ပြင်သစ်နိုင်ငံ ပါရီမြို့ Charlie Hebdo မဂ္ဂဇင်း ရုံးချုပ်ကို ဝင်ရောက် အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြစ်တင်ရှုတ်ချလိုက်သည်။
“ပြင်သစ် မဂ္ဂဇင်း Charlie Hebdo ကို ဒီနေ့ ရက်ရက်စက်စက် တိုက်ခိုက်မှုအပေါ် ကျနော် အပြင်းအထန် ရှုတ်ချပါ တယ်၊ ဒါဟာ အတော့်ကို ဆိုးဝါးတဲ့ လုပ်ရပ်၊ အလွန်ပဲ တရားမဲ့တဲ့ လုပ်ရပ်၊ သွေးအေးအေးနဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှု တခုလို့ ပြောချင်ပါတယ်” ဟု ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆိုသည်။
ယခုလုပ်ရပ်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်ဆိုသည့် ဒီမိုကရေစီ ထောက်တိုင်ကြီး ၂ ခုကို တိုက်ခိုက်ခြင်းဖြစ်ပြီး တရားနည်းလမ်း မှန်ကန်မှုမရှိဟုလည်း မစ္စတာဘန်ကီမွန်းက ဆက်ပြောသည်။
Charlie Hebdo မဂ္ဂဇင်းသည် တမန်တော် မိုဟာမက်ကို သရော်ထားသည့် ပုံ ဖော်ပြခဲ့သည့်အတွက် ကာတွန်း ဆရာနှင့် အယ်ဒီတာများအား မျက်နှာဖုံးစွပ် အကြမ်းဖက် သေနတ်သမားများက ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး သတင်း အစည်းအဝေး လုပ်နေစဉ်တွင် ကာတွန်းဆရာနှင့် အယ်ဒီတာတို့၏ နာမည်များ အော်ဟစ်ခေါ်ထုတ်ကာ ပစ်ခတ် သတ်ဖြတ်ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ မွတ်စလင် အစွန်းရောက် မျက်နှာဖုံးစွပ် သေနတ်သမား တချို့၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် Charlie Hebdo မဂ္ဂဇင်းတိုက်မှ ကာတွန်းဆရာများနှင့် အယ်ဒီတာ ၄ ဦး၊ ဝန်ထမ်းတချို့၊ ရဲတပ်ဖွဲ့ ဝင် ၂ ဦး အပါအဝင် စုစု ပေါင်း ၁၂ ဦး အသက်ဆုံးရှုံး ခဲ့ရပြီး အနည်းဆုံး ၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြသည်။
တိုက်ခိုက်မှု၌ သံသယဖြစ်ဖွယ် ၂ ဦး၏ အမည်နှင့် ဓာတ်ပုံ တို့ကိုလည်း ပြင်သစ် ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပြီး အသက် ၃၂ နှစ်အရွယ် ရှရှစ်ဖ် ခူချီ (Cherif Kouachi) နှင့် ၎င်း၏ အစ်ကိုတော်စပ်သူ ဆာအစ် ခူချီ (Said Kouachi) တို့ ၂ ဦး ဖြစ် ကြောင်း EPA သတင်းအရ သိရသည်။
ရှရစ်ဖ်မှာ အီရတ်နိုင်ငံရှိ စစ်သွေးကြွများကို ကူညီမှုဖြင့် ၂၀၀၈ ခုနှစ်က ထောင်ဒဏ် ၁၈ လ ကျခံခဲ့ရဖူးသူဖြစ်ပြီး ယခုအခါ အဆိုပါ တရားခံပြေးများဟု ယူဆရသည့် သံသယဖြစ်ဖွယ် ဆာအစ် နှင့် ရှရစ်ဖ် ညီအစ်ကို ၂ ဦးကို လိုက်လံ ရှာဖွေနေကြောင်း၊ ၎င်းတို့ ၂ ဦးသည် လက်နက်များ ကိုင်ဆောင်ထားသည့်အတွက် အန္တရာယ်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက အများပြည်သူကို အသိပေးထုတ်ပြန်ထားသည်။
ဤအကြမ်းဖက်မှုသည် နှစ်ပေါင်း ၅၀ အတွင်း ပြင်သစ်နိုင်ငံ၌ အဆိုးဆုံး အကြမ်းဖက်တိုက်ခိုက်မှု တခုဖြစ်ပြီး တိုက်ခိုက်မှု နောက်ကွယ်တွင် သံသယဖြစ်ဖွယ် လူအတော်များများ ရှိနေသေးကြောင်းလည်း ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောဆိုထားသည်။
ယနေ့ နံနက်တွင်မူ တတိယ သံသယဖြစ်ဖွယ်လူအဖြစ် သတ်မှတ်ခံရသူ အသက် ၁၈ နှစ်အရွယ် ဟာမစ်ဒ် မိုဟဒ် (Hamyd Mourad) သည် ဘယ်လ်ဂျီယံ နယ်စပ်အနီး အရှေ့ဘက် ရှန်ပိန်ဒေသ Charleville-Mézières မြို့ရှိ ရဲစခန်းတွင် ကိုယ်တိုင် လာရောက်အဖမ်းခံခဲ့သည်ဟု သိရသည်။
