လူသတ်မှု ကျူးလွန်ခဲ့ပြီး ရဲစခန်းတွင် ဖြောင့်ချက်ပေးထားသည့် သရုပ်ဆောင်/ ဒါရိုက်တာ မင်းအုပ်စိုး အမှုကို နှစ်ပတ်ကျော် ကြာသည်အထိ မှုခင်းဆရာဝန်၏ ဆေးစစ်ချက် မရရှိသေးသောကြောင့် တရားစွဲဆိုနိုင်ခြင်း မရှိသေးဘဲ ဗဟန်းမြို့နယ် တရားရုံး၌ ယနေ့တွင် ဒုတိယအကြိမ် ရီမန် (ချုပ်မိန့်) ရယူထားကြောင်း သိရသည်။
“ဆေးစစ်ချက်တော့ မရသေးဘူး။ အမှုစစ်က တယောက် သက်သက်ဆိုတော့ ကျနော့်ဆီ ဆေးစစ်ချက် မရောက်သေးဘူး။ ဒီလ ၂၂ ရက်မှာ အနောက်ပိုင်းခရိုင် တရားရုံးမှာ တရားစွဲမယ်။ တရားစွဲဆိုဖို့ကို ခရိုင်ဥပဒေရုံးက ဥပဒေအကြံ ယူရသေးတယ်။ ဒါကြောင့် ရမန်ယူတာ” ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးခင်မောင်ကြည်က ပြောသည်။
လက်ရှိအချိန်တွင် မင်းအုပ်စိုးကို တရားစွဲနိုင်မည့် လုံလောက်သည့် အချက်အလက်များ ရရှိရန် ဗဟန်း မြို့နယ်ရဲစခန်းက စစ်ဆေးမှုများ ပြုလုပ်နေပြီး စစ်ဆေးမှုများအရ ပြစ်မှုကြီး ဖြစ်နေသဖြင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆို စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
“သူ့ကို ပြစ်မှုကြီးဖြစ်လို့ အနောက်ပိုင်းခရိုင် တရားရုံးမှာ စွဲတာပါ။ မြို့နယ်တရားရုံးမှာက ထောင်ဒဏ် ခုနစ်နှစ်အောက် အမှုတွေပဲ စီရင်လို့ ရတယ်။ ဒါကြောင့် အနောက်ပိုင်းခရိုင် တရားရုံးမှာ စွဲဆိုစစ်ဆေးမှာပါ” ဟု ရဲမှူး ခင်မောင်ကြည်က ဆက်ပြောသည်။
သရုပ်ဆောင် မင်းအုပ်စိုးကို ပြစ်မှုဆိုင်ရာ (ရာဇသတ်ကြီး) ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် ဗဟန်း ရဲစခန်း၌ အမှုဖွင့် အရေးယူထားပြီး ထပ်မံ စစ်ဆေးချက်များ ပြုလုပ်ရန် ဗဟန်းမြို့နယ် တရားရုံးတွင် ဇန်နဝါရီ ၈ ရက်မှ ၂၂ ရက် အထိ ရမန်ရယူကာ အင်းစိန် အကျဉ်းထောင်တွင် ထားရှိကြောင်း သိရသည်။
သာမန် သေမှု၊ သေခင်းများတွင် ဓာတုဗေဒဝန်ရုံး မှုခင်းဆရာဝန်၏ ဆေးစစ်ချက်သည် ၂ ရက်ခန့်သာ ကြာနိုင်ပြီး ပြစ်မှုကြီးများ ဖြစ်ပါက တပတ်ကျော် (၁၀ ရက်ခန့်) သာ ကြာမြင့်၍ အဖြေရရှိလေ့ရှိကြောင်း ဆိပ်ကမ်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် တဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၂၅ ရက် နံနက် ၂ နာရီခန့်တွင် မင်းအုပ်စိုးက ညီမဝမ်းကွဲဆိုသူ သရပါ မဂ္ဂဇင်း အယ်ဒီတာ မနုနုယဉ် (ခ) တေးနုယဉ်အား ၎င်း၏ နေအိမ်တွင် လက်သီးဖြင့် ထိုးခြင်း၊ ဆောင့်တွန်းခြင်း၊ ကိုင်ဆောင့်ခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် မတေးနုယဉ် သေဆုံးခဲ့ပြီး မင်းအုပ်စိုးက ဗဟန်းရဲစခန်းတွင် ဖြောင့်ချက်ပေး အဖမ်းခံခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူ မတေးနုယဉ်၏ မိသားစုဝင်များက အမှုကို အမှန်တရား ဖြစ်ပေါ်စေရေးအတွက် ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့တွင် သတင်းမီဒီယာများကို တွေ့ဆုံပြီး ရှင်းလင်းပွဲ ပြုလုပ်ကာ သေဆုံးသွားသည့် တေးနုယဉ်သည် မင်းအုပ်စိုးနှင့် သွေးသား တော်စပ်မှု မရှိကြောင်း အသိပေး ပြောဆိုခဲ့သည်။