ပြည်ပအကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်မှု ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးစစ်ဆေး ခံနေရသော အစ္စလမ် ဘာသာဝင် ၂၀ ဦးကို တောင်ကြီး ခရိုင်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၇ နှစ်မှ ထောင်ဒဏ် ၁၉ နှစ် အထိ အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
“အမှုတွဲ စစ်ဆေး ပေါ်ပေါက်ချက်အရ တရားခံတွေ ပြစ်မှု ကျူးလွန်တယ်ဆိုတာ တရားလိုဘက်က ထိထိမိမိ ခိုင်ခိုင်မာမာ မဖော်ထုတ်နိုင်ပါဘူး။ ဒီလို ပြစ်ဒဏ်ချလိုက်တဲ့ အပေါ်မှာ ကျနော်တို့လည်း တော်တော်လေး အံ့အားသင့်တာပေါ့။ ပြစ်ဒဏ်တွေက ပြင်းထန်လွန်းတယ်။ ဖြောင့်ချက်ပေးတဲ့ ပုဂ္ဂိုလ် ၃ ယောက်က လွဲရင် ကျန်တဲ့သူတွေက ညိစွန်းမှု မရှိဘူး” ဟု အဆိုပါ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေဦးသိန်းရွှေက ပြောသည်။
တရားခံ ၁၈ ဦးကို နိုင်ငံတော်အရေးပေါ် စီမံမှု အက်ဥပဒေ ၅ (ည) အရ ထောင်ဒဏ် ၇ နှစ်၊ ၅ (ဌ) အရ ထောင်ဒဏ် ၇ နှစ်တို့ကို သီးခြားစီ ကျခံစေသဖြင့်၊ စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်ခဲ့ပြီး အသက် ၁၆ နှစ် အရွယ် တရားခံ ကိုအောင်ဆန်းဝင်းကို ယင်းပုဒ်မ နှစ်ခု တပေါင်းတည်း ကျခံစေသဖြင့် ထောင်ဒဏ် ၇ နှစ်သာ ကျခံရမည်ကြောင်း ရှေ့နေ ဦးသိန်းရွှေက ဆက်ပြောသည်။
တရားခံ ၂၀ ဦး အနက် တရားခံ ဦးသိန်းဇော် (ခ) ကံဖကို ထောင်ဒဏ် ၁၄ နှစ်အပြင်၊ မတရားအသင်းနှင့် ဆက်သွယ် ဆောင်ရွက်မှု ပုဒ်မ ၁၇ (၂) အရ ထောင်ဒဏ် ၅ နှစ် အပါအဝင် စုစုပေါင်း ထောင်ဒဏ် ၁၉ နှစ် ကျခံစေရန် အမိန့်ချမှတ် ခဲ့သည် ၎င်းက ဆိုသည်။
တရားစွဲဆို ထားသည့် ပုဒ်မများအရ အမြင့်ဆုံး ချမှတ်နိုင်သည့် ထောင်ဒဏ်များကို တရားရုံးက ချမှတ်ခဲ့ခြင်း ဖြစ်သည့်အတွက် ရှမ်းပြည်နယ် တရားလွှတ်တော်သို့ ယခုလအတွင်း အယူခံ ဝင်သွားမည် ဖြစ်ကြာင်း တရားခံများ၏ မိသားစုဝင်များက ပြောဆိုသည်။
တောင်ကြီးခရိုင် တရားရုံး၌ ယနေ့တွင် တရားရုံး အမိန့်ချ စီရင်ခြင်းကို တရားခံ မိသားစုဝင်များ၊ သတင်းမီဒီယာများ အပါအဝင် မည်သူ တဦးတယောက်ကိုမျှ ဝင်ရောက် နားထောင်ခွင့် မပြုခဲ့ပေ။
တရားခံ တဦးနှင့် ဆွေမျိုးတော်စပ်သူ တဦးက “နိုင်ငံရေးလည်း မလုပ်ဘူး။ ဘာသာရေးလည်း မလုပ်ဘူး။ ဂျီဟတ် စစ်ပွဲလည်း မပါဝင်ဘူး။ ဒီစွပ်စွဲခံရတဲ့ သူတွေနဲ့လည်း တယောက်နဲ့မှ မသိဘူး။ ဒီမင်္ဂလာဆောင်ကိုလည်း လူမှုရေးအရ ဧည့်သည် အနေနဲ့ လိုက်သွားရင်း ဖြစ်ရတာ” ဟု ပြောသည်။
ဖမ်းဆီး ထောင်ချခံရသော အစ္စလမ် ဘာသာဝင် ၂၀ ဦးသည် မြန်မာနိုင်ငံသားများ ဖြစ်ကြပြီး တချို့မှာ လက်ရှိ အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပါတီဝင်များ ဖြစ်ကြကြောင်း ရှေ့နေ ဦးသိန်းရွှေက ပြောသည်။
ထိုအမှုကို တောင်ကြီးမြို့၊ မြို့မရဲစခန်းမှ (ပ) ၁၈၂ /၂၀၁၄ ၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခဲ့ သော်လည်း တောင်ကြီးခရိုင် တရားရုံးသို့ အမှုစွဲတင်ရာတွင် နိုင်ငံတော် အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည)၊ ပုဒ်မ ၅ (ဌ) တို့ဖြင့် တရားစွဲဆိုခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လ ၄ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့တွင် ကျင်းပမည့် အစ္စလမ် ဘာသာဝင် ဗလီဆရာ တဦး၏ မင်္ဂလာပွဲကို လိုက်ပါလာသည့် တောင်ကြီးမြို့နှင့် ကျောက်ဆည်မြို့မှ အစ္စလမ် ဘာသာဝင် ၁၄ ဦးကို ကွန်ဟိန်းမြို့ ခြေလျင်တပ်ရင်း (ခလရ) ၂၄၆ တပ်ရင်းရှေ့ ပြည်ထောင်စု လမ်းမကြီးပေါ်၌ စစ်ဘက်ရေးရာ လုြံခုံရေး တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက်၊ တောင်ကြီးမြို့မှ လူ ၄ ဦးနှင့် ကွန်ဟိန်းမြို့မှ မင်္ဂလာစုံတွဲကိုပါ ထပ်မံ ဖမ်းဆီးခဲ့သည့် အတွက် စုစုပေါင်း လူ ၂၀ ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။
အဆိုပါ အမှုကို စစ်ဆေးကြားနာတိုင်း ၉၆၉ အဖွဲ့မှ ဘုန်းတော်ကြီးများ လာရောက် နားထောင်ကြကြောင်း၊ အဆိုပါ အမှုကို လိုက်ပါဆောင်ရွက်ပေးသည့် အတွက် လူမှုကွန်ရက် facebook မှ တဆင့် ၉၆၉ အဖွဲ့ဝင် တဦး၏ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရကြောင်း တောင်ကြီးမြို့ခံ ရှေ့နေ ဒေါ်ခင်မိုးမိုးက ဧရာဝတီကို ပြောသည်။
တောင်ကြီးခရိုင် တရားရုံးတွင် ထိုအမှုကို စစ်ဆေးနေစဉ် ကာလအတွင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ရဲမှူးချုပ် ဝင်းခေါင်က ယင်းတရားခံများသည် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု ရှိကြောင်းနှင့် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ခဲ့သည်ကို ဝန်ခံထားကြောင်း RFA သတင်းဌာနကို ပြောဆိုထားသည်။