မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိသော ရေသန့်ဘူးခွံများတွင် လူ၏ ကျန်းမာရေးကို ထိခိုက် စေနိုင်သော ဒြပ်စင်တချို့ ပါဝင်လျက်ရှိကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဋ္ဌာန (အောက်မြန်မာပြည်) ၌ ကျင်းပခဲ့သည့် ၄၃ ကြိမ်မြောက် ကျန်းမာရေးဆိုင်ရာ ညီလာခံတွင် တင်သွင်းဖတ်ကြားခဲ့သည့် သုတေသန စာတမ်းတစောင်တွင် အထက်ပါ အတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။
သုံးစွဲသူများ အနေဖြင့် သောက်ရေသန့်ဘူးများကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်မှုနှင့် အန္တရာယ် ရှိနိုင်မှုတို့ကို သိရှိစေရန်အပြင် ရေသန့်ဘူးခွံများ၏ အမျိုးအစားများ ခွဲခြား သတ်မှတ်ရန်နှင့် ၎င်းတို့အတွင်းတွင် ပါရှိသည့် ဒြပ်စင်များကို တိုင်းတာရန် ရည်ရွယ်၍ ယင်းသုတေသနကို ပြုလုပ်ခြင်း ဖြစ်ကြောင်း သုတေသန စာတမ်း တွင် ဖော်ပြထားသည်။
သုတေသန တွေ့ရှိချက်များအရ ရွေးချယ် စမ်းသပ်ခဲ့သော ရေသန့်တံဆိပ်များ အားလုံး၏ ဘူးခွံများမှာ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးမှုဆိုင်ရာ မူဝါဒအရ အစားအသောက်နှင့် သောက်ရေများ ထုတ်ပိုးရန်အတွက် ယုံကြည်စွာ အသုံးပြုနိုင်သည့် ပေါ်လီမာ (Polymer) ဒြပ်ပေါင်း ဖြစ်ရမည် ဖြစ်သော်လည်း လူ၏ ကျန်းမာ ရေးကို ထိခိုက်စေနိုင်သော ဒြပ်စင်များ ဖြစ်သည့် အလူမီနီယံ ဒန်သတ္ထု၊ တိုင်တေနီယမ်သတ္ထု၊ ရိုဒီယမ် သတ္ထုနှင့် ခဲသတ္ထုတို့ ပါဝင် ဖွဲ့စည်းထားကြောင်း ယင်းစာတမ်းက ဆိုသည်။
ယင်းကိစ္စကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဋ္ဌာန (FDA) သို့ တင်ပြထား သော်လည်း မည်သည့် ရေသန့် တံဆိပ်များ၏ ဘူးခွံများကို ရွေးချယ် စမ်းသပ်ထားကြောင်း ကြေညာခြင်း မရှိသေးပါ။
ဆေးသုတေသန ဦးစီးဋ္ဌာနမှ ညွှန်ကြားရေးမှုး ဒေါက်တာဝင်းအောင်က “ဆရာတို့ ရရှိတဲ့ အဖြေတွေကို FDA ကို ပေးတယ်။ FDA ကမှ သူတို့ အပေါ်က လူကြီးတွေနဲ့ ညှိပြီးတော့ ကျန်းမာရေး မူဝါဒ ချမှတ်တဲ့သူတို့၊ အခွင့်အာဏာ ရှိတဲ့သူတို့နဲ့ ညှိပြီးတော့ ဒါတွေကို အရေးယူတာ၊ အသိပေးတာ၊ ဈေးကွက်က ပြန်သိမ်း တာတွေ လုပ်ခိုင်းမှာပေါ့။ အဲဒါကတော့ သူတို့အပိုင်းပါ” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ အနှံ့အပြားတွင် သောက်ရေသန့်ဘူးများကို တွင်ကျယ်စွာ အသုံးပြုနေကြသော်လည်း သောက်ရေသန့်ဘူးများနှင့် ပတ်သက်သည့် ကျန်းမာရေး ဗဟုသုတမှာ နည်းနေသေးကြောင်းလည်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း (ဗဟို) မှ အတွင်းရေးမှူး ဦးကိုကိုနိုင်က ဧရာဝတီသို့ ပြောသည်။
“ရေသန့်ဘူးကို နေပူထဲမှာ အမိုးအကာ မရှိဘဲ ထားရင် ပလတ်စတစ်မှာပါတဲ့ ဓာတ်က ရေနဲ့တွေ့ရင် ဓာတ်ပြုတဲ့ သဘောတရား ရှိတယ်။ စားသုံးသူတွေက ဒါကိုမသိဘဲ သုံးစွဲလာတဲ့ အခါကျရင် ရေရှည်မှာ မလိုလားအပ်တဲ့ ရောဂါတွေ ဖြစ်တတ်တယ်” ဟု ဦးကိုကိုနိုင်က ပြောသည်။
Ever Purified Water ရေသန့် လုပ်ငန်းပိုင်ရှင် ဦးဟန်သန်းလွင်က ၎င်းတို့ အသုံးပြုသော ရေသန့် ဘူးခွံများ သည် စက်ရုံထုတ်များ ဖြစ်ပြီး ရေသန့်လုပ်ငန်းစဉ် အဆင့်ဆင့်ကို FDA မှ ၂ နှစ် တခါ လာရောက် စစ်ဆေးသည်ဟု ဧရာဝတီသို့ ပြောသည်။
ဦးဟန်သန်းလွင်က “ရေသန့် ဘူးခွံတွေကတော့ စက်ရုံက မှာပြီး သုံးတာ။ သူတို့ ထုတ်ထားတဲ့အတိုင်း သုံးတယ်။ ၂ နှစ် တခါတော့ FDA က လာလာစစ်တယ်။ ဒီကြားထဲလည်း ရှောင်တခင် သဘောမျိုးတော့ လာလာစစ်တတ်တယ်” ဟု ပြောသည်။
၎င်းတို့အနေဖြင့် ရေသန့်ဘူးကြီးများကို ရေလဲလှယ်ရာတွင်လည်း အနံ့လွတ် ဆပ်ပြာမှုန့်နှင့် ဘူးခွံ၏ အပြင်ကို ဆေးကြောပြီး အတွင်းပိုင်းကို ကလိုရင်း ဖျော်ထားသော ရေနှင့် ဆေးကြောသည်ဟု ဆိုသည်။