ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြောက်ဘက်တွင်ရှိသော မှော်တွင်းမြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူ အမျိုးသမီး ၁ ဦး၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် ထပ်မံတူးဖော် တွေ့ရှိခဲ့ပြီး သေဆုံးသူဦးရေ ၁၅ ဦးမှ ၂၀ ဦး အထိ ရှိနိုင်သည်ဟု သိရသည်။
“မြေစာတွေက အပေါ်ဘက်က ပိကုန်တာဆိုတော့ ဒီနေ့မနက်တွေ့တဲ့ အလောင်းတောင် ရုပ်ဖော်လို့ မရတော့ဘူး။ နောက်ထပ် ဖြစ်နိုင်တာက ခန္ဓာကိုယ် အစိတ်အပိုင်းတွေ၊ သို့မဟုတ် ကလီစာ စသည်ဖြင့် အဲဒီလိုမျိုးတွေပဲ ဖော်လို့ရတော့မယ် ထင်တယ်။ တကိုယ်လုံး ပြန်တွေ့ဖို့တော့ မဖြစ်နိုင်တော့ဘူး” ဟု ဖားကန့်မြို့နယ် လူထုအခြေပြု လုပ်ငန်းများ ဆောင်ရွက်နေသည့် ဦးမရန်ဂျာလက ဧရာဝတီကို ပြောသည်။
မှော်တွင်း မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူ ဦးရေ ၁၅ ဦးမှ ၂၀ ဦးခန့် အထိ ရှိနိုင်သည်ဟု ဦးမရန်ဂျာလက ဆက်ပြောပြီး ယင်းမြေစာပုံ အောက်ခြေ ပတ်ဝန်းကျင်တွင် အခြေကျ နေထိုင်သည့် တဲ ၈ လုံး ရှိနေကာ နေထိုင်သူ အများစုမှာ ကျောက်ရှာဖွေရန် လာရောက်သူများနှင့် ဈေးရောင်းချသူများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြေစာပုံ ပြိုကျသည့် နေရာသည် ဖားကန့်မြို့ မြောက်ဘက် မှော်မောင်းမွမ်၊ လမောင်ဂါး၊ သူဌေးချောင်းတို့နှင့် တမိုင် အကွာတွင် တည်ရှိပြီး ဇန်နဝါရီ ၆ ရက် ညနေ ၆ နာရီကျော်က ပြိုကျခဲ့ခြင်းဖြစ်ကြောင်း၊ ထိုဖြစ်ရပ်ကြောင့် သေဆုံးသူ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦး တို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိထားပြီးနောက် ယနေ့နံနက်ပိုင်းတွင် အမျိုးသမီး ၁ ဦး၏ ရုပ်အလောင်းကို ထပ်မံ ရှာဖွေတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
အမြင့်ပေ ၃၀၀ ခန့် ရှိသော ယင်းမြေစာပုံသို့ လာရောက်ပုံကြသည့် ကုမ္ပဏီများမှာ ဝေကုမ္ပဏီ၊ ယူနတီ ကုမ္ပဏီနှင့် ရတနာစိန် သီရိ ကုမ္ပဏီတို့ဖြစ်ကြောင်း ဦးမရန်ဂျာလက ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ ကုမ္ပဏီများက ပြိုကျသည့် နေရာတွင် ရုပ်အလောင်းများ ရှာဖွေရေး လုပ်ငန်းအတွက် စက်ယန္တရားများဖြင့် အကူအညီ ပေးနေကြောင်း၊ ထိုဒေသတွင် ကျောက်စိမ်း တူးဖော်နေကြသည့် ကုမ္ပဏီပေါင်း ရာနှင့်ချီ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဒေသတွင် ၂၀၀၈ ခုနှစ် ဇူလိုင်လ အတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြို၍ လူ၂၀ ကျော် သေဆုံးခဲ့မှု ဖြစ်ပေါ်ခဲ့ပြီး ၂၀၀၉ ခုနစ်တွင်လည်း မြေပြိုမှုကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ပြီး ယမန်နှစ်ကလည်း မြေပြို မှုကြောင့် လူဦးရေ ၄၀ ကျော် သေဆုံးခဲ့သည်။