အရင် တံတားဖြူလို့ ခေါ်တဲ့ ရန်ကုန် တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ခြေရာတွေ ထပ်ခဲ့ရတဲ့ နေရာတခုဟာ ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာပဲ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေါင်းဆောင်ပိုင်းတွေရဲ့ အမိန့်ပေး ခိုင်းစေမှုနဲ့ လုံထိန်း တွေရဲ့ ရိုက်ချက်တွေကြောင့် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ သွေးတွေနဲ့ တံတားနီ ဖြစ်ခဲ့ရတယ်လို့ အဲဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံခဲ့ရပြီး လက်ရှိမှာ လူ့အခွင့်အရေး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဦးအောင်မျိုးမင်းက ဆိုတယ်။
“ကိုယ့်အရှေ့မှာ ပထမဦးဆုံး အပြစ်မဲ့တဲ့ ကျောင်းသားတွေကို တံတားဖြူမှာ ရှေ့ကနေ ပိတ်ရပ်ပြီး နောက်ဘက်ကနေ လုံထိန်းတပ်က ကားတွေနဲ့ မောင်းဝင်လာပြီး တွေ့သမျှလူတွေကို သူတို့ တုတ်တွေနဲ့ ရိုက်ပြီးတော့ ကားပေါ်ကို ပစ်တင်လိုက်တာ မြင်ရတဲ့အခါ တော်တော်ကြီးကို လွန်သွားတယ်။ စိတ်က တကယ့်ကို ဘယ်လိုပြောမလဲ၊ အဲဒီ အချိန်တုန်းကဆိုရင် ပြန်ပြီးတော့ ရိုက်မိမလိုတောင် ဖြစ်ခဲ့တယ်။ ကျောင်းသားတွေ ဆွဲခေါ်သွားလို့၊ မဟုတ်ရင်တော့ စိတ်ကမရဘူး” သူက ပြောပြပါတယ်။
တကယ်တော့ အဲဒီအချိန်တုန်းက တက္ကသိုလ် ကျောင်းသားအရွယ် ကိုအောင်မျိုးမင်းဟာ လူ့အခွင့်အရေး ဆိုတာကို သေသေချာ မသိသေးပါဘူး။ သူ့မှာ မခံချင်တဲ့ စိတ်ရယ်၊ မတရားမှုပေါ်မှာ မှန်ကန်တဲ့ တရားစီရင်မှု ရှိစေချင်တာရယ်ပဲ ရှိတာလို့ လူ့အခွင့်အရေးကို ပထမဆုံး စတင်ထိတွေ့ ခံစားခဲ့ရတာကို ပြန်လည် တွေးတောရင်း ၁၉၈၈ ခုနှစ်က ဘဝ တဆစ်ချိုး အပြောင်းအလဲကို ပြန်ပြောင်း ပြောပြတယ်။
ဦးအောင်မျိုးမင်းက မော်လမြိုင်ဇာတိ အင်္ဂလိပ်စာမေဂျာနဲ့ တက်ရောက် သင်ယူနေတဲ့ ကျောင်းသားတဦး ဖြစ်ပါတယ်။
မော်လမြိုင်ကနေ ရန်ကုန်ကို ကျောင်းလာ တက်ရင်း အဲဒီခေတ်က ကျောင်းသူ၊ ကျောင်းသားတွေအတွက် အသင်းအဖွဲ့ လှုပ်ရှားမှုတွေ ဖြစ်တဲ့ ကြက်ခြေနီ၊ လမ်းစဉ်လူငယ် စတာတွေမှာ ပါဝင်လှုပ်ရှားခဲ့တယ်။
“အဲဒီတုန်းက ကျောင်းသားလှုပ်ရှားမှု ဆိုတာ ဘာမှမရှိဘူး။ ကျောင်းသားလှုပ်ရှားမှုနဲ့ တူတာဆိုလို့ ကြက်ခြေနီနဲ့ လမ်းစဉ်လူငယ်ပဲ ရှိတယ်။ အဲဒီမှာတော့ ကျနော် ပါဝင်တယ်။ စံပြ ကြက်ခြေနီအနေနဲ့လည်း ရခဲ့ဖူးတယ်။ လမ်းစဉ်လူငယ်လည်း ခေါင်းဆောင်သင်တန်း ဆင်းခဲ့ဖူးတယ်” လို့ သူက ရှင်းပြတယ်။
အဲဒီကာလက ကျောင်းအတွင်းမှာ လှုပ်ရှားမှု၊ အသင်းအဖွဲ့ ဆိုတာ အဲဒီ အဖွဲ့နှစ်ဖွဲ့ပဲ ရှိတော့ အဲဒီနှစ်ခုမှာသူ ပါဝင်ခဲ့ဖူး ပေမယ့် အဲဒါတွေကတော့ နိုင်ငံရေး ပုံစံမဟုတ်ဘူးလို့ သူက ဆိုပါတယ်။
“ဒါပေမယ့် လမ်းစဉ်လူငယ်ကတော့ နိုင်ငံရေး နည်းနည်း ဆန်တာပေါ့။ မဆလ ပါတီ (မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ) ရဲ့ အရံအင်အားဆိုပြီး ဖွဲ့ထားတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တာကိုး။ ဒါပေမယ့် ဒီလိုမျိုး ကျောင်းသားအရေး လှုပ်ရှားတဲ့၊ နိုင်ငံရေး ဆန်တဲ့၊ အတိုက်အခံနိုင်ငံရေးဆန်တဲ့ အဖွဲ့တွေက အဲဒီတုန်းက လုံးဝမရှိခဲ့ဘူး” လို့ ဦးအောင်မျိုးမင်းက ရှင်းပြပါတယ်။
ဦးအောင်မျိုးမင်းဟာ ကြက်ခြေနီအသင်း လှုပ်ရှားမှုမှာ ပါဝင်ရင်း RIT ကျောင်းသား ကိုဖုန်းမော်နဲ့ ညီအစ်ကိုလို ခင်မင်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ တရက်မှာ အစိုးရ သတင်းစာက ကိုဖုန်းမော် သေဆုံးမှုနဲ့ ပတ်သက်ပြီး ကိုဖုန်းမော်ဟာ ဆူပူလှုပ်ရှားတဲ့ ကျောင်းသားတယောက် ဖြစ်ကြောင်း၊ ဆူပူလှုပ်ရှားမှုမှာ ပါဝင်ရင်း ဝါးချွန်နဲ့
ထိုးမိပြီး သေဆုံးကြောင်း ကြေညာခဲ့တာကို ထိုစဉ်က ကိုအောင်မျိုးမင်း ဖတ်လိုက်ရပါတယ်။
ရိုးသားအေးဆေးပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့၊ ရန်ကုန်တက္ကသိုလ်ပေါင်းစုံက ကြက်ခြေနီအသင်းဝင် ကျောင်းသား၊ ကျောင်းသူတွေ ခင်မင်ရတဲ့ ကိုဖုန်းမော်တယောက် တကယ်ပဲ ဝါးချွန်ထိုးမိပြီး သေဆုံးတာလား၊ ဒါမှဟုတ် ဘယ်လို သေဆုံးခဲ့ရသလဲ ဆိုတာကို ဦးအောင်မျိုးမင်းတို့ ကျောင်းသားတချို့ စုံစမ်းရင်း အစိုးရရဲ့ လိမ်လည် ဖန်တီးမှု တွေကို သိရှိခဲ့ရတယ်လို့ ဦးအောင်မျိုးမင်းက အဲဒီတုန်းက အခြေအနေတချို့ကို ပြန်လည် ပြောပြတယ်။
“အဲဒီအချိန်ကျမှ၊ ငါတို့ လေးစားရတဲ့၊ ငါတို့ကို ကောင်းအောင် သွန်သင်ဆုံးမ ထားတယ်လို့ ထင်ရတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရဟာ ငါတို့ရဲ့ သူငယ်ချင်းကြီးကိုတောင် ဒါမျိုးလုပ်ပါလား ဆိုတဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်ကြောင့် ဒေါသထွက်ခဲ့ရတယ်” လို့ ဦးအောင်မျိုးမင်းက ဆိုတယ်။
ဦးအောင်မျိုးမင်းဟာ တံတားနီ အရေးအခင်း မဖြစ်ခင်က နိုင်ငံရေးနဲ့ ပတ်သက်ပြီး တရားမှု၊ မတရားမှု ဆိုတာတွေကို မသိရှိခဲ့ဘဲ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ဖော်ပြသမျှ သတင်းစာ၊ ကြားသမျှ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှာ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေက ပြည်သူတွေကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်ပြီး တိုင်းပြည်ကို
မတည်ငြိမ်အောင် လုပ်ဆောင်နေတဲ့ သူများအဖြစ် ဝါဒဖြန့်မှု တွေကို အမှန်လို့ထင်နေခဲ့ပါတယ်။
“ဝါးချွန်နဲ့ ထိုးမိပြီး သေတာမဟုတ်ဘဲ၊ သေနတ်နဲ့ သေခဲ့ရတဲ့ ကိုဖုန်းမော်နဲ့ တဦးချင်း ရင်းနှီးတယ်ဆိုတဲ့ စိတ်ကနေ
သူ့အတွက် အမှုမှန်ပေါ်ဖို့၊ အမှန်အတိုင်း အစိုးရက ထုတ်ပြန်ဖို့ တောင်းဆိုရင်းနဲ့ ကျောင်းသားလှုပ်ရှားမှုမှာ စ ပါလာတာပဲ” လို့ သူ ကျောင်းသားလှုပ်ရှားမှုမှာ စတင်ပါဝင်ခဲ့တဲ့ အခြေအနေကို ပြန်လည် ကိုအောင်မျိုးမင်းက ပြောပြပါတယ်။
ဦးအောင်မျိုးမင်းဟာ အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဆန့်ကျင်တောင်းဆိုတဲ့ ၈၈ ကျောင်းသား လှုပ်ရှားမှုမှာ တောက်လျှောက် ပါဝင်ရင်း မတရားမှုတွေကို စတင် ထိတွေ့ခဲ့ရပါတယ်။ ၈ လေးလုံး အရေးအခင်းမှာ ကျောင်းသား တွေနဲ့အတူ မဆလ အစိုးရရဲ့ မတရားမှုတွေကို လိုက်လံ ဟောပြောရင်း ဦးအောင်မျိုးမင်းဟာ မွန်ပြည်နယ်ရဲ့
ကျောင်းသားစည်းရုံးရေးမှူး တာဝန်ယူပြီး ကျောင်းသားတွေကို စည်းရုံးခဲ့တယ်။
“မော်လမြိုင်မှာက အဲဒီခေတ်တုန်းက စီးပွားရေးခေတ်၊ နယ်စပ်ကနေ ကုန်တွေ မှောင်ခိုကူးတဲ့ ခေတ်ဆိုတော့ ရန်ကုန်မှာ ဘာတွေဖြစ်နေလဲ ဆိုတာ ကျောင်းသားတွေ မသိကြဘူး။ ဒီလိုမျိုး အရေးအခင်းကိုလည်း စိတ်မဝင်စားကြဘူး။ အဲဒီကနေ လူထုပါဝင်တဲ့ သပိတ်စခန်းတွေ ပေါ်ပေါက်လာအောင် စည်းရုံးတာတွေ၊ တရား လိုက်ဟောတာတွေ လုပ်ဆောင်ရင်းနဲ့ စည်းရုံးရေး တာဝန် ယူလိုက်တာပဲ။ ရန်ကုန်မှာ နာမည်ကြီးနေတဲ့ ဗကသ လို၊ မကသ လို အဖွဲ့တွေကိုတော့ ကျနော် ဘာတခုမှ ဝင်ခဲ့တာ မရှိဘူး။ တောခိုတဲ့ သူတွေထဲမှာလည်း ရန်ကုန်က လူတွေထက် နယ်က လူတွေများပါတယ်” လို့ ဆောင်ရွက်မှု အခြေအနေတွေကို ပြန်ပြောပြတယ်။
နယ်လှည့်စည်းရုံးနေရင်း မုဒုံမြို့ရဲ့ ဆုတောင်းပြည့် သပိတ်စခန်းမှာ ရောက်နေစဉ် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် နေ့မှာ မဆလ အစိုးရက တနိုင်ငံလုံးကို အာဏာသိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ကြေညာပြီး တရက် အတွင်းမှာပဲ ဦးအောင်မျိုးမင်းတို့ ရှိနေတဲ့ မုဒုံစခန်းကို အစိုးရက ဖျက်သိမ်းပစ်ဖို့ အမိန့် ထုတ်ပြန်ခဲ့တယ်။ ကျောင်းသားအဖွဲ့က
