ဤထူးခြားချက်ကို စိတ်တွင်မှတ်သားထားပြီး ဟန်တင်တန်၏ ဒီမိုကရက်တိုက်ဇေးရှင်းဆိုင်ရာ လှိုင်း ၃ လှိုင်းကို ကျနော်တို့ ပြန်ပြီးလေ့လာကြည့်ကြပါစို့။ ပထမလှိုင်းမှာ ရှည်လျားသောလှိုင်းတခုဟု သူကခေါ်ဆိုခဲ့ပြီး ၎င်းမှာ ၁၈၂၈ မှ ၁၉၂၆ အထိ ရှည်ကြာခဲ့သည်။ စမှတ်ဖြစ်သော ၁၈၂၈ ခုနှစ်မှာ အမေရိကန်ပြည် ထောင်စုတွင် ၅၀ ရာခိုင်နှုန်းသော အရွယ်ရောက်ပြီး အမျိုးသမီးများ မဲပေးခွင့်ရရှိလာသောနှစ်ကို သတ်မှတ်ထားခြင်း ဖြစ်သည်။ (ယနေ့ကာလ စံချိန်များနှင့် ကြည့်မည်ဆိုလျှင် မည်သည့်နိုင်ငံတွင်မျှ အမျိုးသမီးများ မဲပေးခွင့် ဆုံးရှုံးနေခြင်း မရှိပေ။ ကျေးကျွန်စနစ်ဆန်သော ပုံစံမျိုးကို လက်ခံထားသည့် နိုင်ငံများအား ဖယ်ထားလိုက်ပါက အားလုံးမှာ ဒီမိုကရေစီပုံစံဒီဇိုင်း ရှိနေသည်ဟု ဆိုနိုင်ပါသည်။) သို့သော် ဤရှည်လျားလှသော လှိုင်းကာလအတွင်း အုပ်စု နှစ်စုဖွဲ့တည်လျှက်ရှိသည်။ ပထမအုပ်စုမှာ ဥရောပနှင့် ဥရောပသားများ အခြေချသည့် နိုင်ငံများဖြစ်ပြီး ၎င်းနိုင်ငံများတွင် သင့်တင့်သော လွတ်လပ်ခွင့်နှင့် တရားဥပဒေ စိုးမိုးမှုရှိနေသည်။ ထို့အပြင် မဲပေးပိုင်ခွင့်ကို မှန်မှန် တိုးချဲ့လာခြင်းအားဖြင့် ဒီမိုကရေစီလမ်းကြောင်းသို့ ရွေ့လျား ဝင်ရောက်နေသည်ဟု ဆိုနိုင်သည်။ ဒုတိယအုပ်စုမှာ ပထမကမ္ဘာစစ်အပြီး ဒီမိုကရေစီပုံစံ ဝင်လာသော နိုင်ငံများ ဖြစ်သည်။ ထိုနိုင်ငံ အများအပြားမှာ စစ်ကြောင့် ဥရောပ အင်ပါယာများ ရှုံးနိမ့်သွားခြင်းနှင့် ဖျက်ဆီးခံရခြင်းများအပြီး အသစ်မွေးဖွားလာသော နိုင်ငံများဖြစ်သည်။
ပထမကမ္ဘာစစ်အပြီး တည်ထောင်လာကြသော ဒီမိုကရေစီနိုင်ငံ အများစုကို ‘နောက်ပြန်လှိုင်း’ ရိုက်ခတ်မှု ခံရပြီးနောက် တိုတောင်းသော ဒုတိယလှိုင်း စတင်လာခဲ့သည်။ ၎င်းမှာ ဒုတိယကမ္ဘာစစ်ကို မဟာမိတ်နိုင်ငံများ၏ အောင်မြင်မှုနှင့်အတူ စတင် မွေးဖွားလာကြခြင်း ဖြစ်သည်။ တချို့သော လက်တင်အမေရိက နိုင်ငံများမှအပ ဒုတိယလှိုင်း ဒီမိုကရေစီနိုင်ငံများမှာ ဒုတိယ ကမ္ဘာစစ်တွင် စစ်ရှုံးခဲ့သော ဂျာမနီ၊ ဂျပန်နှင့် အီတလီတို့ အပါအဝင် ကိုလိုနီဘဝမှ လွတ်မြောက်လာကြသော နိုင်ငံသစ်များဖြစ်သည့် အိန္ဒိယ၊ ဂျမေကာ၊ အစ္စရေးလ် စသည့် နိုင်ငံများ ပါဝင်သည်။ ထိုနောက်တွင်တော့ ဟန်တင်တန်၏ တွေ့ရှိချက်အရ လက်တင်အမေရိက နိုင်ငံအတော်များများနှင့် အသစ်ပေါ်ထွက်လာသော ကိုလိုနီဘဝမှ လွတ်မြောက်လာသည့် နိုင်ငံများတွင် ၎င်းတို့၏ ဒီမိုကရေစီကို ကျိုးပျက်၊ ရပ်ဆိုင်းသွားစေသည့် ဒုတိယ နောက်ပြန်လှိုင်းနှင့် ကြုံတွေ့ကြရသည်။ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်သို့ ရောက်သောအခါ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဒီမိုကရေစီ အနိမ့်ဆုံးမှတ်သို့ ရောက်နေသော အချိန်ဖြစ်၏။ လက်တင် အမေရိကမှ အလွန်အောင်မြင်နေသော ဒီမိုကရေစီ နိုင်ငံနှစ်နိုင်ငံဖြစ်သည့် ဥရုဂွေးနှင့် ချီလီနိုင်ငံတို့သည် ၁၉၇၃ ခုနှစ်တွင် စစ်တပ် အာဏာသိမ်းမှုအောက် ကျရောက်သွားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် အင်ဒီရာဂန္ဓီက အိန္ဒိယတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး၊ ရွေးကောက်ပွဲနှင့် နိုင်ငံသား လွတ်လပ်ခွင့်များကို ရွှေ့ဆိုင်းခဲ့ရသည်။
၁၉၇၄ ခုနှစ်တွင် ပေါ်တူဂီ၌ တော်လှန်ရေး ဖြစ်ပွားသောအခါ ၎င်းကို ဒီမိုကရေစီစနစ် ထူထောင်မည့် တော်လှန်ရေးတရပ် ဖြစ်နိုင်မည်ဟု ယူဆရန် အလွန်မသေမချာ ဖြစ်ခဲ့ကြသည်။ မည်သူကမျှ ၎င်းကို ကမ္ဘာလုံး ဆိုင်ရာ ဒီမိုကရက်တိုက်ဇေးရှင်း လှိုင်းသစ်ကြီးအဖြစ် စတင်လာမည်ဟု အိပ်မက်ပင် မမက်ခဲ့ကြပေ။ အမှန်မှာ ၁၉၇၀ ခုနှစ်လောက်ကစ၍ နိုင်ငံရေး သိပ္ပံပညာရှင်များအကြား ဒီမိုကရေစီကျဆုံးခြင်းကို ဖြစ်စေသော ဖြစ်စဉ်များအပေါ် အလေးထား လေ့လာမှုများ ရှိခဲ့သည်။ ၁၉၇၀ လောက်ကစ၍ နိုင်ငံရေးလေ့လာသူ အများအပြား ပါဝင်သည့် ရှည်လျား၍ ရှုပ်ထွေးသော လေ့လာမှု စီမံကိန်းတခုကို စတင်ခဲ့သည်။ ၎င်းစီမံကိန်းမှာ နောက်ဆုံး ၁၉၇၈ ခုနှစ်တွင် ‘ဒီမိုကရေစီအစိုးရများ ကျဆုံးပြိုကွဲခြင်း’ ဆိုသည့် စာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။ ဂျွန် လင့်ဇ် (Juan Linz) နှင့် အဲဖရက် စတီဖင် (Alfred Stepan) တို့ တည်းဖြတ်သည့် အတွဲ ၄ တွဲရှိသည့် ထိုစာအုပ်သည် ဥရောပရှိ စစ်အတွင်းဖြစ်ရပ်များနှင့် အနီးကပ်ဖြစ်စဉ်များအဖြစ် လက်တင်အမေရိက