Human Rights

လက်ပံတောင်းတောင် ဒေသခံများအရေး ရှေ့နေများ ကွန်ရက်မှ ကူညီသွားမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လက်ပံတောင်းတောင် အရေး၌ နည်းမျိုးစုံနှင့် တရားစွဲခံထားရသည့် ဒေသခံများ၏ အမှုကိစ္စများကို ရှေ့နေများကွန်ရက်မှ ကူညီ ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

ရှေ့နေဦးသိန်းသန်းဦးက “လက်ပံတောင်းတောင် ဒေသခံတွေကို သံဆူးကြိုးခိုးမှုနဲ့ အကျိုးဖျက်ဆီးမှု ဆိုပြီး ပုဒ်မ ၄၂၇ နဲ့ ဖွင့်ထားတာတွေ ရှိတယ်။ မဝင်းဌေး အပါအဝင် လူ ၅၀ ဆိုပြီး ဖွင့်ထားတယ်။ အဲဒီထဲက ကျန်တဲ့ ၄၉ ဦးနာမည်ကို မသိရဘူး။ ဒါပေမယ့် ရွာသားတွေဘက်က အမှုဖွင့်တာကျတော့ မရဘူး။ ဒါကြောင့် ကျနော်တို့က ရွာသားတွေကို တရားစွဲဆိုထားတဲ့ အမှုတွေအားလုံးမှာ ဒေသခံတွေဘက်က အမှုလိုက်ပေး မယ်” ဟုဧရာဝတီကို ပြောသည်။

မကြာသေးမီက သေနတ်မှန် သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်းအမှုကို တရားစွဲဆိုနိုင်ရန် ဆားလင်းကြီး မြို့နယ်ရဲ စခန်းသို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့က အမှုဖွင့်တိုင်ကြား ခဲ့သော်လည်း ယနေ့အချိန်ထိ အမှုကို ခွင့်ပြု၊ မပြုဆိုသည်ကို ရဲစခန်းမှ အကြောင်းမကြား သေးကြောင်း သိရသည်။

“ကျနော်တို့ကတော့ ဒေါ်ခင်ဝင်း သေဆုံးမှုကို အမှုဖွင့်ဖို့ ကြိုးစားနေတယ်။ အခုထိတော့ ရဲစခန်းက အကြောင်းမကြားသေးဘူး။ တိုင်ကြားပြီး တပတ်စောင့်ရမယ်ဆိုတော့ သူတို့ လက်ခံ၊ မခံဆိုတာ ဒီ ၁၀ ရက်နေ့လောက်ဆို သိရပြီ” ဟု ဦးသိန်းသန်းဦးက ဆိုသည်။

ရွာသားများ၏ နစ်နာဆုံးရှုံးမှုများကို ပထမတကြိမ် အမှုဖွင့်ရန် ကြိုးစားခဲ့သော်လည်း သက်ဆိုင်ရာ ရဲစခန်းမှ လက်မခံခဲ့ကြောင်း ထို့ကြောင့် ရှေ့နေများကွန်ရက်က ကူညီပြီး ရွာသားများ၏ နစ်နာဆုံးရှုံးမှုများအတွက် ပြစ်မှုကြောင်း၊ တရားမကြောင်းမှ ရင်ဆိုင်သွားရန် စီစဉ်နေကြောင်း သိရသည်။

ထို့အပြင် လက်ပံတောင်းဒေသတွင် နှစ်နှစ်နီးပါးကြာ ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အမိန့်သည်လည်း ဥပဒေအရ မညီညွှတ်သည့်အတွက် ပြန်လည်ရုပ်သိမ်းပေးရန် ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှေ့နေ ဦးသိန်းသန်းဦးက ဆက်ပြောသည်။

“အခု လက်ပံတောင်းတောင် ဒေသမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ အမိန့်ဟာ အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ထုတ်ပြန်ထားတာ။ အဲဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီဘူး။ ဒီ ပုဒ်မ ၁၄၄ ဟာ အကျုံးမဝင်ဘူး ဆိုတာကို ကျနော်တို့က ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ပြည်ထောင်စု ခုံရုံးအထိကို ဥပဒေကြောင်းအရ လုပ်ဆောင်သွားဖို့ ရှိတယ်” ဟု သူကဆိုသည်။