ဖျက်သိမ်းဖို့ကို လက်မခံဘဲ ဆက်လက်ရှိနေကြတဲ့အတွက် လုံထိန်းတပ်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။
“ပစ်ခတ်မှုတွေ ဖြစ်ပြီးတော့ နောက်နှစ်ရက်လောက်မှာ ကျနော်တို့အနေနဲ့ တောလမ်းကပဲ ထွက်သွားတယ်။ ကျနော်တို့နဲ့ အတူ မြို့က လူငယ် ကျောင်းသားတွေ ပါတယ်။ တဖွဲ့ကတော့ ဘုရားသုံးဆူဆိုတဲ့ မွန်စခန်း ရောက်သွားတယ်။ ကျနော်တို့ အဖွဲ့ကတော့ သီဘောဘိုး ဆိုတဲ့ ကရင် စခန်းရောက်သွားတယ်။ ကျနော်တို့ သီဘောဘိုး ရောက်တဲ့အချိန် အဲဒီမှာ ကျောင်းသား ခြောက်ထောင်လောက် ရှိနေပြီ။ အဲဒီကျောင်းသား ခြောက်ထောင်ကနေ စခန်းမှာ နေပြီးတော့ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ကို ဖွဲ့ရင်းနဲ့ အဖွဲ့ဝင် ဖြစ်သွားတာပဲ” လို့ လက်နက်ကိုင် တပ်ဖွဲ့ဝင် ဖြစ်ခဲ့ပုံကို ဦးအောင်မျိုးမင်းက ပြန်လည်ပြောပြပါတယ်။
မဆလ အစိုးရ အာဏာသိမ်းပြီးနောက်မှာ ကျောင်းသားထုတရပ်လုံးဟာ သပိတ်စခန်း အသီးသီးကနေ နီးစပ်ရာ အိန္ဒိယ နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ေ ကျာင်းသားအများစုက ထိုင်းနိုင်ငံ နယ်စပ်တွေကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။
“ကျနော်တို့ကတော့ ထိုင်းနယ်စပ်ပေါ့။ တော်တော်များများ ကတော့ ထိုင်းနယ်စပ် ဖြစ်တဲ့ မွန်ဒေသရယ်၊ ကရင် ဒေသရယ်၊ ကရင်နီ ဒေသရယ်၊ နောက် ထားဝယ်ဒေသရယ်ပေါ့။ အဲဒီဒေသတွေမှာ စခန်းလေးခုလောက်ကို အဓိက ထားပြီး ရောက်သွား ကြတယ်။ ကျနော်တို့ သွားတုန်းက အဖွဲ့ဆိုရင် မွန်ပြည်နယ်နဲ့ မုဒုံက ကျောင်းသား နှစ်ရာကျော်လောက် ပါတယ်။ လမ်းမှာလည်း တခြားကျောင်းသားတွေက ရှေ့မဆက်နိုင်ဘဲနဲ့ ကျနော်တို့နဲ့ ပေါင်းတာတွေလည်း ရှိတော့ နောက် သီဘောဘိုး စခန်းကို ရောက်တော့ အဲဒီတရက်တည်း မှာပဲ သီဘောဘိုးမှာ ကျောင်းသား ခြောက်ရာကျော်လောက် ဝင်လာခဲ့တယ် ” လို့ ဦးအောင်မျိုးမင်းက ပြောတယ်။
အဲဒီတုန်းက ကျောင်းသားတွေဟာ အစိုးရရဲ့လုပ်ရပ်တွေကို လက်စားချေချင်တဲ့ စိတ်တွေနဲ့ လက်နက်ကိုင် တော်လှန်ဖို့ ရည်ရွယ်ချက်ကိုယ်စီနဲ့ နယ်စပ်ဒေသတွေဆီ ထွက်ပြေးခဲ့ကြပေမယ့် ဘယ်သွားမလဲ၊ ဘယ်လိုသွားမလဲ ဆိုတဲ့ နေရာမသိ၊ လမ်းမသိနဲ့ နယ်စပ်သွားတဲ့ လမ်းခရီး တလျှောက်မှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရသေးကြောင်း သူက ဆိုပါတယ်။
“တခါမှာ အဲဒီဘက်ကို မသွားဖူးကြဘူး။ အဲဒီတော့ ဘာလုပ်ကြသလဲ ဆိုရင် ရွာတရွာ ရောက်သွားရင် အဲဒီက ရွာသူကြီးက လမ်းပြ တယောက် ထည့်ပေးလိုက်တယ်။ အဲဒီလမ်းပြက နောက်ရွာကို ပို့ပေးတယ်။ တရွာပြောင်းရင် နောက်ထပ် လမ်းပြ တယောက် ထည့်ပေးလိုက်တယ်။ အဲဒီလမ်းပြက ညနက်ရင် အိပ်၊ နေ့ခင်းဆိုသွား ရောက်တဲ့ရွာတွေမှာ ထမင်းစားရတယ်၊ လမ်းမှာ လေးရက်လောက်ကြာတယ်။ ပထမတော့ ဘယ်သွားလို့ သွားမှန်းမသိ၊ ဘယ်စခန်းလဲမသိ၊ ဘယ်ရောက်လို့ ရောက်မှန်းမသိနဲ့ လမ်းပြကိုပဲ အားကိုးပြီး အဖွဲ့လိုက်တပုံကြီး လိုက်သွားရတာ။ ဟိုရောက်တော့မှာ ဒီနေရာက
KNU တို့ရဲ့ သီပေါပိုး စခန်းဆိုတာသိတယ်” လို့ ဦးအောင်မျိုးမင်းက အခက်အခဲတွေကို ပြန်လည် တွေးတောရင်း ပြောတယ်။
ကျောင်းသားများဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ထားရာနေ၊ ကျွေးတာ စားပြီး အစိုးရကို ပြန်လည် ခုခံဖို့ စစ်ရေး လေ့ကျင်မှုများကို တနှစ် နီးပါးခန့် သင်ယူခဲ့ရတယ်လို့ ဆိုတယ်။ ABSDF ရဲ့ တပ်ရင်းမှာ ဦးအောင်မျိုးမင်းဟာ စခန်းမှာတော့ နိုင်ငံခြားရေး ဆက်ဆံရေး တာဝန်ယူခဲ့တယ်။ စစ်တပ်ဘက်မှာတော့ တပ်ရင်း ဗိုလ်ကြီး တာဝန်ယူခဲ့တဲ့ အခြေအနေ တချို့ကိုလည်း မှတ်မှတ်ရရ ပြန်လည် ပြောပြတယ်။
“တပ်ထဲဝင်ပြီး တနှစ်လောက်နေမှ သေနတ်ကိုင်ရတယ်။ ကျနော်တို့ ကျောင်းသားတွေဆိုတာ သေနတ်ကို အရမ်း ကိုင်ချင်ခဲ့ကြတာ၊ လက်စား ချေချင်တာကိုး။ အဲဒီတုန်းက စိတ်က တကယ့်ကို ကိုယ့်ရှေ့မှာ မတရား လုပ်ခဲ့တာတွေ၊ သတ်ပစ်တာ မြင်တော့ ကိုယ့်စိတ်က လက်စားချေချင်တဲ့ စိတ်ပဲ ရှိတယ်။ ကျနော်က စည်းရုံးရေးသမားဆိုတော့ သေနတ်အတို ကိုင်ရတယ်။ သေနတ်အတိုကိုင်ရင် လူလေးစားတယ်ပေါ့။ ဒါကြောင့် အဲဒီအရှိန်နဲ့ မြောက်ကြွမြောက်ကြွ ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် ကျနော်က တိုက်ပွဲ သိပ်မသွားရဘူး။ အမြဲတမ်း တိုက်ပွဲ မဖြစ်တဲ့ နေရာမျိုးမှာ နောက်ပိုင်းမှာ နောက်တန်းကို ပြန်လာပြီး နိုင်ငံခြားရေး တာဝန်ကို ထမ်းဆောင်ရတာ ပိုများတယ်” လို့ တပ်တွင်း အတွေ့အကြုံတချို့ကို သူက ပြောပြတယ်။
လက်နက်ကိုင် တပ်ဖွဲ့ဝင်ပြီး နောက်ပိုင်းမှာမှ ဦးအောင်မျိုးမင်းဟာ ကျောင်းသားတပ်မတော်ရဲ့ ရဲဘော်တယောက် အနေနဲ့ ဝင်ရောက်ပြီး တိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုများကို ပိုပြီး တစိုက်မတ်မတ် လုပ်ဆောင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျောင်းသားတွေရဲ့ အဖြစ်အပျက်ကို တွေ့ရတယ်ဆိုတာက ရန်ကုန်မြို့တမြို့စာ မြင်ကွင်းလောက်ပဲ ရှိတယ်။ တိုင်းရင်းသား ပြည်နယ်တွေက ဒီထက်ဆိုးတယ်။ ကျနော်တို့ ရောက်သွားတဲ့ ကရင်ဒေသတွေမှာဆို အဲဒီလို အဖြစ်အပျက်တွေကို ကရင်တိုင်းရင်းသားတွေ ခံနေရတာ နှစ်နဲ့ ချီနေပြီ။ ရွာတွေ မီးရှို့ပြီး သတ်တာတွေက သူတို့တွေ အမြဲတမ်း ကြုံတွေ့နေရတဲ့ ကိစ္စလို ဖြစ်နေပြီ။ ကိုယ့်ထက် ဆိုးတဲ့၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့၊ မတရားမှုကို ရင်ဆိုင်လိုက်ရတဲ့ အခါမှာတော့ သြော် … ငါကြုံတွေ့ရတာ နည်းပါသေးလား၊ သူတို့ ကြုံတွေ့နေတာတွေက အများကြီး ရှိနေတယ်။ သူတို့ကို ငါပိုပြီးတော့ လုပ်ပေးသင့်တယ် ဆိုတဲ့ စိတ်ဓာတ်တွေ ပိုပြီတော့ ပေါက်ဖွားလာရင်းနဲ့ အခုလို လူ့အခွင့်အရေး ကိစ္စကို တကယ့်ကို အတွင်းကျကျ လုပ်ဖြစ်သွားတယ်” လို့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို ဇောင်းပေးလုပ်ဖို့ တွန်းအားဖြစ်စေတဲ့ အခြေအနေတွေကို ပြန်လည် သူက ပြောပြတယ်။
သူနယ်စည်းရုံးရေး ဆင်းတဲ့အခါမှာ တိုင်းရင်းသားတွေဟာ နည်းလမ်းမျိုးစုံနဲ့ မျိုးဆက် အလိုက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံစားနေရတယ်ဆိုတာ သူ တွေ့လာရတယ်လို့ သိရပါတယ်။
“တိုင်းရင်းသား နယ်မြေတွေကို ရောက်လို့ ချိုးဖောက်မှုတွေ ဘာတွေရှိနေသလဲလို့ ကြည့်လိုက်၊ အခွင့်အရေး ချိုးဖောက်မှု အကုန်ရှိနေတယ်။ ပထမဆုံး သူတို့ ကြုံတွေ့နေရတာက ၁၉၈၉ လောက်ကဆို ပေါ်တာ ဆွဲတာပဲ။ တရွာမှာ
ဘယ်နှယောက် မဖြစ်မနေ လိုက်ရတယ်။ လမ်းမှာ တွေ့လည်း လိုက်သွားရတယ်၊ အိမ်ပေါ် တက်ဖမ်းလည်း လိုက်သွားရတယ်။ ပေါ်တာက သူတို့ဆီမှာ အဆိုးဆုံးပဲ” လို့ ဦးအောင်မျိုးမင်းက သူကြုံတွေခဲ့ရတာတွေကို ပြန်ပြောပြတယ်။
နောက် တချက်ကတော့ တိုင်းရင်းသား လက်နက်ကိုင် တွေကို အားပေးတယ်ဆိုတဲ့ ပြစ်ချက်နဲ့ အကြောင်းမရှိ အကြောင်းရှာ ညှဉ်းပမ်းနှိပ်စက်၊ သတ်ဖြတ်မှုတွေ ရှိတယ်လို့ သူက ဆိုတယ်။
“နောက်တခုက အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ သူတို့ဆီမှာ ဒါက လိုင်စင်ရထားသလိုပဲ။ ကြိုက်သလို အရေးယူလို့ ရတယ်၊ သတ်ပစ်လည်း ဘာမှ မဖြစ်ဘူး။ မသေလို့ လာပြီးတိုင်ရင်လည်း ဘယ်သူမှ အရေးယူမှု မရှိဘူး” လို့ သူက ဆက်ပြောတယ်။
တိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို မြင်ရ၊ ကြားရတဲ့နောက်မှာ ဦးအောင်မျိုးမင်းဟာ လူ့အခွင့်အရေး လှုပ်ရှားမှုကို လုပ်ဆောင်ဖို့ ပိုပြီး စိတ်ဓာတ်ပြင်းထန် ခဲ့ရတယ်။ အခုလို တိုင်းရင်းသား လူမျိုးတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုရဲ့ သက်ရောက်မှုဟာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း တောင်ယာ အလုပ်တွေကို ထားပြီး ဆုတ်ခွာခဲ့ကြရသလို၊ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေလည်း ပျောက်ကွယ်ရတယ်၊ ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေး အားလုံးကိုလည်း ထိခိုက်စေတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
ဦးအောင်မျိုးမင်းဟာ လူ့အခွင့်းအရေးနဲ့ ပတ်သက်ပြီး ၁၉၈၉ ခုနှစ်လောက်မှာ စတင်လေ့လာခဲ့ပြီး နောက်ပိုင်းမှာ ကျောင်းသားတပ်ဖွဲ့မှာ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မိခဲ့ ပြီးတဲ့နောက် လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
“လူ့အခွင့်အရေးဆိုတာ ဘာလဲ လေ့လာချင်ရင်းနဲ့ တောထဲရောက်ပြီး ၈၉ လောက်မှ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ UDHR ဆိုတဲ့ စာတန်းလေးကို သင်တန်းရဲ့ စာကြည့်တိုက်မှာ ဖတ်မိမှ ဒီအခွင့်အရေးတွေက ဒါတွေ ရှိသားပဲ ငါတို့ တိုင်းပြည်က လူတွေမှာ ဒီအခွင့်အရေးတွေ မရှိကြပါလားဆိုပြီး သူတို့အတွက် လုပ်ပေးချင်တဲ့ ဆန္ဒနဲ့ လက်နက် ကိုင်တာထက် စာရင်၊ လူ့အခွင့်အရေး လှုပ်ရှားမှုက ငါနဲ့ ပိုကိုက်ပါလားဆိုပြီးတော့ လူ့အခွင့်အရေးဘက်ကို ခြေစုံကူးဖြစ် သွားတာပါ။ ခံစားရတဲ့သူတွေ ဘက်က ခံစားနားလည်ရာကနေ ကျနော့်ကို တွန်းအားပေးခဲ့တာပဲ” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
ဦးအောင်မျိုးမင်းဟာ လူ့အခွင့်အရေး လှုပ်ရှားမှုတွေအနေနဲ့ ၁၉၉၂ ခုနှစ်လောက်က စပြီး ထဲထဲဝင်ဝင် ဆောင်ရွက် ခဲ့ပါတယ်။ လူ့အခွင့်အရေး ကိစ္စတွေနဲ့ လာရောက်စုံစမ်းတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ကူညီပေးတာမျိုးက အစ ABSDF ရဲ့စာစောင်တွေမှာလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သတင်းတွေ တစိုက်မတ်မတ် ရေးသားခဲ့ပါတယ်။
အခုဆိုရင် ဦးအောင်မျိုးမင်းဟာ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အတွေ့အကြုံ အနှစ်နှစ်ဆယ်ကျော် ရှိနေပြီး ၂၀၀၀ ပြည့်နှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ ဦးအောင်မျိုးမင်း ကိုယ်တိုင် ဦးစီးတဲ့ လူ့အခွင့်အရေး ပညာပေးဌာန မြန်မာနိုင်ငံ (Human Right Education Institute of Burma – HREIB) ကို ထူထောင်ခဲ့ပါတယ်။