အဖြစ်အပျက်များကို ဦးတည်ဖော်ပြခဲ့ကြသည်။ ဤလေ့လာမှု၏ ရည်မှန်းချက်မှာ ပညာရပ်ဆိုင်ရာ နားလည်မှုကို မြှင့်တင်ရန်သာမက ဒီမိုကရေစီကို ပိုမိုထိရောက်စွာ ထိန်းသိမ်းနိုင်ရန်အတွက် ဒီမိုကရေစီ လိုလားသော အင်အားစုများအတွက် တခြားသော ရွေးချယ်ရန် နည်းလမ်းများ ရှာဖွေတွေ့ရှိနိုင်ရန် ဖြစ်ပေသည်။ ထိုစာအုပ်၏ နိဒါန်းတွင် အာဏာပိုင်စနစ်မှသည် ဒီမိုကရေစီအစိုးရများသို့ အကူးအပြောင်းဆိုင်ရာ လုပ်ငန်းစဉ်များအပါအဝင် အနီးစပ်ဆုံး ဆက်နွှယ်နေသည့် ကိစ္စများကိုပါ အနာဂတ်ကာလ သုတေသနများတွင် ထည့်သွင်းသွားမည်ဟု အယ်ဒီတာများက ဖော်ပြခဲ့ကြသည်။
ဤသည်မှာ ယခုအခါ နိုင်ငံရေး သိပ္ပံပညာရှင်များနှင့် ပြည်သူ့ဝန်ထမ်း အရာရှိများအထိ အပျံ့အနှံ့ သုံးနှုန်းလျက်ရှိသော “အကူအပြောင်း” (Transition) ဆိုသော စကားလုံး၏ သမိုင်းကြောင်းကို စတင်လေ့လာရန် စဉ်းစားခဲ့ကြသည့် စမှတ်တခုဟု ဆိုနိုင်ပေမည်။ ဤ “အကူအပြောင်း” ဆိုသောစကားလုံးကို မတူညီသော အကြောင်းအရာ အဆက်အစပ် အမျိုးမျိုး၏ အပြောင်းအလဲများအတွက် အသုံးပြုခဲ့ကြသော်လည်း၊ နိုင်ငံရေး အစိုးရတခု အပြောင်းအလဲအတွက် အသုံးပြုလာခြင်းမှာမူ နှိုင်းယှဉ်ချက်အရ အသစ်အဆန်းကိစ္စ ဖြစ်နေသည်။ အကယ်စင်စစ် ဤစကားလုံး၏ အဓိပ္ပါယ်ကို ‘အောက်စ်ဖို့ဒ် အင်္ဂလိပ်အဘိဓာန်’ ၏ စကားလုံးစာရင်းတွင် ဖော်ပြထားခြင်း မရှိသေးပေ။
ဤအသုံးအနှုန်းကို နိုင်ငံရေးအုပ်စု အပြောင်းအလဲဟူသော အဓိပ္ပါယ်ဖြင့် အဓိက မိတ်ဆက်ခဲ့သူမှာ နိုင်ငံရေးသိပ္ပံပညာရှင် ဒင့်ဝါ့ရပ်စ်တိုး ဆိုသူဖြစ်ပြီး သူ၏ ၁၉၇၀ ခုနှစ်တွင် ထုတ်ဝေခဲ့ကာ ပညာရှင်အများအပြား ကိုးကားဖော်ပြခဲ့ကြရသော “ဒီမိုကရေစီသို့ အကူးအပြောင်း၊ သွက်လက်ထက်မြက်သော ပုံစံဆီသို့” ဟူသော စာအုပ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ရပ်စ်တိုးက တင်ပြခဲ့သည်မှာ အများစုနိုင်ငံရေး သိပ္ပံပညာရှင်များသည် မူလကတည်းက ဒီမိုကရေစီ တည်ရှိနေပြီးသော နိုင်ငံများရှိ ဒီမိုကရေစီကို မည်သို့ထိန်းသိမ်းမည်၊ မည်သို့ ကြံ့ခိုင်အောင် လုပ်မည်ဆိုသော အချက်အပေါ်တွင်သာ အလေးထား ပြောဆိုနေကြသည်။ သို့သော် ဤလေ့လာချက်များမှာ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ပညာရှင်များအတွက် အထောက်အကူ အနည်းငယ်သာ ရနိုင်သည်ဟု သူက ဖြည့်စွက် ပြောဆိုခဲ့သည်။ ထိုဖွံ့ဖြိုးဆဲနိုင်ငံများရှိ ပညာရှင်များက ပို၍စိတ်ဝင်စားသည်မှာ ဒီမိုကရေစီတရပ် မည်သို့မည်ပုံ ၎င်းတို့နိုင်ငံများသို့ ပထမနေရာမှ ရောက်ရှိ လာနိုင်မည်နည်း ဆိုသော မျိုးရိုးဗီဇဆိုင်ရာ မေးခွန်းပုစ္ဆာမျိုးပင် ဖြစ်သည်။
တတိယလှိုင်း မတိုင်မီကတည်းက ဤအကြောင်းအရာများကို ရေးသားခဲ့သော ရပ်စ်တိုးက အကူးအပြောင်းဆိုသည်ကို ဒီမိုကရေစီ ပေါ်ထွန်းလာခြင်း (သို့) ဒီမိုကရေစီတည်ရှိလာခြင်း စသော ယေဘုယျ အဓိပ္ပါယ်များဖြင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။ သူ၏ အက်ဆေးများတွင် ပထမဆုံး ဥပမာအနေနှင့် ၁၉၀၇ ခုနှစ်တွင် ပေါ်ထွက်လာသော ဆွီဒင် ဒီမိုကရေစီအကြောင်း ခွဲခြမ်းစိတ်ဖြာပြထားသည်။ ဆွီဒင်မှာ ထိုအချိန်က မဲပေးခွင့် အကန့်အသတ်နှင့်သာရှိသော စည်းမျဉ်းခံ ဘုရင်စနစ်မှသည် နိုင်ငံရေး သဘောတူညီချက်တခုကို ဖြတ်သန်းပြီး အားလုံးမဲပေးခွင့်ရှိသော အချိုးကျ ကိုယ်စားပြုစနစ်ကို ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ရပ်စ်တိုးက တင်ပြခဲ့သည်မှာ ဒီမိုကရေစီ ရရှိလာရေးတိုက်ပွဲတွင် ပထမ ဦးစီးဦးဆောင် ပြုသူများမှာ လူမှုအတန်းအလွှာများ (Social Classes) များဖြစ်သည်။ အကူးအပြောင်း တခုအတွက် လိုအပ်သော အတိုတောင်းဆုံးကာလမှာ မျိုးဆက်တစ်ဆက်စာ ရှိနိုင်ကြောင်း ၎င်းကဆိုခဲ့သည်။ အချုပ်ဆိုရလျှင် ဒီမိုကရေစီစနစ်သို့ အကူးအပြောင်းဆိုသည်ကို လူနည်းစု စိုးမိုးအုပ်ချုပ်မှု (Oligarchy) မှ အကူးအပြောင်းဟု ယူဆပြီး အာဏာပိုင်ဝါဒ (Authoritarianism) မှ အကူးအပြောင်းဟု ယူဆခဲ့ခြင်း မဟုတ်ပေ။ ထိုအကူးအပြောင်းသည် ပထမကမ္ဘာ စစ်ကြိုကာလက အကူးအပြောင်းများ ဖြစ်သော ပထမလှိုင်း ကာလကဲ့သို့ ဖြည်းဖြည်းနှင့် မှန်မှန် ကူးပြောင်းခြင်းပင် ဖြစ်သည်။
အကူးအပြောင်းများ၏ သဘောသဘာဝနှင့် ပတ်သက်၍ လေ့လာချက်များတွင် သြဇာအရှိဆုံး လေ့လာချက်မှာ ဂီယာမို အိုဒေါနယ်၊ ဖီးလစ်၊ ပီ၊ ရှမစ်ထာ နှင့် လောရင့်စ် ဝှိုက်ဟက်တို့ ၁၉၈၆ ခုနှစ်တွင် တည်းဖြတ် ထုတ်ဝေသည့် အတွဲ ၄ တွဲရှိသည့် “အာဏာပိုင်အုပ်စိုးမှုမှ အကူးအပြောင်း” ဆိုသော စာအုပ်ဖြစ်သည်။ ထိုအချိန်မှာ ဥရောပတောင်ပိုင်းတွင် ဒီမိုကရေစီသို့ အကူးအပြောင်း တတိယလှိုင်း စတင်နေပြီး လက်တင် အမေရိကန်နိုင်ငံ အများစုတွင်မူ တတိယလှိုင်းသို့ ရောက်ရှိနေခဲ့ပြီးဖြစ်သည်။ အိုဒေါနယ်နှင့် ရှမစ်ထာ တို့နှစ်ဦးက ရပ်စ်တိုး၏ ဆန်းသစ် အလားအလာရှိသော စာတမ်းကို ဤအယူအဆအတွက် စတင်လာရာ အရင်းအမြစ်အဖြစ် ယူဆပြီး ကိုးကားခဲ့ကြသော်လည်း ၎င်းတို့၏ ၄ အုပ်တွဲ စတင် ထုတ်ဝေကတည်းက အကူးအပြောင်းသည် အာဏာပိုင်အုပ်ချုပ်ရေးကို အလျင်အမြန် အစားထိုးသော သွင်ပြင်တခုအဖြစ် ရှင်းလင်းစွာ ဖော်ပြခဲ့ကြသည် (သို့တိုင်အောင် တချို့သော ဖြစ်စဉ်များတွင် အကူးအပြောင်းသည် ဒီမိုကရေစီ၏ နိဒါန်းဖြစ်မလာဘဲ အာဏာပိုင် အုပ်ချုပ်ရေး၏ ပုံသဏ္ဍာန်အသစ်တမျိုး ဖြစ်နေတတ်သည်ကို သူတို့ အသိအမှတ်ပြုခဲ့ကြသည်)။
သူတို့က “အကူးအပြောင်း” ဆိုသည်ကို တခုသော နိုင်ငံရေးအုပ်စုနှင့် တခြားတခုကြား ကာလဟု ကျယ်ကျယ်ပြန့်ပြန့်ပင် အဓိပ္ပါယ်ဖွင့်ဆိုထားခဲ့ကြသည်။ သို့သော်လည်း သူတို့က ဒီမိုကရေစီ အကူးအပြောင်းအတွက် သီးခြား လမ်းကြောင်း တခုကို အလေးထား ဖော်ပြခဲ့ကြသည်။ ၎င်းမှာ အကြမ်းဖက်မှု (သို့) တော်လှန်ရေးများ မပါဘဲ ဆုတ်ခွာသွားတော့မည့် အာဏာပိုင်အုပ်စုနှင့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများအကြား စေ့စပ်ညှိနှိုင်းခြင်းဖြင့် အောင်မြင်မှုရရှိလာပြီး နှစ်ဖက်စလုံးအတွက် လုံခြုံမှု အာမခံချက်ရှိစေမည့် တရားဝင် သို့မဟုတ် တရားမဝင် သဘောတူညီချက် ပဋိဉာဉ်တခု ရရှိထားသော အောင်မြင်မှုရရှိသည့် အခြေအနေမျိုးဖြစ်သည်။
အိုဒေါ်နယ်နှင့် ရှမစ်ထာတို့ အသေးစိတ် ရှင်းလင်းဖော်ပြခဲ့သော ပုံစံမှာ ဥရောပတောင်ပိုင်းနှင့် လက်တင် အမေရိကတို့၏ အကူးအပြောင်းများကို အခြေခံထားခြင်းဖြစ်ပြီး တခြားဒေသများအတွက်လည်း အသုံးပြုနိုင်ခဲ့သည်။ သို့သော် ထိုသီအိုရီ မည်မျှ ခရီးပေါက်သနည်း ဆိုသည်ကိုမူ ပညာရှင်များအကြား ဆွေးနွေးငြင်းခုန်ရခြင်း မရှိသေးပေ။ အထူးသဖြင့် ကွန်မြူနစ်လွန် နိုင်ငံများတွင် အသုံးပြု၍ ရ မရဆိုသောကိစ္စပင် ဖြစ်သည်။ ဤသီအိုရီကိုပင် တချို့အစိုးရများနှင့် တချို့သော ဒီမိုကရေစီအရေး ထောက်ခံသည့် အေဂျင်စီများက အာဏာရှင်များ ဖြုတ်ချခံရပြီး ဒီမိုကရေစီသို့ ဦးတည်ရွေ့လျားနေမှု မည်မျှပင် အားနည်းနေပါစေ အကူးအပြောင်းကာလဟု သတ်မှတ်ကာ အကြမ်းထည် နည်းလမ်းများဖြင့် အသုံးပြုခဲ့ကြသည်။
