ပြင်သစ်နိုင်ငံ ပါရီမြို့မှာရှိတဲ့ Charlie Hebdo (ချာလီဟဘ်ဒို) ကာတွန်းမဂ္ဂဇင်းတိုက်ကို သေနတ်သမား ၂ ဦး က ဝင်ရောက် ပစ်ခတ်လို့ လူ ၁၂ ဦး သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုကို ပြင်သစ်အစိုးရက ၃ ရက်အတွင်း နှိမ်နင်း ဖြေရှင်းခဲ့တယ်။ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ကို ကာကွယ်ဖို့နဲ့ အစွန်းရောက်အကြမ်းဖက်ဝါဒကို လက်မခံကြောင်း သွေးစည်းညီညွတ်မှုကို ပြသတဲ့အနေနဲ့ ပါရီနဲ့ ကမ္ဘာ့မြို့ကြီးတွေမှာ အစိုးရခေါင်းဆောင်တွေ အပါအဝင် လူသန်းချီ လမ်းပေါ်ထွက် ဆန္ဒပြကြတယ်။ ဒါပေမယ့် ဆွေးနွေးငြင်းခုံစရာတွေက ကျန်ရစ်ဆဲပါ။ အဓိကမေးခွန်းက အကြမ်းဖက်သမားတွေ တိုက်ခိုက်ခံရအောင် ချာလီဟဘ်ဒို ကာတွန်းတွေက ဘာသာရေး အရ စော်ကားမှုတွေဖြစ်ခဲ့သလား။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ တဖက်သားအပေါ် ရိုင်းပျစော်ကား ခွင့်လား။ ဘာသာရေးဟာ တို့ထိဝေဖန်လို့မရတဲ့ အရာလား။
ချာလီဟဘ်ဒို မဂ္ဂဇင်းဟာ ၁၉၇၀ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေးသာမက ဘာသာရေးကို လည်း သရော်ဝေဖန်ပါတယ်။ ဒါပေမယ့် မဂ္ဂဇင်းဟာ အဲဒီနှစ်များအတွင်းက ပြင်သစ်တွေရဲ့ “စစ်သွေးကြွပြီး ရိုင်းပြကြမ်းတမ်းတဲ့ ဘာသာ စွဲမထားခြင်း”ရဲ့ ထုတ်ကုန်ပဲလို့ ပါရီက University of London’s Institute ရဲ့ ယဉ်ကျေးမှုသမိုင်း ပါမောက္ခ အင်ဒရူးဟပ်ဆေးက နယူးယောက်တိုင်းမ် သတင်းစာမှာ ရေးပါတယ်။ သူက ကမ္ဘာမှာ ဒီမိုကရေစီ တော်လှန်ရေးကို စတင်ခဲ့တဲ့ ပြင်သစ်တွေဟာ လက်ဝဲအတွေးအခေါ်နဲ့ လွတ်လပ်တဲ့ စိတ်ဓာတ်အတွက် မည်သူ့ကိုမဆို ထီမထင် ပုန်ကန်တတ်ကြတယ်လို့ပြောပြီး မဂ္ဂဇင်းအယ်ဒီတာ Stephane Caharbonnier အပါအဝင် နာမည်ကျော်ကာတွန်း ဆရာတွေကို သတ်ဖြတ်တာဟာ “ပါရီမြို့သားတွေရဲ့ စိတ်ဓာတ်ကို အကြင်နာမဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု”လို့ ဆိုလိုက်ပါတယ်။
