မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်ကြီး အစိုးရသစ်လက်ထက်မှ ပြန်လည်ကျင်းပတဲ့ ဗိုလ်ရှုခံအခမ်းအနားက အောင်မြင်စွာကျင်းပနိုင်ခဲ့ပါပြီ။ ဒါပေမယ့် ဒီဗိုလ်ရှုခံအခမ်းအနားကို လာရောက်အသုံးတော်ခံခဲ့ရတဲ့ ဝန်ထမ်းတွေ၊ ကျောင်းသား လူငယ်တွေရဲ့ နောက်ကွယ်က အဖြစ် အပျက်အချို့ကိုတော့ ပြည်သူအများစု သိလိုက်မယ်လို့ မထင်ပါဘူး။ ဒီအခမ်းအနားကို လာရောက်ခဲ့ရတဲ့ ဝန်ထမ်းတွေမှာ ကိုယ်စီအတွေ့ အကြုံတွေ ရှိကြမှာပါ။ ဒီနေရာမှာ ကယားပြည်နယ်ကို ကိုယ်စားပြုပြီး သွားခဲ့ရတဲ့ သူတွေရဲ့ အတွေ့အကြုံတချို့ကို မျှဝေပါရစေ။ ကိုယ်တိုင်တွေ့ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေပါပဲ။
ဒီဇင်ဘာလ ၂၂ ရက် ညနေ ၆နာရီလောက်မှာ ကယားပြည်နယ် ကိုယ်စားပြုတဲ့ လူငယ် ၁၈၀ ဟာ ဗိုလ်ရှုခံအခမ်းအနား တက်ရောက်ဖို့ အတွက် ယဉ်ကျေးမှုရုံးက ထွက်ခဲ့ကြပါတယ်။ နိုင်ငံတော်အခမ်းအနားမှာ ကယားပြည်နယ် ကိုယ်စားပြုတက်ရောက်ရမယ့်အတွက် လူငယ်တွေဟာ တက်တက်ကြွကြွ ဝမ်းမြောက် ဂုဏ်ယူစွာနဲ့ ခရီးစဉ်ကို စတင်ခဲ့ကြပါတယ်။
အများစုက တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား တွေပါ။ အရပ်သားတချို့နဲ့ ဝန်ထမ်းတချို့လည်း ပါဝင်ကြပါတယ်။ နေစရိတ်စားစရိတ် အငြိမ်း ဆို တော့ ပိုပြီး အားတက်ခဲ့ကြ တယ်။ တချို့ဆို တနေ့ ၃၀၀၀ ကျပ်ပေးမယ့် အပျော်ခရီးသက်သက်ပဲဆိုလို့ ဝမ်းပန်းတသာနဲ့ ခရီးမှာလိုက်လာခဲ့ကြပါတယ်။ ဘာလုပ်ရမယ်ဆိုတာ ကြိုတင်မသိရဘဲ အခမ်းအနားတက်ဖို့ အတွက်ပဲ သိကြပါတယ်။
လွိုင်ကော်ကနေ နမ့်ပန်တက် ကလော၊ ယင်းမာပင်လမ်းအတိုင်း နေပြည်တော်ကို ထွက်ခဲ့ကြတာပါ။ လမ်းကကြမ်း၊ ကားကကြပ်နဲ့ ခရီး နှင်ခဲ့တာ ကားမူးသူကမူး အန်သူကအန်နဲ့ နေပြည်တော်ကို နောက်နေ့နံနက် ၇ နာရီလောက်မှာ ရောက်လာပါတယ်။ နေပြည်တော်ကို ရောက်တော့ ညောင်းညာကိုက်ခဲ ပင်ပန်းနေပါပြီ။
ဒါပေမယ့် မွန်းလွဲ ၂ နာရီလောက်မှာ တန်းစီကြရပါတယ်။ နေပူကြဲကြဲထဲမှာ လုပ်ရတာပါ။ ဘယ်လိုမှ မျှော်လင့် မထားတဲ့ စစ်ရေးပြကို စတင် သင်ကြားရတာပါ။ အဲတော့မှ အပြောနဲ့ လက်တွေ့ မတူတာကို သိလိုက်ကြပါတယ်။ နောက်နေ့မှာ မနက် ၃ နာရီ အိပ်ရာက ထရပါ တယ်။ ပြီးတော့ ချီတက်လေ့ကျင့်ရပါတယ်။ ရာသီဥတုကလည်း အရမ်းအေး။ မနက်စောစောကြီးထပြီး လေ့ကျင့်ခန်းလုပ်ရ။ ပေးထားတဲ့ ယူနီဖောင်းကလည်း ပါးလွှာနေတော့ အအေးဒဏ်က အသားထဲထိကို စိမ့်ဝင်ပြီး အေးတာပါ။ ဒါပေမယ့် အခုလို ရောက်လာမှတော့ မထူးဘူး၊ အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ကြမယ် ဆိုတော့ စိတ်ဖြစ်ခဲ့ကြတယ်။ အကောင်းဆုံးလည်း လုပ်နိုင်ခဲ့တယ်။
ဒီနေရာမှာ ဘာတွေ့ရလဲဆိုတော့ တခြားတိုင်းနဲ့ ပြည်နယ်တွေက တစ်ယောက်ကို မုန့်ဖိုး ၂၀၀၀၀ ကနေ ၅၀၀၀၀ ကျပ်အထိရကြတယ်။ ဝတ်စုံဆိုရင်လည်း ပိုကောင်းတယ်။ သက်ဆိုင်ရာဝန်ကြီးတွေက လာရောက်အားပေးပြီး လိုအပ်တာတွေကို ဖြည့်ဆည်းပေးကြတယ်။ ဒါပမေယ့် ကယားပြည်နယ်ကိုယ်စားပြုပြီး ရောက်လာကြတဲ့ လူငယ်တွေကတော့ လည်ပင်းရှည်အောင် မျှော်ပင်မယ့်လည်း တယောက်မှ ပေါ်မလာကြပါဘူး။ လူငယ်တချို့က ငွေကြေးအခက်အခဲရှိတဲ့ အကြောင်းတင်ပြကြပါတယ်။ အုပ်ချုပ်တဲ့ သူက “ နင်တို့ မုန့်ဖိုးလိုချင်ရင် စည်ပင်သာယာရေး ဝန်ကြီးဆီမှာတောင်း ” လို့ ဆိုပါတယ်။
ဒါကြောင့် စည်ပင်ဝန်ကြီးကို ဖုန်းဆက် အကူအညီတောင်းခဲ့ကြပါတယ်။ အကယ်၍ ဘယ်သူမှ ရောက်မလာခဲ့ရင် အားလုံးလှည့်ပြန်ကြဖို့ အတွက်လည်း စီစဉ်ထားကြတယ်။ ၂၀၁၅ ဇန်နဝါရီလ ၃ရက် ညနေမှာ စည်ပင်ဝန်ကြီး ဦးအောင်နိုင် ရောက်လာပါတယ်။ ဒါပေမယ့် လူငယ်တွေရဲ့ အခက်အခဲကို လာရောက် မဖြေရှင်းပေးတာ မဟုတ်ဘဲ လူငယ်တွေက ပုန်ကန်နေသူတွေ အလား လာရောက်ပြောဆိုသွားပါတယ်။
ယဉ်ကျေးမှု ဒုတိယညွှန်ကြားရေးမှူးဆိုသူကလည်း စည်ပင်ဝန်ကြီး မလာမီက ဝန်ကြီးတွေ မကောင်းကြောင်း၊ ရှုပ်ပွေတဲ့ အကြောင်းတွေ ပြောခဲ့ပေမယ့်လည်း ဝန်ကြီး ဦးအောင်နိုင်ဦးရှေ့ရောက်တော့ လူငယ်တွေကို အပြစ်တင် စကားတွေသာပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီးရှေ့မှာ ဦးဆောင်တင်ပြတဲ့ သူကို ‘နင် ခုလိုလုပ်တာ စိတ်ဓာတ်အောက်တန်းကျတယ်’ လို့တောင် ပြောလိုက်ပါသေးတယ်။
ဒီအချိန်မှ ပြည်နယ်အစိုးရက ကျပ်သိန်း ၈၀ ထုတ်ပေးလိုက်တဲ့ အကြောင်းသိရပါတယ်။ ဒါပေမယ့် လူငယ်တွေရရှိထားတဲ့ ပါးလွှာတဲ့ ဝတ်စုံက ဘယ်လောက်ဈေးပေးရတယ်တော့ မသိပါဘူး။
ဒီနေရာမှာ စည်ပင်သယာရေးဝန်ကြီးပြောတဲ့ စကားတွေဟာ ကယားပြည်နယ် ကိုယ်စားပြုလာတဲ့သူ တယောက်အတွက်တော့ စိတ် မကောင်း စရာပါ။
