လူ့ခန္ဓာကိုယ်ကို အန္တရာယ် ဖြစ်စေနိုင်သည့်အပြင် ကင်ဆာရောဂါအထိပါ ဖြစ်ပွားစေနိုင်သည့် ဆိုးဆေးများ ပါဝင်သော ငရုတ်သီးမှုန့်နှင့် အရောင်တင်မှုန့်များ ဈေးကွက်အတွင်း ပျံ့နှံ့လျက် ရှိကြောင်း သတင်း ရရှိသည်။
ရန်ကုန်မြို့ရှိ ကျန်းမာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) တွင် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ၄၃ ကြိမ်မြောက် ကျန်းမာရေးဆိုင်ရာ ညီလာခံသို့ တင်သွင်း ဖတ်ကြားခဲ့သည့် သုတေသန စာတမ်းတစောင်တွင် အထက်ပါအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။
နေပြည်တော်နှင့် မန္တလေးမြို့များရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ယင်း သုတေသနကို နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဈေးများအတွင်းရှိ ၂၀၁၄ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ကောက်ယူရရှိသည့် ငရုတ်သီးမှုန့် ၉၈ မျိုးနှင့် အရောင် တင်မှုန့် ၃၃ မျိုးတို့၏ ဆိုးဆေးများကို ဓာတ်ခွဲ စမ်းသပ် ပြုစုထားခြင်း ဖြစ်သည်ဟု ယင်းစာတမ်းအရ သိရှိရသည်။
ယင်းဆိုးဆေးများသည် ရင်ကြပ် ပန်းနာ၊ အရေပြား ဓာတ်မတည့်မှုနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ခြင်း၊ ရောဂါအခံ ရှိသူများအတွက်လည်း ရောဂါပိုမို ဆိုးရွားလာနိုင်ခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွား စေနိုင်ကြောင်း သိရသည်။ ဆိုးဆေးပါဝင်သည့် ငရုတ်သီးမှုန့်နှင့် အရောင်တင်မှုန့်များကို ပြုလုပ်ရောင်းချသူများ ရှိနေပြီး ပြည်သူလူထုထဲတွင်လည်း တွင်ကျယ်စွာ အသုံးပြုနေကြကြောင်း ယင်းစာတမ်းတွင် ဖော်ပြထားသည်။
FDA က စမ်းသပ် ကောက်ယူခဲ့သည့် ငရုတ်သီးမှုန့် ၉၈ မျိုးအနက် ၃၆ မျိုးနှင့် အရောင်တင်မှုန့် ၃၃ မျိုးအနက် ၂၉ မျိုးတို့တွင် ကျန်းမာရေး ဝန်ကြီးဌာနက ခွင့်ပြုမထားသည့် ဆိုးဆေးများ ပါဝင်နေကြောင်း တွေ့ရှိရသည်ဟု စာတမ်းတွင် ဖော်ပြထားသည်။
FDA ညွှန်ကြားရေးမှုး ဒေါက်တာ ဇော်ဝင်းက “စမ်းသပ်လို့ တွေ့တယ်၊ တွေ့တဲ့အချိန်မှာ တံဆိပ်ရှိတယ်ဆိုရင် ဘယ်တံဆိပ်ကတော့ ဆိုးဆေးပါတယ်၊ စားသုံးရန် မသင့်ဘူးဆိုတာ ကြေညာပါတယ်။ တံဆိပ် မပါတဲ့ဟာတွေ ဆိုရင်တော့ ဘယ်ဆိုင်က ဘယ်လိုတွေ့တယ် ဆိုပြီးတော့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ကော်မတီကို ပြန်အကြောင်းကြားလိုက်တယ်။ အဲဒီကော်မတီကနေ ဆက်လက် ပြီးတော့ သက်ဆိုင်ရာ မြို့နယ် အစားအသောက်၊ ဆေးဝါးကွပ်ကဲမှု ကော်မတီနဲ့ ညှိနှိုင်း ဆောင်ရွက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် ထိုသို့ပြုလုပ်သူများကို မည်သို့ အရေးယူဆောင်ရွက်သည် ဆိုသည်ကို မရှင်းလင်းပေ။
မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း (ဗဟို) မှ အတွင်းရေးမှုး ဦးကိုကိုနိုင်က “FDA က ဖော်ထုတ်လို့၊ စစ်ဆေးလို့ တိတိကျကျ တွေ့ရှိတယ်ဆိုရင် ပြည်သူကို အမြန်ဆုံး သိခွင့်ပေးရမယ်။ ပြည်သူက ဒါမှလည်း သူ့အခွင့်အရေးအရ ဘယ်ဟာက တရားဝင်တယ်၊ ဘယ်ဟာက တရားမဝင်ဘူးလဲ ဆိုတာကို ရွေးချယ်ခွင့် ရှိမှာ” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ငရုတ်သီးမှုန့်နှင့် အရောင်တင်မှုန့်များသည် အိမ်ရှင်မများ ဟင်းချက်ရာတွင် မဖြစ်မနေ သုံးစွဲကြသည့် ဟင်းခတ်အမှုန့်များ ဖြစ်သည်။
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် နေထိုင်သော အိမ်ရှင်မတဦး ဖြစ်သည့် ဒေါ်ထွေးထွေးက “ငရုတ်သီးမှုန့်တွေကို နဂိုကတည်း ဈေးထဲကပဲ ဖြစ်ဖြစ်၊ ရယ်ဒီမိတ်တွေပဲဖြစ်ဖြစ် ဝယ်ပြီး သိပ်မသုံးဖြစ်ဘူး။ ဆိုးဆေးတွေက ဟင်းချက်လိုက်ရင် အရမ်း ဆိုးဆိုးရွားရွား တွေ့ရတယ်။ ကိုယ်တိုင်ပဲ ထောင်းကြိတ်ပြီး သုံးတယ်။ အခုလိုသာ ဆိုရင်တော့ အချိန်မပေးနိုင်တဲ့သူတွေ တော်တော် ဂရုစိုက်ပြီး သုံးရတော့မှာပဲ” ဟု ဧရာဝတီကို မှတ်ချက်ပြု ပြောကြားသည်။