Religion

မြန်မာပြည်မှာ ခိုလှုံခဲ့ဖူးသည့် ရဟန်းတပါး

This article has been converted from Zawgyi One to Unicode

ကဗျာ ဆရာ၊ ရဟန်းနှင့် နိုင်ငံရေးအရ ပြည်ပတွင် နေထိုင်ရသူတဦးဖြစ်သော ဖရက်ဒရစ် လက်စ်တစ်ဂ် (Friedrich Lusting) သည် သူ၏ မွေးစားနိုင်ငံ မြန်မာပြည်မှ ပြိုင်ဘက်ကင်းသည့် အသိအမြင်ကို ကြိုးစားလေ့လာ ဆည်းပူးနိုင်ခဲ့ပါသည်။ သူ့ကို မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ရဟန်းတော် “အရှင်အာနန္ဒာ” ဟု သိကြသည်။

ရွှေတိဂုံစေတီတော်သို့သွား၍ အသက်အရွယ် ကြီးရင့်သော ဘုန်းတော်ကြီးများကို မေးကြည့်လျှင် သူ့ကို သိကြပါလိမ့်မည်။ နိုင်ငံခြားသား ရဟန်းတော် အရှင်အာနန္ဒာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀  သီတင်းသုံးသွားခဲ့ပြီး  အာဏာရှင် ဦးနေဝင်းက အရှင်အာနန္ဒာကို ရွှေတိဂုံစေတီတော်တွင် သီတင်းသုံးခွင့် ပြုခဲ့ခြင်းကြောင့် လူသိများသူလည်း ဖြစ်ပါသည်။

ကချင်ပြည်နယ် မြစ်ကြီးနားကဲ့သို့ ဝေးလံသည့် နေရာတွင်ပင် ခရစ်ယာန်ဘာသာဝင် ကက်သလစ် ဘုန်းတော်ကြီး တပါးကို Friedrich Lusting အကြောင်း မေးကြည့်သည့်အခါ “ဟုတ်တယ်။ လက်စ်တစ်ဂ်၊ သူ့ကို ရန်ကုန်မှာ မကြာခဏ တွေ့ခဲ့တယ်။ သူ့ရဲ့ မြန်မာဘွဲ့တော်က အရှင်အာနန္ဒာ” ဟု ကျမကို ပြောပြသည်။

ဗုဒ္ဓဘာသာကို အလွန်ကြည်ညို ကိုင်းရှိုင်းသူဖြစ်သော အရှင်အာနန္ဒာသည် အင်္ဂလိပ်စကားပြောသည့် ပရိသတ်များအတွက် မြန်မာကဗျာနှင့် မြန်မာ့ရိုးရာ တေးဂီတကို ဖြန့်ဝေနိုင်ရေးအတွက် အထူး အားထုတ်ခဲ့သူဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ပျံလွန်တော်မူသည့်အခါ သူ၏ အရိုးပြာများကို သုသာန်သို့ မပြောင်းရွှေ့မီအချိန်တွင် ရွှေတိဂုံစေတီတော်အနီးရှိ မိုးညှင်းကျောင်းတိုက်တွင် သိမ်းဆည်းထားခဲ့သည်။

အရှင်အာနန္ဒာသည် ဝေးမြေရပ်ခြားသို့ တရားဓမ္မ အလင်းရောင်ကို ရှာဖွေရန်သက်သက်အတွက် စိတ်အား ထက်သန်စွာဖြင့် ရောက်ရှိလာသော အနောက်တိုင်းသားတဦး မဟုတ်ပါ။ ပြောရလျှင် မယုံနိုင်စရာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အရှင်အာနန္ဒာသည် မြန်မာနိုင်ငံသို့ နိုင်ငံရေးခိုလှုံရန် ရောက်ရှိလာသူ ဖြစ်ပါသည်။

၁၉၄၉ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ဖရက်ဒရစ် လက်စ်တစ်ဂ် ရောက်ရှိလာခဲ့ပြီး ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သော ဦးနုက သူ့ကို နိုင်ငံရေးခိုလှုံခွင့် ပေးခဲ့သည်။ ယင်းမတိုင်မီ ထိုင်းနိုင်ငံတွင် ဆယ်စုနှစ် ၁ ခုကျော် နေထိုင်ခဲ့ရသည်။ သူ၏ ဇာတိနိုင်ငံဖြစ်သော အက်စ်တိုးနီးယား နိုင်ငံသည် ဆိုဗီယက်ယူနီယံ လက်အောက်သို့ ရောက်ရှိသွားသည့်အတွက် သူ၏ နိုင်ငံကူးလက်မှတ်က တရားမဝင်တော့၍ ဖြစ်ပါသည်။

ကွန်မြူနစ်ဝါဒကို ပြင်းထန်စွာ ဆန့်ကျင်သူ တယောက်ဖြစ်သော ဖရက်ဒရစ် လက်စ်တစ်ဂ်က ရုရှားနိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်မည့်အစား နိုင်ငံမဲ့ တယောက်အဖြစ် ခံယူရန် ရွေးချယ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ်အစိုးရ အာဏာရရှိလာသည့်အခါ နိုင်ငံခြားသားများကို ထွက်ခွာသွားရန် ဖိအားပေးခဲ့သော်လည်း ထူးခြားစွာပင် အရှင်အာနန္ဒာကို သီတင်းသုံးခွင့် ပြုခဲ့သည်။ သူ၏ ကွန်မြူနစ်ဆန့်ကျင်ရေး ရပ်တည်ချက်ကို ဗိုလ်ချုပ်ကြီး နေဝင်းက သဘောကျနှစ်ခြိုက်ပြီး အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာများဖြစ်သော The Working People’s Daily နှင့် The Guardian တို့တွင် ကွန်မြူနစ်ဆန့်ကျင်ရေး ဆောင်းပါးများ ရေးသားပေးရန် မေတ္တာရပ်ခဲ့ရာ သူကလည်း ကျေကျေနပ်နပ်နှင့် ၁၀ နှစ်မျှ ရေးသားပေးခဲ့သည်။

ထို့ကြောင့် စစ်တပ်က နာဂတောင်တန်းများ ကဲ့သို့သော ကန့်သတ်ထားသည့် နေရာများ အပါအဝင် မည်သည့်နေရာသို့မဆို သူ့ကို သွားရောက်ခွင့်ပြုခဲ့သည်။ “ကျုပ်လုပ်ခဲ့တာတွေအတွက် ဝမ်းမနည်းဘူး။ ကျုပ် အားလုံးကို လိပ်ပြာသန့်သန့်နဲ့ ရေးခဲ့တယ်” ဟု အရှင် အာနန္ဒာက နိုင်ငံခြားသား စာနယ်ဇင်းသမားတဦးကို နောက်ပိုင်းတွင် ပြောပြခဲ့သည်။

ဖရက်ဒရစ် လက်စ်တစ်ဂ်၏ ဇာတိ ဥရောပ မြောက်ပိုင်းမှ နိုင်ငံငယ်လေး တခုဖြစ်သော အက်စ်တိုးနီးယား၏ ကံကြမ္မာသည် ၁၉၄၀ ခုနှစ်တွင် ကွန်မြူနစ်များ၏ ဝါးမျိုမှုကြောင့် ဆိုးဝါးခဲ့ရပြီး ၁ သန်းမျှရှိသော လူဦးရေ၏ ၂၅ ရာခိုင်နှုန်းသည် နှိပ်စက်ညှဉ်းပန်း ခံရခြင်း သို့မဟုတ် သတ်ဖြတ်ခံရခြင်း၊ ရုရှားမှ အကျဉ်းစခန်းများသို့ ပို့ဆောင်ခံရခြင်း သို့မဟုတ် နိုင်ငံရပ်ခြားသို့ ထွက်ပြေးရခြင်းများနှင့် ကြုံတွေ့ခဲ့ရသည်။ အဆိုပါ ကွန်မြူနစ်ဆန့်ကျင်ရေး ဆောင်းပါးများကို ဖရက်ဒရစ်လက်စ်တစ်ဂ် ကျေကျေနပ်နပ် ရေးသားခဲ့ခြင်း မဟုတ်လျှင် ပျော်ပျော်ရွှင်ရွှင် ရေးသားခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ကြည့်ရသည်မှာ မြန်မာနိုင်ငံတွင် သူ့အတွက် ခိုလှုံရာတခု တွေ့ခဲ့ပုံရပါသည်။ သူ့ကို နေထိုင်ခွင့် ပေးခဲ့ခြင်းကြောင့်သာ မဟုတ်ဘဲ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ၏ အလှအပကို လေးလေးနက်နက် ငြိတွယ်သွားခဲ့ပါသည်။ ဗုဒ္ဓ၏ တရားများကို အထူးကြည်ညို သက်ဝင်သူ ဖြစ်သော်လည်း သူ၏ အမှန်တကယ် စိတ်အားထက်သန်မှုမှာ မြန်မာကဗျာ ဖြစ်သည်။ သူကိုယ်တိုင်လည်း မြန်မာနိုင်ငံတွင် ကဗျာကို အမြတ်နိုးဆုံး ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုဖူးသည်။ ၁၉၆၈ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ Lilac စာပေပညာရှင် ကဗျာဆရာဆုကို ရရှိခဲ့သည်။

The Working People’s Daily နှင့် The Guardian သတင်းစာ၊ The Guardian မဂ္ဂဇင်းတို့တွင် အရှင်အာနန္ဒာ ရေးသားခဲ့သော ကဗျာများထဲမှာ လက်ရွေးစင်ကဗျာ ၅၀ ကို စာအုပ်အဖြစ် ထုတ်ဝေခဲ့ရာတွင် အရပ်ဘက် ဝန်ထမ်းဟောင်းတဦး ဖြစ်သည့် ဦးခင်စိုးက “ကျနော် သူ့ကဗျာတွေကို ကြိုက်လာရတာက ကဗျာတွေမှာ သူက မြန်မာနိုင်ငံနဲ့ မြန်မာ့ယဉ်ကျေးမှုကို အလွန်ချစ်မြတ်နိုးတဲ့အကြောင်း အမြဲတမ်း ဖော်ပြနေလို့ ဖြစ်ပါတယ်။ သူက ကဗျာတွေကို ဂန္ထဝင်ဟန်နဲ့ ရေးသားပြီးတော့ သူ့ရဲ့ ကာရန်တွေနဲ့ စကားလုံး၊ စာပိုဒ်ဖွဲ့စည်းပုံတွေက ပြစ်ချက်ကင်းတယ်။ သူရေးတဲ့ စာတွေမှာ လူတွေ ပိုပြီး ကောင်းမွန်လာစေဖို့၊ ပိုပြီး သနားကြင်နာဖို့၊ နူးညံ့သိမ်မွေ့ဖို့နဲ့ တွေးတောဆင်ခြင်ဖို့တွေ အမြဲတမ်း ပါပါတယ်” ဟု နိဒါန်းအမှာစာ ရေးသားခဲ့သည်။

“ငါချစ်တယ် “

ဒီမြေနဲ့ စုဖွဲ့နေတဲ့တိမ်တွေ၊

လေမှာလွင့်နေတဲ့ အလံတွေနဲ့

သူစိမ်းတွေကို ဝမ်းမြောက်စွာ လက်ကမ်းတတ်တဲ့

သဘောထားမြတ်တဲ့ သူတွေကို …”ဟု “ကျနော် တို့ချစ်သောမြေမှ” အမည်ရှိ ကဗျာတွင် သူက ရေးသားခဲ့သည်။ မြန်မာနိုင်ငံတွင် ရွှေတိဂုံစေတီတော်၊ ပုဂံဒေသနှင့် ဧရာဝတီမြစ် ကဲ့သို့သော အများအာရုံ စိုက်ခံရသည့် အထိမ်းအမှတ်နေရာ အမြောက်အမြား ရှိသော်လည်း အရှင်အာနန္ဒာ၏ ကဗျာများသည် ရဲရင့်ခြင်း၊ သူ၏ ကိုယ်ရေးကိုယ်တာ စိတ်ဆင်းရဲမှုနှင့် ပျော်ရွှင်မှုများကို ရောင်ပြန်ဟပ်ပြခြင်း၊ သူကြိုက်နှစ်သက်ခြင်း မကြိုက်နှစ်သက်ခြင်းများနှင့် သူ၏ပြင်းထန်သည့် စိတ်ဆန္ဒများအကြောင်း ဖြစ်သည်။

“ဒီအဇ္ဈတ္တ လှုံ့ဆော်မှု”၊ “နှစ်သက်ခြင်းများနှင့် မနှစ်သက်ခြင်းများ”၊ “အသစ်များကို လက်ခံလိုစိတ်” နှင့် “အတက်နှင့် အကျများ” အစရှိသည့် သူ၏ ကဗျာတချို့မှ ခေါင်းစဉ်များက ယင်းအချက်ကို ဖော်ပြနေကြသည်။”အလိုဆန္ဒကို ပြက်ရယ်ပြုခြင်း” အမည်ရှိ ကဗျာတွင် သူက –

“အတွင်းသဘောက ယိမ်းယိုင်နိုင်တယ်။

နားထောင်သူတိုင်း အမှန်ကိုမကြားဘူး။

အကယ်၍ တယောက်က ခြိုးခြံတင်းကျပ်စွာ နေထိုင်ဖို့ ဆန္ဒရှိရင်ခွန်အား မြဲမြံခိုင်မာအောင် ကြိုးစားမှဖြစ်မယ်” ဟု ရေးသားခဲ့သည်။

လောကီနှင့် သက်ဆိုင်သော စိတ်ခံစားမှုများ ပိုင်ဆိုင်ထားရခြင်းအတွက် ရှက်စရာအကြောင်း မရှိဟု သူကမြင်သည်။ ဗုဒ္ဓဘာသာ၏ လမ်းစဉ်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်နိုင်လျှင် ထိုအတွေ့အကြုံက ပိုမို ခွန်အားရှိလာအောင် ပြုလုပ်ပေးလိမ့်မည် ဆိုသည်မှာ သူပေးချင်သည့် သတင်းစကားဖြစ်သည်။ အရေးအကြီးဆုံး အရာများမှာ တရားရှုမှတ်ခြင်း၊ နေ့စဉ်ဘဝတွင် ကပ်ငြိခြင်းမှ ရှောင်ရှားခြင်းနှင့် ဗုဒ္ဓဘုရား၏ အဆုံးအမများအတိုင်း လိုက်နာခြင်းတို့ ဖြစ်သည်ဟု သူကယူဆသည်။

အရှင်အာနန္ဒာ တဖြစ်လဲ ဖရက်ဒရစ် လက်စ်တစ်ဂ် (Friedrich Lusting)
အရှင်အာနန္ဒာ တဖြစ်လဲ ဖရက်ဒရစ် လက်စ်တစ်ဂ် (Friedrich Lusting)

အရှင်အာနန္ဒာ ဖြစ်လာမည့် ဖရက်ဒရစ် လက်စ်တစ်ဂ်ကို ၁၉၁၂ ခုနှစ်က အက်စ်တိုးနီးယား နိုင်ငံတွင် မွေးဖွားခဲ့သည်။ ငယ်ရွယ်စဉ်က စန္ဒရားတီးရာတွင် ပါရမီကောင်းပြီး ထူးချွန်သည့်အတွက် အံ့ဩစရာ ကလေးငယ် တယောက်အဖြစ် အများက သတ်မှတ်ခြင်းခံခဲ့ရသည်။ ချိုပင် (Chopin)၊ လစ်ဇ် (Liszt) နှင့် ရစ်ချမန်နင်နော့ဖ် (Rachmaninoff) တို့ကဲ့သို့သော ကျော်ကြားသည့် တေးရေးဆရာကြီးများ၏ ခက်ခဲသော တေးသွားများကိုပင် တီးနိုင်ခဲ့သည်။ သူ၏ ဇာတိမြို့ဖြစ်သည့် နာရ်ဗာ (Narva) မှ အကောင်းဆုံး ရုပ်ရှင်ရုံတွင် စန္ဒရားတီးပေးခြင်းဖြင့် သူ၏ပညာရေးအတွက် သုံးစွဲရန် ငွေရှာနိုင်ခဲ့သည်။

ထိုစဉ်က အသံတိတ် ရုပ်ရှင်ခေတ် ဖြစ်သည်။ ပိတ်ကားပေါ်တွင် ပေါ်လာသည့် ဇာတ်ဝင်ခန်းကိုလိုက်၍ မည်သည့်တေးသွားကို တီးခတ်ပေးရမည် ဆိုသည်ကို သူလျင်မြန်စွာ ဆုံးဖြတ်ရသည်။ “ကျွနု်ပ်ဘဝရဲ့ အဲဒီအချိန်ပိုင်းက ကျွနု်ပ်အတွက် အရမ်းအသုံးဝင်ခဲ့တယ်ဆိုတာကို နောက်ပိုင်းနှစ်တွေမှာ သတိထားမိခဲ့တယ်။ ကျွနု်ပ်ရဲ့ စိတ်ကူးဉာဏ်တွေကို ကြွယ်ဝစေခဲ့သလို ကဗျာကောင်းတွေ ရေးနိုင်ဖို့လည်း အားပေးခဲ့တယ်”ဟု သူ၏ “Brief Sketch of My Life” စာအုပ်တွင် အရှင်အာနန္ဒာက ရေးသားခဲ့သည်။

ဗုဒ္ဓဘာသာကို စာအုပ်တအုပ်မှတဆင့် ဖရက်ဒရစ် လက်စ်တစ်ဂ် ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် တိဘက်မှ ဒလိုင်လားမားထံသို့ သူက စာရေးသားပေးပို့ခဲ့ရာ ဒလိုင်လားမားက လတ်ဗီးယား (Latvia) နိုင်ငံမှ ဆရာတဦး ဖြစ်သည့် ကာလစ်တင်နီဆင် (Karlis Tennisons) နှင့် ဆက်သွယ်ရန် အကြံပြုခဲ့သည်။ အက်စ်တိုးနီးယား နိုင်ငံကို ရုရှားက မသိမ်းပိုက်မီ ၁၉၃၀ ခုနှစ်တွင် အက်စ်တိုးနီးယား နိုင်ငံသို့ ဧည့်သည်တော်အဖြစ် လာရောက်လည်ပတ်ခဲ့သော ထိုင်းမင်းသား အဓိတြ ဒိဗျာ အဗ္ဘ (Aditya Dibya Abbha) က ၎င်းတို့ နှစ်ယောက်ကို ဘောလ်တစ်ဒေသ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း၏ ကိုယ်စားလှယ်များအဖြစ် ထိုင်းနိုင်ငံသို့လာရန် ဖိတ်ကြားခဲ့သည်။

နောက် ၂ နှစ်ကြာသည့် အခါ ဖရက်ဒရစ် လက်စ်တစ်ဂ် ရဟန်းဘဝကို ခံယူခဲ့သည်။ ဥရောပမှ ထွက်ခွာပြီး ထိုင်းနိုင်ငံသို့ မသွားရောက်မီ အရှင်အာနန္ဒာက သက္ကတ၊ တိဘက်နှင့် တရုတ်ဘာသာ စကားများကို ပါရီတက္ကသိုလ်တွင် သင်ကြားခဲ့သည်။ ထိုနောက် သူ၏ဆရာဖြစ်သူ ကာလစ် တင်နီဆင်နှင့်အတူ ပြင်သစ်သင်္ဘော Desirade ဖြင့် စင်ကာပူသို့ သွားရောက်ခဲ့ပြီး ထိုမှတဆင့် ထိုင်းနိုင်ငံသို့ ခရီးဆက်ခဲ့ကြသည်။

“ကျွနု်ပ်ရဲ့ ဆရာနဲ့ ကျွနု်ပ်ကို အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့ကြပါတယ်၊ ဘုရင့်နန်းတော်နားက Wat Phra Chetuphon ကျောင်း အပါအဝင် တော်ဝင်ဘုန်းတော်ကြီးကျောင်း အမြောက်အမြားမှာ ကျွနု်ပ်တို့ နေခဲ့ကြတယ်” ဟု  အရှင် အာနန္ဒာက “Brief Sketch of My Life” စာအုပ်တွင် ရေးသားခဲ့သည်။

၁၉၃၅ နှင့် ၃၆ နှစ်များ အတွင်းတွင် တရုတ်နိုင်ငံတွင် သူရှိနေခဲ့ပြီး ကျော်ကြားသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက် လည်ပတ်ခဲ့ကာ ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသည့်အတွက် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့သည်။ “Brief Sketch of My Life” စာအုပ်တွင် သူမည်သည့်အတွက် ထိုင်းနိုင်ငံမှ ထွက်ခွာလာရသည် ဆိုခြင်းကို ရည်ညွှန်းဖော်ပြခြင်း မရှိသော်လည်း နောက် နှစ်ပေါင်း ၄၀ ခန့် ကြာသည့်အခါ နိုင်ငံခြားသား သတင်းထောက် တယောက်ကို ထုတ်ဖော်မိန့်ကြားခဲ့သည်။

သူက “McDonald လို့ခေါ်တဲ့ လူတယောက်က Bangkok Post ဆိုတဲ့ သတင်းစာတစောင် စထုတ်တယ်။ ကျွနု်ပ်ရဲ့ဆရာနဲ့ ကျွနု်ပ်နဲ့လည်း ဆောင်းပါးတွေ အခါအားလျော်စွာ ဝင်ရေးဖြစ်တယ်” ဟု ၁၉၈၇ ခုနှစ်တွင် ပြန်ပြောပြခဲ့သည်။ သူတို့ ရေးသားခဲ့သည့် “ပုလဲဆိပ်ကမ်းမတိုင်မီ ၆ နာရီ (Six Hours Before Pearl Harbor)” အမည်ရှိသော ဆောင်းပါးကြောင့် ဂျပန်တို့ အမေရိကန်ကို တိုက်ခိုက်မည့် အကြောင်းကို ၆ နာရီ ကြိုတင်၍ သိနေခဲ့သည်ဟု ထိုင်းအစိုးရအပေါ် စွပ်စွဲခံခဲ့ရသည်။

စွပ်စွဲမှုကြောင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပြင်းထန်စွာ ဒေါသထွက်ခဲ့ပြီး အလွတ်တန်း စာနယ်ဇင်းသမား ရဟန်း ၂ ပါးကို ထိုင်းစစ်သား ၃၀ အစောင့်အကြပ်ဖြင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာခိုင်းခဲ့သည်။

“အဲဒါ ၁၉၄၉ ခုနှစ် စက်တက်ဘာလ ၇ ရက်နေ့မှာပါ။ ကျွနု်ပ်တို့ ရှမ်းပြည်နယ်ထဲကို ဝင်ရောက်ခဲ့ပြီး အဲဒီမှာ ၄ လလောက် နေထိုင်ခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်က ရန်ကုန်အစိုးရကို ဆန့်ကျင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ဝိုင်းရံထားလို့ ဖြစ်ပါတယ်” ဟု နိုင်ငံခြား သတင်းထောက်ကို အရှင် အာနန္ဒာက မိန့်ခဲ့သည်။

ဂီတအပေါ် ချစ်မြတ်နိုးမှုကို အရှင်အာနန္ဒာ ဘယ်တော့မျှ မစွန့်လွှတ်ခဲ့ပါ။ ယိုးဒယား၊ ဘောလယ်၊ ပတ်ပျိုး စသည့် မြန်မာ့ ဂန္ထဝင်တေးသီချင်း အမြောက်အမြားကို နိုင်ငံတကာ ဂီတသင်္ကေတများဖြင့် ပြန်လည်ရေးသား မှတ်တမ်းတင်ခဲ့သည်။ ၎င်းတို့ကို ၁၉၅၂ ခုနှစ်တွင် အစိုးရက “မြန်မာ့ ဂန္ထဝင် ဂီတ” အမည်ဖြင့် ထုတ်ဝေဖြန့်ချိခဲ့ပါသည်။

သူချစ်သော မြန်မာနိုင်ငံအတွက် သူ၏ အကြီးမားဆုံး အားထုတ်မှုမှာ ၁၅ ရာစုနှစ်မှ စတင်၍ ယခုအချိန်အထိ ပေါ်ပေါက်ခဲ့သော မြန်မာကဗျာများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ထဲမှ အများအပြားမှာ မြန်မာများသည်ပင် နားလည်ရန် ခက်ခဲသည့် ကဗျာများဖြစ်ပါသည်။ သူ၏ ဘာသာပြန် ကဗျာများမှာ ရန်ကုန်နှင့် နိုင်ငံတကာမှ အထင်ကြီးလေးစားမှုများ ရရှိခဲ့သည်။

၁၉၆၇ ခုနှစ်တွင် ဗီယက်နမ် သမ္မတနိုင်ငံ (တောင်ဗီယက်နမ်) မှ ဒုတိယဝန်ကြီးချုပ်  Dr.Nguyen Luu Vien က “ကိုယ်တော်ရဲ့ စာအုပ်ကို ဖတ်ရတဲ့အတွက် အလွန်နှစ်ခြိုက် ပီတိဖြစ်မိပါတယ်။ မြန်မာနိုင်ငံနဲ့ တခြား ကမ္ဘာ့ပြည်သူတွေကြားမှာ ပိုမိုကောင်းမွန်တဲ့ နားလည်မှုတွေကို ဖန်တီးနိုင်ဖို့ တန်ဖိုးရှိတဲ့ နည်းလမ်းဖြစ်တဲ့ ဘာသာပြန် လက်ရာတွေကို ပိုပြီးတွေ့ရဖို့ မျှော်လင့်ပါတယ်” ဟု ဆိုင်ဂုံမြို့မှနေ၍ စာရေးသားပေးပို့ခဲ့သည်။

အရှင်အာနန္ဒာ သို့မဟုတ် ဖရက်ဒရစ် လက်စ်တစ်ဂ်သည် သူ၏ ဇာတိနိုင်ငံ လွတ်မြောက်ရေး ရရှိသည်ကို မြင်တွေ့မသွားနိုင်ခဲ့ပါ။ အက်စ်တိုးနီးယားနိုင်ငံ ရုရှားလက်အောက်မှ မလွတ်မြောက်မီတွင် သူ ပျံလွန်တော်မူခဲ့ပါသည်။ သူသည် ရုရှားက သိမ်းပိုက်ထားခဲ့သော နှစ် ၅၀ လုံးလုံး အက်စ်တိုးနီးယား နိုင်ငံကူးလက်မှတ် အစစ်အမှန်ကို ကိုင်ဆောင်ထားခဲ့သည့်၊ တခြားသော နိုင်ငံကူးလက်မှတ် ပြောင်းလဲကိုင်ဆောင်ခြင်း မပြုခဲ့သည့် တဦးတည်းသော အက်စ်တိုးနီးယားလူမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ဒီအတွက် အက်စ်တိုးနီးယား ပြည်သူများ ဂုဏ်ယူရမည် ဖြစ်ပါသည်။

(The Irrawaddy အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Karin Dean ၏ The Refugee Who Fled To Burma ကို ဘာသာပြန်ဆိုသည်။)

Loading