိဘူး။ တယောက် တမျိုးစီပဲ။ နည်းနည်း တူတာလောက်ပဲ ရှိမယ်။ မြန်မာပြည် က အာဆီယံကို ကြည့်သင့်တယ်။ မြေမြှုပ်မိုင်း ဆက်လက် မသုံးစွဲဖို့ လက်မှတ်ထိုးထားတဲ့ နီးနီးနားနားက ထိုင်းနဲ့ ကမ္ဘောဒီးယားကို နမူနာ ယူသင့်တယ်။ အဲဒီနိုင်ငံ ၂ နိုင်ငံမှာ ထိခိုက်ဒဏ်ရာရတဲ့ နှုန်းတွေဟာ စာချုပ်ချုပ်လိုက်တဲ့ အချိန်က စပြီး ဝုန်းကနဲ ကျဆင်းသွားတယ်။ ပုပ်ပွညစ်ပတ်နေတဲ့ မြေကြီး၊ တနည်းအားဖြင့် မြေမြှုပ်မိုင်းတွေ ရှိနေတဲ့ မြေကြီးကို စိုက်ပျိုးစားသောက်လို့ ရတဲ့ မြေကြီး ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ မြန်မာက အဲဒီ ၂ နိုင်ငံကို ကြည့်ရင် ဥပမာကောင်း ဖြစ်လိမ့်မယ်။

မေး။           ။ အစိုးရဘက်က  ဒုက္ခသည်တွေ ပြန်လာပါ၊ နေရာတွေ စီစဉ်ပေးထားတယ် ဆိုပြီး ပြန်ခေါ်နေတာ ရှိတယ်။ ကျမ မယ်လဒုက္ခသည် စခန်းကို ရောက်တော့ ဒုက္ခသည်တွေက ပြောတယ်။ သူတို့ ပြန်မယ့်နေရာတွေမှာ စိုက်ပျိုး စားစရာနေရာတွေမှာ မိုင်းတွေ ရှိနေတုန်းပဲ လို့ ပြောတယ်။ ဒါကို အစိုးရဘက်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ ဘယ်လို ပူးပေါင်း ဖြေရှင်းလို့ ရနိုင်မလဲ။

ဖြေ။           ။ သီအိုရီ အရတော့ မိုင်းရှင်းပြီးမှ ဒုက္ခသည်တွေက ပြန်လာမှာပဲ။ မရှင်းလို့ကတော့ ဘယ်သူမှ ပြန်မလာဘူး။ လက်တွေ့မှာ မဖြစ်နိုင်ဘူး။ မစောင့်နိုင်လို့၊ သည်းမခံနိုင်တော့လို့၊ ဘယ်လိုမှ မနေနိုင်တော့လို့ ပြန်လာပြီး လုပ်ကိုင် စားသောက်ကြရင်တော့ ထိခိုက်ဒဏ်ရာ ရနှုန်းက မြင့်တက်လာပါလိမ့်မယ်။

မေး။           ။ ထပ်ပြီး ဖြည့်စွက် ပြောချင်တာ၊ အကြံပြုချင်တာများ ရှိသေးရင် ပြောပြပေးပါဦး။

ဖြေ။           ။ ၂၀၁၃ ခုနှစ် အစီရင်ခံစာထဲမှာ ICBL က မြန်မာနိုင်ငံ အစိုးရနဲ့ သွားတွေ့ခဲ့တဲ့ အကြောင်းပါတယ်။ အဲဒီမှာ မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း စာချုပ်ကို လက်မှတ်ထိုးဖို့ မဟုတ်သေးဘဲ အဲဒီလိုလုပ်ဖို့ စိတ်ဝင်စား ပါတယ် ဆိုတဲ့ အဆင့်စာချုပ်လောက်ကို လက်မှတ်ထိုးဖို့ ကိစ္စ အကြံပြု တိုက်တွန်းခဲ့တယ်။ မိုင်းမချရေး အတွက် မဟုတ်သေးဘူး။ မိုင်းမချရေး အတွက်ကို စိတ်ဝင်စားပါတယ် ဆိုတဲ့ အဆင့်လောက်ကို ကုလသမဂ္ဂမှာ နှစ်စဉ် လက်မှတ်ထိုးရတာ ရှိတယ်။ အဲဒါကို တိုက်တွန်းတာ။

စိတ်ဝင်စားပါတယ် ဆိုတဲ့ အဆင့်ကို လက်မှတ်ထိုးလိုက်တာနဲ့ မိုင်းမထုတ်လုပ် တော့ဘူး ဆိုတဲ့ အဆင့်ကို ရောက်မယ်။ အဲဒါက ဒီနှစ်လက်မှတ်ထိုးထားပြီး၊ နောက်နှစ်ကျရင် စိတ်မဝင်စားတော့ဘူး ဆိုပြီး ပြန်ပယ်ဖျက်လို့ ရတယ်။ အဲဒါကို လက်မှတ်ထိုးခြင်း အားဖြင့် မိုင်းမချလို့ ရလာနိုင်တဲ့ အကျိုးအမြတ်ကို ခန့်မှန်းလို့ ရတယ်။ အဲဒါကို အစိုးရက ကတိမပေးခဲ့ဘူး။ ဒါက စိတ်ရှုပ်စရာတခုပါ။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading