အများပြည်သူပိုင်တဲ့နေရာတွေ အဆောက်အဦတွေ မြေယာတွေကို အသင်းအဖွဲ့တခုခု ဒါမှမဟုတ် လူတဦးတယောက်က အတင်းအဓမ္မ သိမ်းပိုက်မှုတွေ တစတစ များလာပြီဆိုရင် အဲဒီလူ့အဖွဲ့အစည်းမှာ မညီမျှမှုတွေ ကြီးထွားလာလေ့ရှိတယ်။ အများပြည်သူပိုင်နေရာတွေ အဆောက်အဦတွေကို လက်ညှိုးထိုးပြီး အိုးရောင်းခွက်ရောင်း ရောင်းချနေတာတွေက
တိုင်းပြည်အနှံ့မှာ မြင်တွေ့နေရတယ်။ တချို့နေရာတွေ၊ တချို့အဆောက်အဦတွေက ဘယ်လိုမှ ရင်းစားပြန်မရနိုင်တော့တဲ့နေရာတွေ ဖြစ်တယ်။
ဒီလိုအခြေအနေမျိုးတွေနဲ့ လက်ပွန်းတတီး ယဉ်ပါးနေတဲ့နိုင်ငံဟာ ဖွံ့ဖြိုးမှု နိမ့်ကျနေတဲ့ နိုင်ငံအဆင့်က မတက်နိုင်တာ မဆန်းပါဘူး။ ဒီလိုအခြေအနေမျိုးရောက်အောင်
ဘယ်လိုအေကြောင်းချင်းရာတွေက တွန်းပို့ခဲ့သလဲ။ ဘယ်သူတွေက ဒီလုပ်ပိုင်ခွင့်တွေကို တရားလက်လွတ် အပြည့်အ၀ အသုံးချခဲ့ကြသလဲ။ ပြေးကြည့်စရာမလို၊
တွေးကြည့်ရုံနဲ့တင် လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။
အဲသည်လို မောင်ပိုင်စီးပြီး(ယောက္ခမပစ္စည်းလို သဘောထားကာ) ထင်သလို ရောင်းဝယ်ဖောက်ကားကြတာတွေက မြို့ကြီးပြကြီးတွေတင် မဟုတ်ပါဘူး။ ဒီယဉ်ကျေးမှုက ကူးစက်ရောဂါတခုလို ရွာငယ်ဇနပုဒ်ထိတိုင်အောင် ရောက်လာခဲ့ပါပြီ။ ကျေးလက်ဒေသက အဝယ်ဒိုင်နေရာတွေ၊ ဂိုဒေါင်နေရာတွေလည်း နီးစပ်ရာလူတွေလက်ထဲ ရောက်ကုန်တယ်။မြို့ပေါ်က မောင်ပိုင်စီးခံရတဲ့ အဆောက်အဦတွေကျပြန်တော့ တခေတ်တခါက လျှမ်းလျှမ်းတောက်ခဲ့ကြတဲ့ သမဝါယမအသင်းတွေ ထိပ်ဆုံးမှာ ရှိနေတယ်။
မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဆိုတာကြီး ဖော်ဆောင်စဉ်က သမဝါယမအသင်းတွေဟာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့ကြတယ်။ ဒါကြောင့်လည်း သမဆိုင်တွေက
ရပ်ကွက်တိုင်းရဲ့ နေရာကောင်းမှာ နေရာရခဲ့ကြတယ်။ နေရာ အကွက်အကွင်းကောင်းမှာရှိတဲ့ သမဆိုင်တွေဟာ စီးပွားရေးသမားတွေအတွက် မျက်စိကျစရာ ဖြစ်ကုန်တော့တာပါပဲ။အခု လက်ရှိမှာ သမဆိုင်အများစုက သမလုပ်ငန်း မလုပ်တော့တာ အတော်ကြာပါပြီ။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ဆိုင်ခန်းငှားထားတဲ့ဆိုင်တွေ ရှိတယ်။ လူနေဖို့ ငှားထားတာတွေ ရှိတယ်။ ဂိုဒေါင်အဖြစ်သုံးနေတဲ့ သမဆိုင်ခန်းတွေလည်း ရှိတယ်။
ဒီသမဆိုင်တွေရဲ့ အငှားချထားခွင့်တွေ လူနေထိုင်ခွင့်တွေကို ဘယ်သူတွေက စီမံဆောင်ရွက်နေသလဲ။ ရလာတဲ့အကျိုးအမြတ်တွေကို ဘယ်လိုခွဲဝေနေကြသလဲ။ နေရာငှားရမ်းချထားမှုကို ဘယ်လိုမူတွေနဲ့ လုပ်ဆောင်နေတာလဲ။ ယခုအချိန်က နိုင်ငံတော်ရဲ့ တာဝန်ရှိသူတွေကိုယ်တိုင် “သန့်ရှင်းသောအစိုးရ” “ကောင်းမွန်သောအုပ်ချုပ်မှု”လို့
တွင်တွင်ပြောနေချိန်ဖြစ်တယ်။ အများပြည်သူနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ အောက်ခြေတာဝန်ရှိသူတွေကိုယ်တိုင် ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်ရမယ့်အချိန် ဖြစ်တယ်။
မီးရထားပိုင်မြေ၊ စည်ပင်သာယာပိုင်မြေ၊ ဆည်မြောင်းပိုင်မြေစတဲ့ ဌာနဆိုင်ရာမြေတွေလည်း လက်ဝါးချင်းရိုက် လက်သိပ်ထိုး ရောင်းဝယ်သွားကြတာ များလှပါပြီ။ မန္တလေးမြို့ရဲ့ အသည်းနှလုံးလို့ဆိုရမယ့် မြို့လယ်ကောင်က မီးရထားပိုင်မြေကွက်တွေဟာ တဦးတယောက်ထဲကို ဝကွက်အပ်လိုက်ရတာတွေလည်း ရှိတယ်။ မန္တလေးမြို့ မင်္ဂလာလမ်းပေါ်က စည်ပင်သာယာပိုင် နေရာကောင်း ထောင့်ကွက်လည်း ကန်ထရိုက်တာကို ပေးလိုက်ရပြီး တကွက်ငုတ်မြေကွက်မှာ လေးထပ်တိုက်တလုံးနဲ့ စည်ပင်က ကျေနပ်ခဲ့ကြတယ်။ ဆည်မြောင်းဥပဒေအရ မြောင်းအနီးဝန်းကျင်မှာ အဆောက်အဦမဆောက်ဖို့ ဥပဒေပြဌာန်းထားပေမယ့် အထင်ကရ ရေနီမြောင်းကို ထင်သလို ချယ်လှယ်ပြီး လူနေတိုက်ခန်းတွေ အစီအရီဆောက် ဟိုတယ်တွေဆောက် လုပ်ခဲ့ကြပြန်တယ်။
တကယ်တော့ အများပြည်သူပိုင်နေရာတွေဟာ မြို့လူထုက ပိုင်တာတွေပါ။ တချို့နေရာတွေဆို ရောင်းချပြီးလို့ ပိုင်ရှင်နှစ်ဆက် သုံးဆက်ရောက်တော့မှ မြို့ခံတွေသိကြရတဲ့အဖြစ်တွေ ရှိတယ်။ အများပြည်သူ စိတ်လက် အပန်းဖြေအနားယူတဲ့ ပန်းခြံတွေသည်ပင် အသင်းအဖွဲ့ပိုင်မှသည် ပါတီပိုင်ပစ္စည်း ဖြစ်သွားရတာတွေ ရှိနေတယ်။ ဒါတင်မကဘူး။အားကစားကွင်းတွေလည်း မောင်ပိုင်အစီးခံရတဲ့ စက်ကွင်းက မလွတ်ဘူး။ ပြန်ကြားရေးဝန်ကြီးဌာနပိုင် ရုပ်ရှင်ရုံတွေလည်း ပုဂ္ဂလိက လက်ကို ရောက်ကုန်တာရှိတယ်။ ရုပ်ရှင်ရုံတွေရဲ့ သဘောသဘာဝအရ မြို့လယ်လူစည်ကားရာနေရာတွေမို့ ဝယ်လက်တွေကို စိတ်ကြိုက်ဈေးခေါ်လို့ကောင်းတဲ့နေရာတွေ ဖြစ်တယ်။