ပုဒ်မ ၁၄၄ သည် တရားစီရင်ရေး အာဏာသာဖြစ်ပြီး အုပ်ချုပ်ရေးမှူးများအနေဖြင့် ကျင့်သုံးခွင့်မရှိကြောင်း စစ်အစိုးရလက်ထက် ပြည်ထဲရေး ဝန်ကြီးဌာနမှ အထွေထွေ အုပ်ချုပ်ရေးမှူးများသို့ ယင်းအာဏာကို အပ်နှင်းခဲ့သည်မှာ မှန်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ဝင်ပြီးနောက် အဆိုပါအမိန့်များမှာ ပျက်ပြယ်ပြီဟု ခုံရုံးက ဆုံးဖြတ်ထားကြောင်း ရှေ့နေဦးသိန်းသန်းဦးက ရှင်းပြသည်။

၂၀၁၂ ခုနှစ် ဇူလိုင်လက လက်ပံတောင်းတောင် ဒေသအတွင်း ထုတ်ပြန်ခဲ့သည့် ပုဒ်မ ၁၄၄ ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့က ထပ်မံ သက်တမ်း ၂ လ တိုးမြှင့်ခဲ့ကြောင်း သိရသည်။

ရှေ့နေများကွန်ရက်မှ ရှေ့နေဦးကြီးမြင့်ကလည်း “လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဥပဒေအရ ရပ်ဆိုင်းဖို့ ကျနော်တို့ ရှေ့နေတွေကလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်။ အဲဒီလို ကူညီပေးရင်းနဲ့ လယ်သမားတွေရဲ့ အခွင့်အရေး ဆုံးရှုံးမှုတွေကိုလည်း ဆောင်ရွက်သွားမယ်” ဟု ဆိုသည်။

လက်ရှိအခြေအနေတွင် လျော်ကြေး မယူရသေးသည့် ခြံစည်းရိုးခတ်ထားသော မြေနေရာမှ သီးနှံများကို ဝမ်ပေါင်ကုမ္ပဏီဘက်မှ နေ့စဉ် ဖျက်ဆီးနေကြောင်း ဒေသခံများကဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပုလဲမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်တို့ တွေ့ဆုံရာတွင် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးမှ မြေယာသိမ်းယူ ခြံစည်းရိုးခတ်မှုများကို ကြားကာလတွင် ရပ်ဆိုင်းထားမည်ဟု ကတိပေးထားပြီးဖြစ်သည်။

“တုံရွာလမ်းမနဲ့ ဆည်တည်း၊ ဇီးတောရွာကြားက မြေနေရာတွေမှာ ဒီနေ့အထိ ဘူဒိုဇာတွေနဲ့ သီးနှံတွေကို လာဖျက်နေတုန်းပဲ။ ရွာသားတွေလည်း မကျေနပ်လို့ နေ့စဉ်လိုလို ကန့်ကွက်ဆန္ဒပြနေကြတယ်။ ဒါပေမယ့် သူတို့က ဂရုမစိုက်ပါဘူး။ ဆက်လုပ် နေကြတယ်” ဟု တုံရွာသား ကိုမင်းမင်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်က မိုးကြိုးပြင်ရွာနှင့် ဆည်တည်းကျေးရွာ အနီးရှိ လျော်ကြေးရယူထားခြင်း မရှိသည့် လယ်ယာမြေများကို ဝမ်ပေါင် ကုမ္ပဏီဘက်မှ ခြံစည်းရိုး ဝင်ခတ်ခဲ့ပြီးနောက် လယ်သမားများနှင့် လုံထိန်းများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာ၊ လုံထိန်းများ ပစ်ခတ်သည့် သေနတ်ထိမှန်၍ အသက် ၅၇ နှစ် အရွယ် ဒေါ်ခင်ဝင်း သေဆုံးခဲ့ပြီး လူ ၉ ဦးခန့် ထိမှန်ကာ လူ ၄၀ နီးပါးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading