ရခိုင်ပြည်နယ် ကျောက်ဖြူဒေသ၌ တရုတ်နိုင်ငံက တည်ဆောက်နေသော စီမံကိန်းကြီးများသည် ပြီးစီးသွားပြီဖြစ်၍ လုပ်ငန်း တချို့လည်း စတင်လည် ပတ်နေပြီဖြစ်သည့်တိုင် ဒေသခံများ၏ ဘဝသည် ကားတစုံတရာ တိုးတက်ပြောင်းလဲမှု မရှိသေး သည်ကို တွေ့ရသည်။
တရုတ်နိုင်ငံသည် ကျောက်ဖြူဒေသ၌ ရွှေဂက်စ် ပိုက်လိုင်း စီမံကိန်း၊ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ရေနံပိုက်လိုင်း နှင့် ရေနံစိမ်းသိုလှောင်ရုံများ စီမံကိန်း စသည်တို့အား တည်ဆောက်ပြီးစီးသွား၍ လုပ်ငန်းတချို့ စတင် လည်ပတ်နေပြီး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ကျောက်ဖြူ – ယူနန်ပြည်နယ် မော်တော်ကား လမ်း စီမံကိန်းများကိုလည်း တည်ဆောက်ရန် စီစဉ်နေသည်။ ထို့အပြင် ကျောက်ဖြူ-ကူမင်း မီးရထားလမ်း ကိုလည်း တည်ဆောက်လို ကြောင်း တရုတ်အစိုးရက ဆိုထားသေးသည်။
အထူးသဖြင့် တရုတ်နိုင်ငံအတွက် အရေးပါသည့် ရေနံပိုက်လိုင်း စီမံကိန်းနှင့်ရေနံ သိုလှောင်ရုံများ၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတို့တည်ရှိရာ မဒေးကျွန်း ပေါ်က ဒေသခံပြည်သူများ၏ လူနေမှုဘဝများသည် ပို၍ပင် ဆိုးရွား သွားသည်ဟု ဆိုရပါမည်။ ယခင်က လယ်ပိုင်၊ ယာပိုင်၊ ဥယျာဉ်ခြံများမှရရှိသော ဝင်ငွေ များဖြင့် မတောင့်မတ နေထိုင်ခဲ့ကြသူများသည်ကား ယခုအခါ ထမင်းနပ်မှန် စားရရေးအတွက်ပင် ရုန်းကန်နေကြရကြောင်း ဧရာဝတီ ကို ပြောဆိုကြသည်။
မဒေးကျွန်းဒေသခံ ဦးလှကျော်က “စီမံကိန်း တွေ မစခင်ကတော့ မဒေးကျွန်း ဒေသခံတွေဟာ လက်ရှိထက် လူနေမှုအဆင့် ၂ ဆမြင့်သွားမှာ ဖြစ် တယ်လို့ အစိုးရကပြောတယ်။ ဒါပေမယ့် စီမံကိန်းတွေ အားလုံးပြီးစီး သွားတဲ့ အခါမှာတော့ မူလထက် ၂ ဆလောက် နိမ့်ကျသွားတာတွေ့ရတယ်၊ အများစုဟာ လယ်မဲ့၊ ယာမဲ့ အလုပ်လက်မဲ့တွေ ဖြစ်ကုန်ကြ တယ်” ဟု ဆိုသည်။
ဒေသခံများသည် လယ်ယာမဲ့ဘဝများ ဖြစ်ကုန်သည့်အပြင် ရေနက်ဆိပ်ကမ်းနှင့် စီမံကိန်းများအပေါ် အခြေပြု၍ သင်္ဘောများ ဝင်ထွက်သွားလာနေခြင်း ကြောင့် တနိုင်တပိုင် ငါဖမ်းသမားများသည်လည်း လွတ်လပ်စွာ ငါးဖမ်းခွင့်မရကြတော့ပေ။ စီမံကိန်း များနှင့် ဆက်စပ်၍ လျှပ်စစ်မီး ၂၄ နာရီ ရရှိမည်၊ ကျေးရွာများ၏ လမ်းများ အား ကွန်ကရစ် သို့မဟုတ် ကတ္တရာလမ်း ခင်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့၌ လျှပ်စစ်မီးအား ညနေ ၆ နာရီမှ ည ၁၀ နာရီအထိသာ ပေးထားသည်။
ကျေးရွာများ၏ လမ်းများမှာလည်း စီမံကိန်း ဆောက်လုပ်ရေး ကုမ္ပဏီများမှ မော်တော်ကားကြီးများ နေ့စဉ်ဖြတ်သန်းသွားလာနေမှုကြောင့် မြေသား လမ်းများအားလုံး ချိုင့်ခွက်များဖြစ်သွား၍ ကလေး သူငယ်များနှင့် သက်ကြီးရွယ်အိုများ အနေဖြင့် သတိထား သွားလာနေရသည့် အခြေအနေ ဖြစ်နေသည်။
ဦးလှကျော်က “ဒီလမ်းတွေက အရင်ကဆိုရင် မိုးတွင်းပဲ ဗွက်နည်းနည်းထူတာ၊ နွေဆိုရင် မြေတွေကညီနေ တယ်၊ အခုက ကားကြီးတွေ ဖြတ်သွားနေတော့ အားလုံးပျက်စီးပြီး ချိုင့်ခွက်တွေဖြစ်ကုန်တယ်၊ ပြုပြင်ပေးဖို့ ပြောရင်လည်း နေ့ရွှေ့၊ ညရွှေ့နဲ့ အချိန်တွေသာကုန်သွားတယ်” ဟု ဆိုသည်။
အစိုးရအာဏာပိုင်များ၏ အပြောနှင့်လက်တွေ့ ကင်းကွာနေသည့်အတွက် စီမံကိန်းများကြောင့် ဒုက္ခရောက် သွားကြသည့် ဒေသခံများသည် အာဏာပိုင်များနှင့် တရုတ်လူမျိုးများ၊ စီမံကိန်းလုပ်ငန်းများ အပေါ် တနေ့ တခြား အမြင်မကြည်လင်မှုများ တိုးပွား လာနေကြကြောင်း ဒေသခံများက ပြောကြသည်။
ဒေသခံ ဒေါ်နုချေက “ဒီစီမံကိန်းတွေက ကျမတို့အတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေပဲ ပေးနေတယ်၊ သူတို့စီမံကိန်းတွေ ပေါ်လာမှပဲ မဒေးကျွန်းသူ ကျွန်းသားတွေဟာ ထမင်းနပ်မှန်ဖို့ရုန်းကန် နေကြရတယ်၊ မွေးထားတဲ့နွားတွေကို ထားစရာနေရာ မရှိတော့ဘူး၊ ရေတွေဆိုလည်း သံချေးရေတွေကို သုံးနေရတယ်၊ အရင်က သဘာဝအတိုင်း ရေတွေပဲ သုံးခဲ့ကြတာပါ” ဟု ပြောသည်။
မဒေးကျွန်းဒေသခံများသည် ယခင်က ကန်ရေ၊ တွင်းရေတို့ကို သောက်သုံးရေအဖြစ် အသုံးပြုခဲ့ကြသော်လည်း စီမံကိန်းများ ဖြစ်ပေါ်ပြီးနောက် သောက်သုံးရေ ပြဿနာ ပေါ်လာခဲ့သည်။ ကျွန်းသူ ကျွန်းသားများနှင့် စီမံကိန်း လုပ်ငန်းခွင်များမှ တရုတ်ဝန်ထမ်းများအတွက် ရေကန်ကြီးတခုမှ ရေများကို ပိုက်လိုင်းများဖြင့် သွယ်တန်း၍ ရေပေးဝေထားသည်။
စီမံကိန်းများရှိ တရုတ်ဝန်ထမ်းများအတွက် ကန်မှရေကို ရေသန့်စက်ရုံမှတဆင့် သန့်စင်ပြီးမှသာ ဖြန့်ဖြူး ပေးသော်လည်း ဒေသခံများအား သန့်စင် မပေးသည့်အပြင် ရေကန်ထဲမှ သံပိုက်လုံးဖြင့်တိုက်ရိုက် ဖြန့်ဖြူး ပေးထား၍ ရေသည် အနီရောင်ထွက်နေပြီး၊ သံချေးအနံ့ နံနေ၍ သောက်သုံးရေအဖြစ် အသုံးပြု မရကြောင်း မဒေးကျွန်းဒေသခံများက ရှင်းပြကြ သည်။
“သံချေးစော်နံတဲ့အတွက် သောက်မရတဲ့အပြင် ထမင်းချက်ဖို့၊ အဝတ်လျှော်ဖို့လည်း မကောင်းပါဘူး၊ ဒါကို ပလတ်စတစ်ပိုက်လုံးနဲ့ ဖြန့်ဝေပေးဖို့ တောင်းဆိုထားတာ ၂ နှစ်ကျော်နေပြီ၊ ဒီနေ့ထိ ဘာမှထူးခြား မလာဘူး၊ တဖြည်းဖြည်းနဲ့ မဒေးကျွန်းပေါ်မှာ တရုတ် မုန်းတီးရေးတွေ၊ တရုတ်ဆန့်ကျင်ရေးတွေ ဖြစ်လာနိုင်ပါတယ်၊ အခုလည်း တရုတ်ဆိုရင် ကြည့်မရသူ တွေ ရှိလာနေပြီ” ဟု ဒေါ်နုချေက ဆိုသည်။
မဒေးကျွန်းဒေသခံများသည် တရုတ်စီမံကိန်း များနှင့် ပတ်သက်၍ မြန်မာအစိုးရ အာဏာပိုင်များ၊ စီမံကိန်း ဦးဆောင် တည်ဆောက်နေသည့် တရုတ် အမျိုးသားပိုင် ရေနံကော်ပိုရေးရှင်း (CNPC) တို့က မဒေးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိမည် ဟု ယခင်က မက်လုံးပေး စည်းရုံးခဲ့မှုအပေါ် ယုံကြည်မှု အနည်းငယ်ရှိခဲ့ကြကြောင်း၊ သို့သော် စီမံကိန်းများ သာ ပြီးစီးသွားပြီး မဒေးကျွန်း ဒေသခံတို့၏ဘဝမှာ ယခုအခါ မူလလူနေမှုထက်ပင် နိမ့်ကျသွားကြောင်း ပြောဆိုကြသည်။
သို့သော် မြန်မာအစိုးရ အာဏာပိုင်များ၊ တရုတ် အာဏာပိုင်များနှင့် CNPC တာဝန်ရှိသူများကမူ မဒေးကျွန်း ဒေသ ဖွံ့ဖြိုးရေးအတွက် အရှိန်မြင့် လုပ် ဆောင်နေကြောင်း မီဒီယာများမှတဆင့် ဝါဒဖြန့်နေ ကြောင်းလည်း ဒေသခံများက ပြောကြသည်။
မဒေးကျွန်းပေါ်ရှိ ကျေးရွာ ၃ ခုအတွက် အလယ်တန်း၊ အထက်တန်းအဆင့်ရှိ စာသင်ကျောင်း တခုနှင့် ဆေးပေးခန်းတခုကို တည်ဆောက်ပေးမည်ဟု အာဏာပိုင်များက ပြောဆိုထားကြောင်း၊ အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ အာဏာပိုင်များသည် မဒေးကျွန်းသို့လာရောက်ပါက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မည့် အခြေအနေ များအား ပြောဆိုလေ့ရှိသော်လည်း မည်သည့်အရာမှ ဖြစ်ပေါ်လာခြင်းမရှိသေးဟု မဒေးကျွန်း ဒေသ ဖွံ့ဖြိုးရေးအဖွဲ့ခေါင်းဆောင် ဦးထွန်းကြည် ကပြောသည်။
အစိုးရအာဏာပိုင်များ၏ လက်တွေ့မပါသော ပြောဆိုနေမှုများ၊ အပြောတမျိုး၊ အလုပ်တမျိုး လုပ်ဆောင်နေမှု များကြာင့် ကျွန်းသူ ကျွန်းသားများသည်လည်း အစိုးရ အာဏာပိုင်များ၏ ပြောစကားများအပေါ် ယုံကြည်မှု တဖြည်းဖြည်း ကင်းမဲ့လာနေကြကြောင်း ဒေသခံများက ပြောဆိုကြသည်။
မဒေးကျွန်း၌ တည်ဆောက်ပြီးစီးသွားကြသည့် ရေနံပိုက်လိုင်းနှင့်ရေနံစိမ်း သိုလှောင်ကန်ကြီးများ၊ ရေနက် ဆိပ်ကမ်းတို့အတွက် ဒေသခံများ၏ ပေးဆပ် မှုအရင်းအနှီး ကြီးမားသော်လည်း ၎င်းတို့ ပြန်လည်ရရှိ အကျိုး ခံစားခွင့်သည် တရုတ်အစိုးရနှင့် မြန်မာ အစိုးရတို့ ရရှိသည့် အကျိုးအမြတ်နှင့် နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်း ပင်မရှိဟု ဒေသခံများက ပြောဆိုရှင်းပြ ကြသည်။ သို့သော် ၎င်းတို့၌ အခွင့်အာဏာမရှိ၍ အစိုးရ အာဏာပိုင် တို့၏ လုပ်သမျှ ခေါင်းငုံ့ခံနေရုံမှ အပ တုံ့ပြန်စရာမရှိဟုလည်း ဆိုကြသည်။
တရုတ်နှင့် မြန်မာအစိုးရတို့သည် မဒေးကျွန်းပေါ်ရှိ စီမံကိန်းများကိုအခြေခံ၍ အမေရိကန်ဒေါ်လာ သန်းရာ နှင့်ချီ၍ နှစ်စဉ် ရရှိကြမည်ဖြစ်သည်။ အထူးသဖြင့် တရုတ်တို့၏ အကျိုးစီးပွား ပိုမိုများပြားမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် ၎င်းတို့၏ စွမ်းအင်လောင်စာ လိုအပ်ချက် မြင့်မားမှုကြောင့် အာဖရိကဒေသမှ ရေနံစိမ်းများကို အန္တရာယ်များပြားပြီး ငွေကုန်ကြေးကျ များပြားလှသည့် မလက္ကာရေလက်ကြားမှ အချိန်ပေး ၍သယ်ယူနေရ သည်။ ယခုအခါ မလက္ကာရေလက်ကြား ကိုဖြတ်စရာမလိုတော့ဘဲ မဒေးကျွန်းမှတဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ စရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း ပို့ဆောင်နိုင်ပြီ ဖြစ်သည်။
ပင်လယ်ပြင်များဝိုင်းရံထားပြီး လူသူအရောက် အပေါက် နည်းပါးသည့် မဒေးကျွန်းပေါ်၌ ဆီဂါလန် သိန်းချီဆံ့ သည့် ရေနံစိမ်းသိုလှောင်ကန်ကြီး ၁၂ လုံးနှင့် ဝန်ထမ်းများနေထိုင်မည့် အဆောက်အအုံများသည် ကျွန်း၏ မြေဧရိယာ အများအပြားကို အခြေခံ၍ တည်ဆောက်ပြီးစီး၊ လည်ပတ်နေပြီ ဖြစ်သည်။
ထိုဆီလှောင်ကန်ကြီးများအနီး၌ ပြီးစီးနေပြီ ဖြစ်သည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကြီးကိုလည်း မကြာမီ ဖွင့်လှစ်တော့မည်ဟု သိရသည်။ ထိုဆိပ် ကမ်း၌တန်ချိန်သိန်းချီဆံ့သည့် နိုင်ငံတကာသင်္ဘော ကြီးများ ဝင်ထွက်သွားလာတော့မည်ဖြစ်ပြီး၊ တရုတ် တို့သည် ထိုဆိပ်ကမ်းမှလည်း အကျိုးအမြတ် အများ အပြား ရရှိဦးမည် ဖြစ်သည်။
မဒေးကျွန်းမှ ယူနန်ပြည်နယ်သို့ ပို့ဆောင်နေ သည့် ရေနံစိမ်းများအား သန့်စင်ချက်လုပ်ရန် ရေနံ ချက်စက်ရုံကို ယူနန်ဒေသခံများက ဆန့်ကျင်ကန့် ကွက်ထားသည့်အတွက် တရုတ်အစိုးရ အနေဖြင့် အကျပ်ရိုက်နေပြီး၊ ထိုရေနံချက်စက်ရုံအား မဒေး ကျွန်း၌ပင် တည်ဆောက်ရန် တရုတ်က ကြိုးပမ်းနေ သည်ဟုသိရကြောင်း၊ ထို့ကြောင့် ကျွန်းသူ ကျွန်းသား များ စိုးရိမ်နေကြကြောင်း ပြောဆိုကြသည်။
“ရေနံချက်စက်ရုံ တည်ဆောက်ရင် ဆိုးကျိုး တွေများမယ်ဆိုပြီး တရုတ်ပြည်သူတွေက ကန့်ကွက် နေတော့ မဒေးကျွန်းမှာဆောက်ဖို့ တရုတ်က စိတ် ဝင်စားနေတယ်လို့ သိရတယ်၊ တရုတ် အကျိုးစီးပွား အတွက် ကျနော်တို့သေပေးရမလိုဖြစ်နေပြီ၊ စီမံကိန်း တွေကြောင့် ဘာအကျိုးမှမရှိတဲ့အပြင် အသက်တွေပါ စတေးပေး ရမလို ဖြစ်နေပြီ” ဟု ဒေသခံတဦးက ဆိုသည်။
