၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) အနေနဲ့ ပြည်သူ လူထုကို အိမ်တိုင်ရာရောက် စည်းရုံးတဲ့ နည်းစနစ်နဲ့ စည်းရုံးမှုတွေ စတင်နေပြီလို့ ကြံ့ခိုင်ရေးပါတီထံမှ စုံစမ်းသိရှိ ရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီကို အဓိက နိုင်ငံရေး ပြိုင်ဖက်အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ် တဲ့ အတွက် ကြံ့ခိုင်ရေး ပါတီအနေနဲ့ စောစောစီးစီး စည်းရုံးတွေ စတင်တာဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလို ဆန္ဒမဲ လွယ် လွယ်ကူကူ ရနိုင်တဲ့ အခြေအနေရှိမှာ မဟုတ်လို့ မဲဆန္ဒရှင်တွေနဲ့ ထိတွေ့မှုကို သိသိသာသာ တိုးလုပ် မှာ ဖြစ်တယ် လို့ ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ စည်းရုံးရေးလုပ်ငန်းလုပ်ဆောင်ရာမှာ အလုပ်သမား၊ လယ်သမား နဲ့ လူငယ်တွေကို အဓိက ထား စည်းရုံး နေပြီး လူထုရဲ့ လိုအပ်ချက်တွေကို စစ်တမ်း ကောက်ယူတာမျိုးတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
USDP ပါတီရဲ့ ဗဟိုကော်မတီဝင်တဦး ဖြစ်သူ ဦးလှဆွေက “ကြံ့ခိုင်ရေးပါတီက စည်းရုံးရေးကို Door to Door လုပ်နေပြီ။ ပြီးတော့ အစုအဖွဲ့ ၃ ဖွဲ့ သတ်မှတ်ပြီး စည်းရုံးရေး လုပ်မယ်။ အလုပ်သမား၊ လယ်သမားနဲ့ လူငယ်ဆိုပြီး ပါတီက ပစ်မှတ် ထားပြီး လုပ်နေတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ ပြီးကတည်း ကြံ့ခိုင်ရေး ပါတီအနေနဲ့ ပုံမှန်စည်းရုံးရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ မဲဆွယ်ရေး လုပ်ငန်းတွေကို သီးသန့် လုပ်ငန်းစီမံချက် တရပ်အနေနဲ့ ပြုလုပ်နေပြီး ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းကိုတော့ မထုတ်ပြန် နိုင်သေးတာကြောင့် ဘယ်သူ့ကို မဲထည့်ပါဆိုပြီး မစည်းရုံးနိုင် သေးဘူး လို့ သိရပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ အိမ်တိုင်ရာရောက် စည်းရုံးရေးမှုတွေကို အဓိကအားဖြင့် ကျေးလက်တောရွာတွေမှာ လုပ်ဆောင် နေတယ် လို့ သိရပါတယ်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဇီးကုန်းကျေးရွာသား ဦးတင်လွင်က “ကျနော်တို့ဘက်က ရွာ ၄၊ ၅ ရွာကို ကြံ့ခိုင်ရေးက ကွင်းဆင်းလာပြီး ၂၀၁၀ တုန်းက ဘယ်ပါတီ ကို မဲပေးခဲ့လဲ၊ ၂၀၁၅ မှာ ဘယ် ပါတီကို မဲထည့်မှာလဲ ဆိုပြီး မေးတယ်။ ပြီးတော့ ဒေသဖွံ့ဖြိုးရေး အတွက် ရေလိုလား၊ မီးလိုလား ဆိုပြီး လာမေးတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ ပြီးကတည်း ကျေးရွာတွေကို လာရောက်ခြင်းမရှိတဲ့ ကြံ့ခိုင်ရေးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲနီးမှ ပြန်ရောက်လာပြီး မကောင်းသေးတဲ့ ရွာလမ်းကို ပြန်ခင်းပေးမယ်လို့ ပြောဆိုစည်းရုံးတဲ့အပြင် မိသားစု တစုကို ငွေကျပ် ၅၀၀၀၀ ချေးမယ်ဆိုပြီး ပြောဆိုစည်းရုံးမှုတွေ လုပ်ဆောင်နေတယ်လို့ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် သပြေလှ ကျေးရွာ အုပ်စုမှာ နေထိုင်နေတဲ့ ဦးရွှေက ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ဆီမှာတော့ တအိမ်ထောင် ၅ သောင်း ချေးမယ်ဆိုပြီး စည်းရုံးနေတယ်။ ချေးမယ့် သူတွေကို လက်မှတ် ထိုးခိုင်း တယ်။ ကြံ့ခိုင်ရေးက ငွေချေးမယ်ဆိုပြီး စည်းရုံးတာ။ ပေးရင်တော့ ယူမယ့် လူတွေ အများကြီးပဲ။ ဒီမှာက ပိုက်ဆံမှာ မရှိကြ တာ။ နောက်ပြီး ဓာတ်ပုံရိုက်ပေးမယ်။ ကြံ့ခိုင်ရေးကတ် လုပ်ဖို့ပေါ့။ ဒီကတ်ရှိရင် ခရီးသွားလို့ လွယ်တယ်။ ဧည့်စာရင်း တိုင် လို့ ရတယ်ဆိုပြီးလည်း ပြောတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမန်းက လယ်သမားတွေ၊ အလုပ်သမားတွေ တွေ့ဆုံပွဲတွေ ဆက်တိုက် ပြုလုပ်နေပြီး အဲဒီတွေ့ဆုံပွဲတွေ တက်ရောက်ဖို့ ဒေသခံ လူထုကို မက်လုံးပေး စည်းရုံးတာတွေ ဆက်တိုက် လုပ်နေတယ်လို့ သိရပါတယ်။
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ တနသာၤရီတိုင်း၊ ထားဝယ်မြို့မှာ ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ ဦးရွှေမန်းက ဒေသခံတွေနဲ့ တွေ့ဆုံပွဲ တခု ကျင်းပခဲ့ပြီး တွေ့ဆုံပွဲ တက်ရောက်ဖို့ မက်လုံးပေး စည်းရုံးတာတွေ လုပ်ခဲ့တယ်လို့ ထားဝယ် တောင်သူလယ်သမား သမဂ္ဂမှ ဒေါ်ရီရီထွေးက ဧရာဝတီကို ပြောပါတယ်။
“ကားအကြို အပို့နဲ့ ခေါ်တယ်။ ထမင်းထုပ် ဝေတယ်။ တွေ့ဆုံပွဲ လိုက်တဲ့ လယ်သမား တွေကို စိုက်ပျိုး စရိတ်ရမယ်။ အခြား စရိတ်တွေလည်း ပေးမယ်ဆိုပြီး ခေါ်သွားတာ” လို့ ထားဝယ် တောင်သူ လယ်သမား သမဂ္ဂမှ ဒေါ်ရီရီထွေးက ပြောပါတယ်။
ဦးရွှေမန်းသာမကဘဲ ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်တင်မြှောက်ခံရလို့ တိုင်းဒေသနဲ့ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရနေတဲ့ အစိုးရခေါင်းဆောင်တွေကလည်း ကြံ့ခိုင်ရေးပါတီကိုပဲ ထောက်ခံကြပါဆိုပြီး လူထုတွေ့ဆုံပွဲတွေမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုလာပါတယ်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မှော်ဘီမြို့နယ်မှာ လုပ်တဲ့ တောင်သူ လယ်သမားတွေနဲ့ တွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက ၂၀၁၅ ရွေးကောက်ပွဲမှာ လယ်သမားတွေ အနေနဲ့ ကြံ့ခိုင်ရေး ပါတီကို “ထောက်ခံ အား ပေးကြပါ”လို့ တိုက်တွန်းခဲ့ပါသေးတယ်။
ကြံ့ခိုင်ရေးပါတီက ၂၀၁၅ ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲအတွက် အရေးပေါ် ဗဟိုကော်မတီအဆင့် အစည်းအဝေး တရပ်ကို ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ နေပြည်တော်မှာ တံခါးပိတ် ကျင်းပသွားဖို့ ရှိပြီး ဒီအစည်းအဝေး ပြီးရင်တော့ ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းနဲ့ ရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့တဲ့ ထိပ်ပိုင်း ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တချို့ရဲ့ အမည်စာရင်းတွေ ထွက်ပေါ်လာနိုင်တယ်လို့ စုံစမ်းသိရှိရပါတယ်။