ပြင်သစ်အခြေစိုက် BFM TV မှ သတင်းရင်းမြစ်များ၏ အဆိုအရ ဟာမစ်ဒ်သည် လူမှု ကွန်ရက်များတွင် ၎င်း၏ နာမည် ကို တွေ့ခဲ့ရပြီးနောက် ရဲစခန်းတွင် သွားရောက်အဖမ်းခံရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြကြပြီး ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် အဆိုပါ ဆယ်ကျော်သက် လူငယ်သည် ကျောင်း၌ ရှိနေကြောင်း ၎င်း၏ သူငယ်ချင်းများက ပြောဆိုထားသည်။
အင်တာနက်တွင် ချက်ခြင်း ပျံ့နှံ့လာသော ဗီဒီယို ကလစ် တခုတွင် ကားအနက် တစီးဖြင့် Charlie Hebdo ရုံးချုပ်ထဲ ဝင်ရောက်လာသော မျက်နှာဖုံးစွပ် သေနတ်သမား ၂ ဦးက ၎င်းတို့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရနေသည့် ရဲတဦး အနီး ပြေးလာ၍ အနီးကပ် သေနတ်နှင့် ပစ်ခတ်ကာ ကားကို မောင်းနှင် ထွက်ပြေးသွားသည်ကို မြင်တွေ့ရသည်။
အဆိုပါ အမည်းရောင် ကားကို ပါရီမြို့ အရှေ့မြောက်ဘက်နေရာတခုတွင် မျက်နှာဖုံးစွပ် သေနတ်သများများက စွန့်ပစ် ကာ နောက်ထပ် အဖြူရောင် Renault Clio ကား တစီးကို ပြန်ပေးဆွဲသွားပြီး ဆက်လက် ထွက်ပြေးသွားကြောင်း ပြင်သစ် အခြေစိုက် သတင်းများက ဆိုသည်။
ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လွန်းဒ် ကလည်း ယနေ့ ကြာသပတေးနေ့ကို နိုင်ငံတော် ဝမ်းနည်းခြင်းနေ့ အဖြစ် ကြေညာပြီး တနိုင်ငံလုံး ၃ ရက်တာ အလံတဝက် လွှင့်တင်ကြရန် ထုတ်ပြန်လိုက်သည်။
“လွတ်လပ်မှုဆိုတာ ယဉ်ကျေးမှု မရှိတဲ့ အရိုင်းအစိုင်း ဝါဒတွေထက် အမြဲတမ်း ပိုပြီး ခွန်အား တောင့်တင်းတယ်” ဟု သမ္မတ ဖရန်ဆွာ အော်လွန်းဒ်က ဆိုသည်။
ကမ္ဘာတလွှားမှ နိုင်ငံတကာ ခေါင်းဆောင်များကလည်း ပါရီအကြမ်းဖက် သတ်ဖြတ်မှုကြီးကို ဝိုင်းဝန်းရှုတ်ချနေကြပြီး ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုကြကာ ပြင်သစ်နိုင်ငံနှင့် အတူ ရပ်လျှက်ရှိကြောင်း ပြောဆိုနေကြသည်။
ပါရီ အကြမ်းဖက်တိုက်ခိုက်မှုသည် လွတ်လပ်စွာ သတင်းရေးသားဖော်ပြမှုအား ခြိမ်းခြောက်မှုကြီးဟု မှတ်ယူကြပြီး ကမ္ဘာတဝှမ်း မြို့ကြီးများအပါအဝင် ပြင်သစ်နိုင်ငံမှ မြို့ပေါင်း ၃၀ ကျော်တို့ကလည်း လွတ်လပ်စွာ ပြောဆိုမှုအပေါ် အကာအကွယ် ရှိရေးနှင့် ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်ခံခဲ့ရသည့် မဂ္ဂဇင်းတိုက်နှင့် တသားတည်း အတူ ရပ်တည်လျှက်ရှိသည်ကို ပြသသည့် အနေဖြင့် လူပေါင်းများစွာက ဆန္ဒများ ဖော်ထုတ်နေကြသည်။
နောက်ဆုံးရရှိထားသော သတင်းများအရ ပါရီ အကြမ်းဖက် တိုက်ခိုက်မှုနှင့်ပတ်သက်၍ သံသယဖြစ်သူ များစွာကို နောက်ထပ်ဖမ်းဆီး ထားကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုလိုက်ပြီး နိုင်ငံတောင်ပိုင်းတွင် ရဲများနှင့် အမည်မသိ လက်နက်ကိုင်တချို့ အပြန်အလှန် ပစ်ခတ်မှုများ ရှိကြောင်းလည်း သိရသည်။
ယခုအခါ ပြင်သစ်နိုင်ငံတဝှမ်း လုံခြုံရေးတပ်လှန့်ထားပြီး ပြည်ထဲရေး ဝန်ကြီးဌာနကလည်း အဆက်မပြတ် သတင်း ထုတ်ပြန်မှုများ လုပ်ဆောင်နေကြောင်း ပြင်သစ်နိုင်ငံရှိ မြန်မာတဦးက ပြောသည်။