မြေဈေးတွေ မိုးထိုးနေတဲ့ခေတ်မှာ အကွက်အကွင်းကောင်း နေရာကောင်းမြေကွက်တွေဟာ မောင်ပိုင်စီးလိုသူတွေအတွက် မျက်စိကျစရာတွေပေါ့။ စီးပွားရေး လာဘ်မြင်ကြသူအချို့က အာဏာပိုင်တွေနဲ့ ပလဲနံပသင့်အောင်ပေါင်းပြီး အများပြည်သူပိုင်နေရာတွေကို အောက်ကြေးပေးပြီး အချောင်နှိုက်ကြတယ်။ တချို့အဆောက်အဦတွေ မြေကွက်တွေကိုတော့
(အိတ်ဖွင့်၊ အိတ်ပိတ်) တင်ဒါအမျိုးမျိုးခေါ်ပြီး ရောင်းကြတာလည်းရှိတယ်။ စက်မှု ၁ ပိုင် စက်ရုံ အလုပ်ရုံ တော်တော်များများ၊ ဝင်းသူဇာ ကုန်ပဒေသာဆိုင်အချို့ အဲသည်နည်းနဲ့
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ လက်ထဲရောက်သွားကြတယ်။
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်က နေရာအကွက်အကွင်းကောင်းမှာရှိတဲ့ စက်ရုံအလုပ်ရုံကြီးတွေနဲ့ အင်းစိန်လမ်းပေါ်က ဧကကွက် ကျယ်ကြီးတွေဟာ ပိုင်ရှင်သစ်တွေရဲ့ လက်ထဲမှာ မီးခိုးထွက်စရာမလိုပဲ အကျိုးအမြတ်များစွာ ခံစားနေကြရပါပြီ။ မြန်မာနိုင်ငံမှာ မြေကို နေလှန်းပြီး လေသလပ်ခံတဲ့ စီးပွားရေးက စက်ရုံ အလုပ်ရုံ ထောင် လည်ပတ်တာထက်
ပိုပြီးတွက်ခြေကိုက်တယ်။
ပြည်သူပိုင်အဆောက်အဦတွေကို ထုခွဲရောင်းချရာမှာ အချို့နေရာတွေရဲ့ ရောင်းချတဲ့ဈေးနှုန်းက ရသင့်ရထိုက်တဲ့ကာလပေါက်ဈေးထက် နည်းနေတယ်။ အဲသည်အကြောင်း မိတ်ဆွေတယောက်နဲ့ ပြောဖြစ်ကြတော့ သူက ကျနော့်ကို သနားစရာကောင်းတဲ့ သတ္တဝါတကောင်လိုကြည့်ပြီး ဟားတိုက်ရယ်တယ်။ ပြီးတော့ သူကပြောတယ်။ ”ပြည်သူပိုင်ပစ္စည်းကို ယောက္ခမပစ္စည်းလို သဘောထားသူတွေက ကာလပေါက်ဈေးကို ခင်ဗျားတို့ ကျနော်တို့ သိတာထက် သူတို့က ပိုသိတော့မှာပေါ့။ တရားဝင်ရောင်းချတဲ့ဈေးနှုန်းကို လျှော့ပေးထားတော့
တရားမဝင်အောက်ဆိုဒ်ငွေ သူတို့ရတာပေါ့”တဲ့။ ကျနော် ဘာမှပြန်မပြောနိုင်ပဲ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ ဟိုအရင်ခေတ်က ဆရာတယောက်ပြောခဲ့ဖူးတဲ့
ကြက်ဆူစိုက်တဲ့ သူဌေးဆိုဒ်စုံ ဆိုတာ သွားသတိရမိတယ်။
တခေတ်တခါက ကြက်ဆူတွေ ဘိုင်အိုဒီဇယ်ဆိုပြီး စိုက်ကြတော့ သူဌေးကြီးအချို့ကလည်း အထက်ကပေးအပ်တဲ့ တာဝန်တွေကို အားတက်သရောဝင်ပြီး ဆောင်ရွက်ကြသတဲ့။အစိုးရပိုင်မီဒီယာတွေကလည်း ဘိုင်အိုဒီဇယ်သုံးခြင်းကြောင့် ရလာမယ့်အကျိုးကျေးဇူးတွေ မစားရဝမခန်း ဖော်ပြကြတယ်။ ကျနော့်ဆရာက အာဏာရှင်တွေ အလိုကျ စွမ်းစွမ်းတမံ ကြက်ဆူစိုက်ကြတဲ့ သူဌေးကြီး ငယ်ရွယ်လတ်တွေကို ကြည့်ပြီး သနားကရုဏာသက်တယ်။ သူ သနားပေမယ့် ခေတ်ပျက်မှာ သူဌေးလုပ်နေတဲ့သူတွေပဲဟာ။ သူဌေးပေါက်စတွေက ဧကရာဂဏန်း တာဝန်ယူကြပြီး သူဌေးလတ်တွေကတော့ ဧကထောင်ဂဏန်းစိုက်ဖို့ အာမခံကြတယ်။ ဇာတိကသူကြွယ်ကြီးတွေကတော့ သောင်းချီတဲ့ဧကမှာ ကြက်ဆူစိုက်ကြဖို့ ဟန်ရေးပြင်ကြပါရောလား။
ကြက်ဆူစိုက်ဖို့ဆိုတော့ မြေကလိုလာပြီ။ စိမ်းညှို့နေတဲ့ တောတန်းတောအုပ်တွေ မှိုင်းဝေနေတဲ့ တောင်ကုန်းတောင်တန်းတွေကို သူဌေးဆိုဒ်စုံအတွက် အစိုးရက ခွဲခြမ်းဝေငှလိုက်တယ်။ ကြက်ဆူစိုက်ပျိုးရေးသည် အမျိုးသားရေးတာဝန်ဖြစ်သည်ဆိုတဲ့ ဆိုင်းဘုတ်တောင် အကျအန ချိတ်လိုက်သေး။ တောအနှံ့ တောင်အနှံ့ လွှဆွဲသံ စို့ရိုက်သံ ဆင်အော်သံ
ယန္တရားမောင်းသံတွေနဲ့ တရားဝင် သစ်ခုတ်ပွဲတော်ကြီးကို ဝှဲချီးကျင်းပပါတော့တယ်။ တခဏချင်းအတွင်းမှာပဲ နေ့မီးညမီးဆက်ပြီး လုပ်လိုက်တာကြောင့် စိမ်းညှို့ မှိုင်းဝေနေတဲ့ တောင်ကုန်းတွေ တောတန်းတွေဟာ ဆံရစ်ဝိုင်း ဂိုက်(ကိုက်)ထိုးလိုက်သလို ပြောင်သလင်းခါ သွားပါတော့တယ်။
ဉာဏ်ကြီးရှင်တွေက ကြက်ဆူပင်ပေါက်လေးတွေကိုတော့ လူမြင်တဲ့ ကားလမ်းဘေးဝဲယာမှာ ဟန်ပြစိုက်လိုက်ကြတယ်။ ကြက်ဆူအကျိုးကျေးဇူးကြောင့် သစ်တွေလည်း
တရားဝင်ခုတ်ခွင့်ရ၊ မြေဧကပေါင်းများစွာလည်း နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ရ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေသြဇာ ပိုးသတ်ဆေးစတာတွေ ထုတ်ဈေးနဲ့ ပိုပိုလျှံလျှံရကြ၊ ယန္တရားတွေ ဘာတွေလည်း ပြည်ပကသွင်းခွင့်ရကြ ဟန်ကိုကျလို့။ အခုတော့လည်း ကြက်ဆူစိုက်ပျိုးရေးအကြောင်း ဘယ်သူမှရေးကြီးခွင်ကျယ် လုပ်ပြီး မပြောကြတော့ပါဘူး။ အင်း လောင်စာဆီဈေးတွေကလည်း ကျနေတာကိုး။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်။)