ထိုရေနံချက်စက်ရုံ တည်ဆောက်ရန် ပြင်ဆင် ပါက ကျွန်းလုံးကျွတ် ဆန့်ကျင်ကန့်ကွက်ရန် အဆင် သင့် ပြင်ဆင်ထားကြကြောင်းလည်း မဒေးကျွန်း ဒေသခံများက ပြောသည်။
ကျွန်းပေါ်၌ တည်ဆောက်ထားသည့် ရေနံစိမ်း သိုလှောင်ကန်များသည် ကြီးမားပြီး၊ လူနေကျေးရွာ များနှင့် အလွန်နီးကပ်နေသည့်အတွက် မတော် တဆမှု တခုခုဖြစ်ပွား ပေါက်ကွဲပါက ဒေသခံများအတွက် အသက် အန္တရာယ် စိုးရိမ်ရခြင်းကြောင့် ကျေးရွာများအား တခြားဒေသသို့ ပြောင်းရွှေ့သင့် ကြောင်း ကျောက်ဖြူ လူမှုကွန်ရက်အဖွဲ့မှ ဦးထွန်းလွင် က ပြောသည်။
၎င်းက “မတော်တဆသာပေါက်ကွဲရင် ကျွန်း ပေါ်ကလူတွေ ဘယ်မှပြေးလို့ လွတ်မှာမဟုတ်ဘူး၊ ကျနော့်အမြင် ကတော့ မဒေးကျွန်းပေါ်မှာ လူမနေ သင့်တော့ဘူး၊ ကျွန်းပေါ်နေ ဒေသခံတွေကို နေရာ ပြောင်းရွှေ့ပြီး စနစ်တကျ နေရာချပေးသင့်တယ်လို့ ထင်တယ်” ဟု ပြောသည်။
ကျောက်ဖြူဒေသရှိ ရွှေသဘာဝဓာတ်ငွေ့သန့်စင် စက်ရုံမှထွက်သည့် အညစ်အကြေးများ၊ မဒေးကျွန်း ပေါ်မှ ရေနံစိမ်း သိုလှောင်ကန်များမှ ထွက်ရှိမည့် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍လည်း အစိုးရ အာဏာပိုင်များ၊ ဃဏြဃ တာဝန်ရှိသူများ၊ ဒေသခံ နိုင်ငံရေးပါတီများ အနေဖြင့်လည်း ဒေသခံပြည်သူများအား ကျန်းမာရေး အသိပညာပေးမှု၊ ဒေသခံများ အတွက် အာမခံချက်ပေးနိုင်မှု၊ တာဝန်ယူမှုအားနည်း ခြင်းအပေါ်လည်း ဒေသခံများက ကျေနပ်မှုမရှိကြပေ။
အစိုးရ အာဏာပိုင်များနှင့် တရုတ်နိုင်ငံသား များပူးပေါင်း၍ စီမံကိန်းကြီးများကို မိမိတို့စိတ်ကြိုက် ခြယ်လှယ်လုပ်ကိုင်နေပြီး၊ ဒေသခံများ၏ အကျိုးစီး ပွားကို လက်တွေ့အကောင်အထည် ဖော်ဆောင်မှု မလုပ်ပေးပါက ဒေသခံများ၏ မကျေနပ်မှုများ တိုး ပွားလာပြီး မလိုလားအပ်သည့်ပြဿနာများ ဖြစ်ပွား လာနိုင်ကြောင်း မဒေးကျွန်း ဒေသခံများက ပြောကြ သည်။
ဒေသခံတဦးက “မြန်မာအစိုးရနဲ့ တရုတ်တို့ ပေါင်းပြီး စီမံကိန်းတွေ တခုပြီးတခု လုပ်သွားမယ်၊ ဒေသခံတွေကို လည်း အလေးမထားဘူး၊ အစိုးရ အာဏာပိုင်တွေရဲ့ ပြောစကားတွေအပေါ် ယုံကြည် မှုလည်း မရှိကြတော့ဘူး၊ အစိုးရက မက်လုံးတွေ ပေးပြီး ဘာမှမလုပ်ပေးဘဲ အချိန်ဆွဲနေမယ်ဆိုရင် တော့ ဆန္ဒပြတောင်းဆိုမှုတွေ၊ ဆူပူမှုတွေ ကြီးကြီး မားမား ဖြစ်လာနိုင်ပါတယ်” ဟု ဆိုသည်။