“ငါတို့ ပြည်နယ်က ဆင်းရဲတယ်လေ။ တခြားပြည်နယ်တွေနဲ့ နှိုင်းလို့ မရဘူးလေ။ ငါတို့ ပြည်နယ်ဆင်းရဲတာ ပြည်သူတွေကြောင့်။ ပြည်နယ်က ပြည်သူတွေက အခွန်ဆိုရင် မပေးချင်ကြဘူး” စသဖြင့် လူငယ်နဲ့ စကားပြောတဲ့နေရာမှာ “ နင်” “ငါ” ဆိုတဲ့ အသုံးအနှုန်း တွေနဲ့ ယူထားတဲ့ ရာထူးကိုမှ မထောက်ဘဲ ပြောသွားခဲ့ပါတယ်။
အဲဒီမှာ လူငယ်တစ်ဦးက “အခုမှ ကယားပြည်နယ် ဘယ်လောက်ဆင်းရဲတယ်ဆိုတာ သိရပြီ ” လို့ ပြောလိုက်တော့ ဝန်ကြီးက “ နင်အဲလို စကားမပြောနဲ့ နင်ဝန်ထမ်း တစ်ယောက်နော်” လို့ ပြောပြန်ပါတယ်။
အုပ်ချုပ်သူတယောက်ဖြစ်တဲ့ ယဉ်ကျေးမှုဌာနက လက်ထောက်ညွှန်ကြားရေးမှူးက “ဘယ်မှာလဲ ပြန်မယ်ပြောတဲ့သူ ငါအခု ချက်ချင်း ပြန်ပို့လိုက်မယ်။ ငါတို့က နင်တို့ကို ပိုက်ဆံပေးမယ်လို့ ပြောပြီးခေါ်ခဲ့တာ မဟုတ်ဘူး။ ပြန်ချင်တဲ့ သူပြန်ကြ ” လို့ပြောတော့ အားလုံးက လက်ထောင်ခဲ့ကြတယ်။
လူငယ်တယောက်က “ အစတည်းက ဘယ်သူမှ ပိုက်ဆံလိုချင်လို့လာခဲ့ကြတာမဟုတ်ဘူး ။ ဒါပေမယ့် ခု အားလုံး အခက်အခဲကြောင့် ခုလိုလုပ်ရတာ။ ပိုက်ဆံလိုချင်တာထက် လာရောက်တွေ့ဆုံပြီး အားပေးစကားကို ပိုမိုမျော်လင့်ခဲ့တာ” လို့ တင်ပြတယ်။
ဒီအခါ ဝန်ကြီးက သူ့ကားမောင်းတဲ့ ကားမောင်းသမားက လမ်းမသိလို့ မလာဖြစ်တဲ့ အကြောင်းရှင်းပြပြီးတော့ “ ငါ့ခရီးစရိတ်ထဲ က နင်တို့ကို ငွေ ၅၀၀၀၀(ကျပ်) ပေးလိုက်မယ် ” လို့ ဆိုပါတယ်။ သို့သော် လူအင်အား ၁၈၀ အတွက် ငွေ ၅၀၀၀၀ ကျပ် ဘယ်လို သုံးမလဲ။
ညဘက်တွင် အလှူရှင်တစ်ဦးမှ တစ်ယောက်လျှင် ကျပ် ၁၀၀၀၀ စီ မုန့်ဖိုးပေးပါတယ်။ အဲဒီ မုန့်ဖိုးပေးတဲ့ အခါမှာ အုပ်ချုပ်သူက ယဉ် ကျေးမှုဌာနက လက်ထောက်ညွှန်ကြားရေးမှူးက “နင်တို့ ပိုက်ဆံမမြင်ဖူးဘူး မဟုတ်လား။ ဒီမှာ တစ်ယောက် ၁၀၀၀၀ လာယူကြ” လို့ ပြောပြီး ပေးပါတယ်။ လူငယ်နှစ်ယောက်က ဒီငွေကို မယူဘဲ အုပ်ချုပ်သူထံ လှူဒါန်းလိုက်မည်ဟုဆိုကာ ငွေ ၁၀၀၀၀ကျပ်ကို မယူ ဘဲနေခဲ့ကြတယ်။ အုပ်ချုပ်သူကတော့ အပြုံးပင် မပျက်။
တကယ်တော့ လူငယ် ၁၈၀ တို့ဟာ လွတ်လပ်ရေးနေ့မှာ တိုင်းရင်းသားဝတ်စုံ အပြည့်နဲ့ စစ်ကြောင်းချီတက် အလေးပြုခဲ့ တာဟာ ငွေကြေး ၁၀၀၀၀ ကျပ်အတွက်ကြောင့် မဟုတ်ဘဲ ကယားပြည်နယ်မျက်နှာ၊ ကယားလူမျိုးတွေ မျက်နှာ ထောက်ထား၍သာ ဖြစ်ပါတယ်။
လွတ်လပ်ရေးနေ့ည ညစာစားပွဲမှာ ပြည်နယ်အသီးသီးက ဂုဏ်ပြုဆုငွေတွေ ရခဲ့ကြပါတယ်။ ကယားပြည်နယ်အတွက် ဘယ်လောက် ရလိုက်တယ်ဆိုတာ မသိရပါဘူး။ ဘယ်နေရာမှာ အသုံးပြုလိုက်တယ်ဆိုတာလည်း မသိရပါဘူး။ တကယ်တော့ ဒီခရီးစဉ်မှာ ခရီးစရိတ်သာ မပေးရတာပါ။ အသွားတုန်းက ကိုယ့်အစီစဉ်နဲ့ကိုယ် စားခဲ့ရတယ်။ အပြန်ခရီးမှာတော့ ထမင်းဖိုး ၂၀၀၀ကျပ် စီပေးတယ်။