ဒါပေမယ့် ဒီမိုကရေစီနိုင်ငံတွေမှာ တော်တော် များများကသဘောတူကြတဲ့ “လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်”ဘက်က ရပ်တည်ရတာ အင်မတန် လွယ်ကူပါတယ်။ ဉာဏ်ပညာဆိုင်ရာ အားစိုက်ဖို့နဲ့ သတ္တိမွေးဖို့ သိပ်မလိုပါဘူး။ အများနဲ့ အုတ်ရောရော ကျောက်ရောရောမလုပ်ဘဲ ကိုယ်ပိုင်အတွေးအမြင် ခံယူချက်ကို အချက်အလက် ပိုင်ပိုင်နဲ့ မှန်တယ်ထင်ရာ ပြောဆိုရဲခြင်းကသာ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်နဲ့ ထိုက်တန်မှာပါ။ ဥရောပတခွင်မှာ “ငါ ချာလီဟဘ်ဒို”ဆိုတဲ့ ထောက်ခံချက်တွေ ပလူပျံနေချိန်မှာ နယူးယောက် တိုင်းမ်သတင်းစာရဲ့ ပင်တိုင် ဆောင်းပါးရှင် ဒေးဗစ်ဘရွတ်က “ငါ ချာလီဟဘ်ဒို မဟုတ်” ဆိုတဲ့ အတွေးအမြင် ဆောင်းပါးကို ရေးလိုက်ပါတယ်။
သူက ချာလီဟဘ်ဒိုရဲ့ ဂျာနယ်လစ်တွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် သူရဲကောင်းတွေ အဖြစ် ချီးမြှောက်ခံနေရပေမယ့် သူတို့ ရဲ့ ကာတွန်းတွေကို ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း အမေရိကန် တက္ကသိုလ်တွေမှာ လာဖြန့်ရင် ကျောင်းသားတွေနဲ့ ဌာနတွေက စက္ကန့် ၃၀ အတွင်း ဒါဟာ “hatespeech” အမုန်းတရားပွားစေရာအဖြစ် ဝိုင်းကန့်ကွက်ခံရမှာဖြစ်သလို ကျောင်းအုပ်ချုပ်ရေးကလည်း ငွေကြေးထောက်ပံ့ ရေးကို ဖြတ်တောက်မယ်၊ စာစောင်လည်း အပိတ်ခံရမယ်လို့ ဆိုလိုက်တယ်။
အမှန်တကယ်လည်း ချာလီဟဘ်ဒိုရဲ့ ကာတွန်းကြောင့် ၂၀၁၁ ခုနှစ်တုန်းက တကြိမ် အစ္စလာမ်မစ် အစွန်း ရောက်တွေ မဂ္ဂဇင်းရုံးခန်းထဲ မီးလောင်ဗုံး ပစ်သွင်းတာလည်း ခံခဲ့ရဖူးပါတယ်။ ဒါ့ကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို သဘောတူထောက်ခံပြီး အကြမ်းဖက်မှုကို လက်မခံပေမယ့် တိုက်ခိုက်မှုကို ဖြစ်လာအောင် ဆွပေးတဲ့ ကာတွန်းတွေကို နယူးယောက်တိုင်းမ် အပါအဝင် ကမ္ဘာတလွှားက သိက္ခာရှိပြီး ဩဇာကြီးတဲ့ သတင်းစာတွေက ပြန်လည်ပုံနှိပ်ဖော်ပြခြင်း မလုပ်ကြပါဘူး။
ဒေးဗစ်ဘရွတ်က “သရော်သူတွေဟာ သူတို့ ကိုယ်သူတို့ ရယ်မောခြင်းမှာ မတတ်နိုင်စွမ်းသူတွေကို ဖော်ထုတ်ကြတယ်။ ကျနော်တို့ကိုလည်း ဒီလို လုပ်သင့်ကြောင်း သင်ကြားပါတယ်” လို့ ရေးသားပြီး အချုပ်အားဖြင့် “ဆွသူတွေ (provocateurs) နဲ့ စော်ကားသူတွေ (Insulters) တွေ အကြောင်း စဉ်းစားရင် ကျနော်တို့ဟာ ကောင်းတဲ့ စိတ်ထားနဲ့ အရသာအားဖြင့် တဖက်သားကို မနစ်နာစေဘဲ ဖန်တီးတီထွင်တတ်ပြီး စိန်ခေါ်တတ်သူတွေအတွက် နေရာပေးရမှာနဲ့ တပြိုင်နက်တည်း ယဉ်ကျေးသိမ်မွေ့မှုနဲ့ လေးစားမှုရဲ့ အဆင့်အတန်းကို ကျနော်တို့ ထိန်းသိမ်းရမယ်” လို့ ကောက်ချက်ချထားပါတယ်။
ပါရီအကြမ်းဖက်မှုရဲ့ နောက်ဆက်တွဲ ငြင်းခုံဆွေးနွေးမှုဟာ ဘာသာရေးနဲ့ လူမျိုးရေး တိုက်ခိုက်မှုတွေ မကြာခင်နှစ်များက ဖြစ်ပွားခဲ့ပြီး ဘာသာရေးအခြေခံ အမျိုးသားရေးဝါဒ ခေါင်းပြန်ထောင်လာနေတဲ့ မြန်မာနိုင်ငံဆီလည်း ရောက်ရှိလာပါတယ်။
အများက လေးစားတဲ့ မြန်မာကာတွန်းဆရာတွေထဲက ဆရာအော်ပီကျယ်က ပါရီမြို့မှာဖြစ်ခဲ့တဲ့ အကြမ်းဖက် မှုကြီးအပေါ် နိုင်ငံတကာက ကာတွန်း ရေးဖော်ရေးဖက်တွေလို မြန်မာနိုင်ငံက ကာတွန်း ဆရာတွေကလည်း ရှုတ်ချပြီး သေဆုံးသွားသူတွေ အတွက်လည်း ကာတွန်းတွေ ရေးဆွဲဂုဏ်ပြုကြတယ်လို့ ပြောပါတယ်။ “သူတို့တွေက သူတို့ သဘောမတူတာကို လုပ်ရင် လူလူချင်း သတ်ပစ်တဲ့နည်း သုံးနေတာပေါ့။ လုံးဝမဖြစ်သင့် တဲ့ အလေ့အထပဲ။ တကယ်လို့ မကြိုက်ဘူးဆိုရင် တရားစွဲချင်စွဲပေါ့။ ကျနော်တို့ နိုင်ငံမှာတော့ တခြားဘာသာ ကိုလည်း ထိခိုက်တာ လုပ်တာသိပ်မရှိဘူး။ ကာတွန်းရေးရင်လည်း ဘာသာရေးနဲ့ပတ်သက်ပြီး ရှောင်တယ်” လို့ ဆိုပါတယ်။
ရန်ကုန်မြို့မှာ နေထိုင်တဲ့ ကာတွန်းဆရာ ဦးဝင်းအောင်ကလည်း “ဘာသာရေးကို ဝေဖန်တာ မဟုတ်ဘဲ အစွန်း ရောက်နေတာတွေနဲ့ လွဲမှားနေတာတွေကိုတော့ ဝေဖန်လို့ရတယ်။ ဘာသာရေး ဆိုတာတော့ ဝေဖန်စရာမလို ဘူးလေ။ ဘာသာရေး အစွန်းရောက်မှု၊ လွဲမှားတဲ့ယုံကြည်မှုတွေကို ဝေဖန်တာတွေတော့ ရှိတာပေါ့။ မြန်မာပြည်မှာတော့ ဘာ သာရေးက တအား အကဲဆတ်လွန်းတော့ တော်တန်ရုံကိစ္စတွေမှာ မှားမှန်းသိနေ သည့် တိုင်အောင် ဝေဖန်သူရှားပါတယ်” လို့ ဆိုပါတယ်။
ဘာသာရေး၊ ကိုးကွယ်ယုံကြည်မှု နဲ့ပတ်သက်ပြီး ထိလွယ်ရှလွယ်အနေအထား ဖြစ်နေတာကြောင့် သတင်းရေး သားခြင်းနဲ့ ထောက်ပြပြောဆိုခြင်း မလုပ်ရတော့ဘူးလားလို့ မေးခွန်းထုတ်တော့ ရွှေညဝါဆရာတော် အရှင်ပညာသီဟက ပြည်သူတွေအနေနဲ့ ဘာသာတရားအပေါ်မှာ လွတ်လပ်စွာ ထောက်ပြ ဝေဖန်ခွင့်ရှိတယ်လို့ မိန့်ပါတယ်။ “ဘုရားက ဒီမို ကရေစီဆန်တဲ့ တရားတွေ အများကြီးဟောခဲ့တာပဲ။ မီဒီယာတွေက ထောက်ပြမယ်၊ ဝေဖန်မယ်၊ ရေးမယ်ဆိုရင် ရေးခွင့်ရှိတယ်။ ငါတို့ဘာသာက တခြား ဘာသာထက် ပိုပွင့်လင်းတယ်။ ဝေဖန်တာ ကို ခံနိုင်ဖို့ဆိုပြီး သာသနာကို ထူထောင်ခဲ့တာလေ”လို့ ဧရာဝတီကို မိန့်ပါတယ်။
မန္တလေးမြို့ အခြေစိုက် ခရစ်ယာန်ဘုန်းတော်ကြီး သိက္ခာတော်ရ ဆရာတော် ဦးဇော်ဝင်းအောင်က “ဘာသာ ရေးနဲ့ပတ်သက်ပြီး သတင်းရေးသားမှုကို ပိတ်ပင်စရာ မလိုပေမယ့် လေးစားမှုနဲ့ ရေးသားဖော်ပြသင့်ကြောင်း၊ ထောက်ပြပြောဆို ရေးသားခွင့်ရှိပေမယ့် ယုံကြည်ကိုးကွယ်ရာအပေါ်မှာ မဝေဖန်သင့်ကြောင်း၊ ကိုးကွယ်မှုကို နှိမ့်ချပြီး ရေးလိုက်ရင် လက်ခံနိုင်စရာအကြောင်းမျိုး မရှိတာကြောင့် မရေးသင့်ဘူး”လို့ ဆိုပါတယ်။
အစ္စလာမ် မြန်မာနိုင်ငံဆိုင်ရာ မော်လဝီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်စိုးက “ကျနော်တို့ အနေနဲ့ ပြင်သစ်မှာ ဖြစ်ခဲ့တဲ့ကိစ္စကို လုံးဝ ရှုံှု့ချတယ်။ အကြမ်းဖက်တဲ့ အုပ်စုတွေကို လက်ခံမှာမဟုတ်ဘူး။ ပြည်တွင်းမှာလည်း ကျင့်ဝတ်နဲ့အညီ ဘာသာရေးဆိုင်ရာ ထောက်ပြရေးသားတာတွေရှိသလို စည်းလွတ်ဝါးလွတ် ရေးနေတဲ့သူတွေ ရှိနေတာပဲ။ အစိုးရက ဒီလူတွေကို သိသိလျက်နဲ့ လွှတ်ထားရင် တာဝန်ရှိတယ်”လို့ ပြောပါတယ်။
မီဒီယာဖွံ့ဖြိုးရေး သင်တန်းတွေနဲ့ အပြင်ကမ္ဘာ ကို ထွက်ကြည့်နိုင်နေပြီဖြစ်တာမို့ မြန်မာသတင်းစာနယ်ဇင်း သမားတွေကြားမှာ ဘာသာရေး လူမျိုးရေး ခွဲခြားမှုတွေ ပါဝင်တဲ့ အရေးအသားတွေ တဖြည်းဖြည်း နည်းပါး လာပေမယ့် လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့်နဲ့ ပတ်သက်ပြီး စတင်ကျင့်သုံးတာ သိပ်မကြာသေးတဲ့ မြန်မာနိုင်ငံမှာ အလွဲသုံးစားမှုတွေက ပျံ့နှံ့နေဆဲပါ။ အထူးသဖြင့် အမုန်းမီးပွားအောင် ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ အသိတရား မရှိ၍ဖြစ်စေ ပြောဆိုဖြန့်ဝေနေကြတာဟာ သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးလာတာနဲ့အညီ အင်တာနက်ပေါ်က လူမှုကွန်ရက် ဖေ့စ်ဘွတ်ပေါ်မှာ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ် နေဆဲပါ။
ဒါ့အပြင် လတ်တလော မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ဘာသာရေးဆိုင်ရာ ဝေဖန်မှုတွေကို ဟောပြောပွဲမှာ ပြောဆိုမိလို့ စာရေးဆရာ ဦးထင်လင်းဦးကို တရားစွဲဆိုတဲ့ဖြစ်စဉ်၊ ဗုဒ္ဓပုံတော်ကို နားကြပ်တပ် ထားတဲ့သဏ္ဌာန်နဲ့ ကြော်ငြာခဲ့လို့ သာသနာတော် ညိုးနွမ်းစေမှုနဲ့ V-Gastro Bar ပိုင်ရှင် ဦးထွန်းသူရိန်၊ မန်နေဂျာ ဦးထွဋ်ကိုကိုလွင်နဲ့ ဆိုင်အထွေထွေ မန်နေဂျာ နယူးဇီလန်နိုင်ငံသား Mr.Phillip တို့လည်း တရား ရင်ဆိုင်နေကြရတဲ့ ဖြစ်ရပ်မျိုးတွေ ရှိပါတယ်။
ဦးထင်လင်းဦးကိစ္စမှာ အကျယ်ချဲ့ လုပ်ဆောင်နေကြောင်း၊ အဖွဲ့အစည်းတခုက ခိုင်းစေလို့လုပ်တာဆိုတာ သိသာလွန်းနေကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဗုဒ္ဓဘာသာ သိက္ခာကျကြောင်း မန္တလေးက ဂဠုန်နီ ဆရာတော် ဦးကာဝိယက မိန့်ပါတယ်။ “ထောက်ပြပြောဆိုပါ။ အဲဒီအပေါ်မှာတော့ ပြောသူက တာဝန်ခံနိုင်ရ မယ်။ တာဝန်ယူမှုရှိရမယ်။ လူတိုင်းမှာတော့ လွတ်လပ်စွာပြောဆိုခွင့်၊ ဝေဖန်ပိုင်ခွင့် ရှိတာပဲဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူး။ မှားတာ မှန်တာကို ထောက်ပြပြောဆိုခွင့် ရှိတယ်။ ကိုယ့်ဘာသာရေးမှာ ဘာတာဝန်ရှိလဲ ဆိုတာကို ကန့်ကွက်ခွင့်၊ ထောက်ပြပြောဆိုခွင့်ရှိတယ်။ ပျက်စီးရာ ပျက်စီးကြောင်း ပြောတာ မဟုတ်ရင်ပေါ့။ ဘာသာဝင်တွေ အပါအဝင် ဘာသာရေးကို ထောက်ပြခွင့်တော့ ရှိရမယ်” လို့ ဆက်ပြီး မိန့်ပါတယ်။
ဧရာဝတီက ဆက်သွယ်မေးမြန်းသူ ဘာသာရေး ခေါင်းဆောင်တွေနဲ့ မီဒီယာသမားတွေက ဘာသာရေး၊ ယုံကြည်ကိုးကွယ်ခွင့် စတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ရေးသားဖော်ပြရာမှာ အကဲဆတ်လွန်းတဲ့ အခြေအနေမှာ ရှိနေကြောင်း၊ လူများစု ကိုးကွယ်ရာကိုပဲ အားပေးရေးသားဖော်ပြတဲ့ မီဒီယာတွေသာများနေပြီး လူနည်းစုရဲ့ အခွင့်အရေးကို ဂျာနယ်၊ သတင်းစာရောင်းအားကျသွားမှာ စိုးရိမ်တာကြောင့် ဖော်ပြတဲ့ မီဒီယာက နည်းနေသေး ကြောင်း၊ ဘာသာတရားကို ထောက်ပြဝေဖန်တော့ မယ်ဆိုရင် တဘက်မှာ ထိခိုက်မှုမရှိအောင် ပုတ်ခတ် စွပ်စွဲမှုမျိုးမဖြစ်ဖို့ မီဒီယာတွေက သတိထားသင့်ကြောင်း အကြံပြုပြောကြပါတယ်။
“နှစ်ဖက်စလုံးက အင်မတန် ကျဉ်းမြောင်းပါးလွှာတဲ့ လိုင်းတခုကို မဖြတ်မိဖို့ဘဲ လိုတယ်။ ကိုးကွယ်ယုံကြည်မှု ဘက်ကလည်း အစွန်းမရောက်ဖို့ လိုအပ်သလို ထုတ်ဖော်ပြောဆိုခွင့်ရတဲ့ မီဒီယာတွေ ဘက်ကလည်း တဖက် ကို သွားပြီး ထိခိုက် ပုတ်ခတ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မဖြစ်ဖို့တော့ သတိထားရမယ်”လို့ သတင်းစာဆရာမလည်းဖြစ် ရုပ်သံမှတ်တမ်းဇာတ်လမ်းတွေ ရိုက်ကူးသူလည်း ဖြစ်သူ ဒေါ်မွန်မွန်မြတ်က ထောက်ပြပြောဆိုပါတယ်။