ဦးအောင်မျိုးမင်းဟာ ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု တွေကို ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ သူဟာ လူ့အခွင့်အရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ ပြည်ပကျောင်းတွေက ပေးအပ်တဲ့ ဆု ၇ ဆုကိုလည်း ရရှိထားပါတယ်။
စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက လက်ရှိအချိန်မှာ တိုးတက်မှုတွေ ရှိလာပေမယ့် အားရမှု မရှိသေးဘူးလို့ သူက ပြောပါတယ်။
“အနှစ် နှစ်ဆယ်ကျော် လူ့အခွင့်အရေး လုပ်ဆောင်မှုတွေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကိုကြည့်ရင် ကိုယ့်လုပ်ဆောင်မှု အပေါ် ကျေနပ်တယ်၊ အားမရသေးဘူး။ အခုလို မြန်မာပြည် ပြန်လာနိုင် ရှိတာကိုက ကျေနပ်ချင်း တမျိုးပါ။ နောက်တခါ တိုးတက်မှုတွေက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ အရပ်သား အစိုးရလို့ အမည်ခံတဲ့ အစိုးရသစ် ပေါ်လာတာတွေ၊ နောက်တခါ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေတချို့ ပေါ်လာတာတွေကို ကျေနပ်တယ်။ ဒါပေမယ့် အားရမှု ရှိလားဆိုတော့ မရှိသေးဘူး” လို့ သူက ဆိုပါတယ်။
ဦးအောင်မျိုးမင်းဟာ မြန်မာနိုင်ငံမှာ Equality Myanmar အမည်နဲ့ အဖွဲ့ကို အတည်တကျ ဖွဲ့စည်းလိုက်ပြီး လူ့အခွင့်အရေး ပညာပေးမှု၊ လူ့အခွင့်အရေး စည်းရုံးလှုပ်ဆော်မှု အပိုင်းတွေကို အဓိက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုတာ အစိုးရ ချိုးဖောက်မှ လူ့အခွင့်အရေး ချိုးဖောက်မှု မဟုတ်ဘူး။ နိုင်ငံသား တယောက်၊ လူတယောက်ကို သူ့ရဲ့ အခွင့်အရေး ချိုးဖောက်မှုက ဘယ်သူချိုးဖောက်သည် ဖြစ်စေ ဘယ်အဖွဲ့ပဲ ချိုးဖောက်သည် ဖြစ်စေ လူ့အခွင့်အရေး ချိုးဖောက်မှုက လူ့အခွင့်အရေး ချိုးဖောက်မှုပဲ” လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။
“ဦးအောင်မျိုးမင်း ရရှိခဲ့သည့်ဆုများ”
2006 Outstanding Advocate, center for the Study of Human rights,
Columbia University, NY
2000 Honor of Courage, San Francisco City Council for excellent work for
the LGBT groups in Burma
1999 Felipa De Souza Award, by the International Gay and Lesbian Human
Rights Commission
1998 Human Rights Award, Toranto University, Canada,
1993 Human rights Advocate, New York University, NY
1993 Human rights Advocate, Amnesty International, NY, USA
1993 Human Rights defender, Columbia University, Class of 93. USA