ကယားပြည်နယ်က လူငယ် ၁၈၀ လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားအတွက် ၂ ပတ်တာ အပင်ပန်းခံ စစ်ရေးလေ့ကျင့်ခဲ့ရတဲ့ အကျိုးခံစားခွင့်ဟာ ငွေကျပ် ၂၀၀၀ အပါအဝင် စည်ပင်သာယာရေးဝန်ကြီးနဲ့ ယဉ်ကျေးမှုဌာနက လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးရဲ့ ပြောဆိုစော်ကား ခံခဲ့ရတာပါပဲ။ ဒီလို ၂ ပတ်တာ အပင်ပန်းခံခဲ့ရလို့ ကယားပြည်နယ်က လူငယ်တွေဟာ အနည်းဆုံး နေပြည်တော်ရဲ့ ရေပန်းဥယျာဉ်၊ ဒါမှမဟုတ် မြို့မဈေးဆိုတာတောင် မရောက်ခဲ့၊ မမြင်ခဲ့ရပါဘူး။
ဒီလိုတွေ ဖြစ်ခဲ့တာကို ပြည်သူတွေလည်း သိကြမှာ မဟုတ်သလို ဗိုလ်ရှုခံတဲ့ သမ္မတဦးသိန်းစိန်လည်း သိမှာမဟုတ်ပါဘူး။ ကယား ပြည်နယ်က သွားတဲ့ လူငယ်တွေ ကြုံတွေ့ရတာထက် ဆိုးရွား၊ ခါးသီးတဲ့ အတွေ့အကြုံတွေလည်း ရှိကြမှာပါ။
ဗိုလ်ရှုခံ အခမ်းအနားက ရလိုက်တဲ့ သင်ခန်းစာတခုကတော့ ခေါင်းဆောင်ကောင်းတွေက နောက်လိုက်တွေအတွက် အနစ်နာခံကြတယ်။ စည်းလုံးမှု မရှိသေးတဲ့ နောက်လိုက်တွေကို စည်းလုံးအောင် သင်ပေးကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် တောင်ပေါ် မြေပြန့် မခွဲခြားဘဲ အတူတကွ လွတ် လပ်ရေးရအောင် ကြိုးစားခဲ့ကြတယ်။ “လွတ်လပ်ရေး မရတာဟာ နင်တို့ကြောင့်” လို့ ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ပြည်သူတွေကို တခွန်းမှ မပြောခဲ့ဘူး။ ခေါင်းဆောင်ကောင်းတွေက အများအကျိုးအတွက် အနစ်နာခံကြတယ်။ ဗိုလ်ချုပ်ဆိုတာကတော့ ပြည်သူက သတ်မှတ်တင် မြှောက်ထားတဲ့ ခေါင်းဆောင်ပေါ့။
အခု ခေါင်းဆောင်တွေကတော့ ဘယ်ကနေ၊ ဘယ်လိုတင်မြှောက် ထားတဲ့ ခေါင်းဆောင်တွေမှန်း မသိရဘူး။ သူတို့မှာ အရည်အချင်း မရှိ လို့ ပြည်နယ် မဖွံ့ဖြိုးဘဲ ဆင်းရဲနေတာကိုတောင် ပြည်သူတွေ အပေါ် ပုံချဖို့ ဝန်မလေးဘူး။ ကိုယ့်ပြည်သူအတွက် အနစ်နာ ခံဖို့ဆို တာ လည်း အဝေးကြီး။ ဒီလိုခေါင်းဆောင်တွေရဲ့ အုပ်ချုပ်ခံနေရတဲ့ ကိုယ့်ရဲ့ ကယားလူမျိုးတွေကိုလည်း သနားသလို၊ ကိုယ့် တိုင်းပြည် အတွက်လည်း ရင်လေးနေမိပါတော့တယ်။
(နှင်းငယ်သည် ကယားပြည်နယ်မှ လူထုကျန်းမာရေးဝန်ထမ်းတဦးဖြစ်သည်)