ဤသို့ အကူးအပြောင်းဆိုသော စကားလုံးကို ပြောင်ပြောင်တင်းတင်း အလွဲသုံးစားပြုမှုများကြောင့် “သောမတ် ကာရိုးသား” က ၂၀၀၂ ခုထုတ် ဒီမိုကရေစီ ဂျာနယ် (JOD) တွင် “အကူးအပြောင်း ပါရာဒိုင်း ခေတ်ကုန်ချိန်” ဟူသော ဆောင်းပါးတစောင် ရေးသားဖော်ပြခဲ့သည်ကို တွေ့ရသည်။ ကာရိုးသားက အာဏာပိုင်အစိုးရ ပြုတ်ကျသွားချိန်မှစ၍ နိုင်ငံတိုင်းလိုလို လျှောက်လှမ်းခဲ့ရသည့် အာဏာကျိုးပျက်ချိန်နှင့် ဒီမိုကရေစီ ခိုင်မာရေးအကြား အဆင့်များမှာ အဖြောင့်သဘော ဆောင်သော ဖြစ်စဉ်များ မဟုတ်ဟု အခိုင်အမာ ပြောကြားခဲ့သည်။ ၎င်းအစား သူကတင်ပြသည်မှာ ဒီမိုကရေစီ အကူးအပြောင်းကာလအတွင်း ဝင်ရောက်လာသော နိုင်ငံများမှာ မီးခိုးရောင်စုံ (Gray Zone) တခုအတွင်း ကျရောက် သွားခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာ ၎င်းနိုင်ငံများအဖို့ လစ်ဘရယ်ဒီမိုကရေစီချက်ချင်း သို့မဟုတ် အမြဲတမ်းရရှိမည်ဟု မသေချာသော အခြေအနေတရပ်သို့ ရောက်ရှိလာခြင်းဟု ဆိုလိုခြင်းဖြစ်သည်။
ယနေ့ကာလတွင် ဤအသုံးအနှုန်းအား ကျယ်ကျယ်ပြန့်ပြန့်နှင့် တလွဲသုံးစွဲနေမှုများကို ခပ်ဝေးဝေး သွားကြည့်စရာမလိုပေ။ မကြာမီက ချမှတ်ခဲ့သော အမေရိကန်အစိုးရ၏ အီဂျစ်သို့ ဒေါ်လာ ၁ ဘီလီယံ နီးပါး အကူအညီပေးရေး ဥပဒေကြမ်းကိုကြည့်လျှင် တွေ့နိုင်သည်။ ၎င်းဥပဒေအရ ဒီမိုကရေစီ အသွင်အကူးအပြောင်းအတွက် ခြေလှမ်းများ စတင်နေသော အီဂျစ်အစိုးရအတွက်ဟု ဆိုထားသော်လည်း တကယ်တမ်းမှာ အီဂျစ်အစိုးရသည် ဤသို့ လုပ်ဆောင်နေခြင်း အလျင်းမဟုတ်ပေ။ ဤအသုံးအနှုန်းမှာ နိုင်ငံတကာ သံတမန် အဆက်အသွယ် လောကသို့လည်း ပျံ့နှံ့ရောက်ရှိနေသည်။ ၎င်း၏အဓိပ္ပါယ်မှာမူ ပို၍ ထွေပြားလာလျက် ရှိနေသည်။ ၂၀၁၂ခုနှစ် ဇွန်လအတွင်းတွင် ကျင်းပခဲ့သော ဆီးရီးယားအရေးနှင့် ပတ်သက်သည့် ဂျနီဖာ ညီလာခံမှ ထွက်လာသော “အပြီးသတ် ကြေငြာချက်” တွင် “အကူးအပြောင်းအတွက် ရှင်းလင်းသောခြေလှမ်းများ” ဟု ဆိုသည့် အခန်းတခု ပါဝင်ခဲ့သည်။ ရှင်းလင်းသောဟု ခေါင်းစဉ် တပ်ထားသော်လည်း မရှင်းလင်းတာတော့ သေချာပါသည်။ သို့သော် ဆီးရီးယားပြည်တွင်းစစ်ကို အကူးအပြောင်း ပုံစံတခုအဖြစ် မစဉ်းစားနိုင်ခဲ့လျှင် ဤဆွေးနွေးပွဲများမှာ အလားအလာမရှိသော မျှော်လင့်ချက် (သို့) အနှစ်မပါသော စကားလုံး ဖောင်းပွမှုများသာ ဖြစ်ပေလိမ့်မည်။
တော်လှန်ရေးမှသည် အကူးအပြောင်းများသို့
အကူးအပြောင်းဆိုသော အယူအဆကို ကိုးယို့ကားယားဖြစ်အောင် တခါတရံ ဆွဲဆန့်မှုများ ရှိခဲ့သော်လည်း အစိုးရ အပြောင်းအလဲများကို ဖော်ပြရန်မှာ ၎င်းစကားလုံးမပါဘဲ မဖြစ်နိုင်ပေ။ အစောပိုင်းက ပြောခဲ့သည့်အတိုင်း အစိုးရအပြောင်းအလဲကို ဖော်ပြသော တခြားစကားလုံးမှာ “တော်လှန်ရေး” ဆိုသော စကားလုံးဖြစ်သည်။ အာဏာရှင်အစိုးရမျာကို ဖြုတ်ချဖယ်ရှားနိုင်ဖို့ မိမိတို့၏ဘဝများ၊ အသက်သွေးချွေးများကို စတေးခဲ့သော သူများ၏ သည်းခြေကြိုက် စကားလုံးလည်း ဖြစ်နေတတ်သည်။ ထို့ကြောင့်ပင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက အောင်မြင်ခဲ့သော မြောက်အာဖရိက အုံကြွမှုများအတွင်း ခေါင်းဆောင်များက တော်လှန်ရေးဆိုသော စကားလုံးကို တလေးတစား ပြောဆိုနေတုန်းဖြစ်သည်။ ပိုမိုပြင်းထန်၊ ပိုမိုနာကျင်မှုများ ခံစားခဲ့ရပြီး နောက်ဆုံး ဆန့်ကျင်ဘက် အင်အားစုများကသာ အောင်မြင်မှု ရရှိသွားခဲ့ခြင်းများက သူတို့၏ တော်လှန်ရေးဆိုသော စကားလုံးအပေါ် ဖက်တွယ်မှု ပိုမိုခိုင်မာလာစေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် တော်လှန်ရေးဆိုသော အသုံးအနှုန်းက အကူးအပြောင်းဆိုသော စကားလုံးထက် ပို၍ စွဲမက်နှစ်ခြိုက်ဖွယ်ရာ ဖြစ်နေခြင်းကို ငြင်းပယ်၍ မရပေ။ ထို့ကြောင့်ပင် ကျနော်တို့ လိမ္မော်၊ နှင်းဆီ၊ စံပယ် စသည့် ရောင်စုံတော်လှန်ရေးများ တွေ့မြင်နေရခြင်းဖြစ်သည်။ သို့သော် လိမ္မော်အကူးအပြောင်း၊ နှင်းဆီအကူး အပြောင်းဟုဆိုပါက အရူးဟု ပြောကြမည်ဖြစ်သည်။
အကူးအပြောင်းဆိုသော စကားလုံး ရေပန်းစားလာခြင်းမှာ ယနေ့ ကျနော်တို့ ခေတ်ကာလတွင် တော်လှန်ရေးဆိုသော အိုင်ဒီယာများ တစိတ်တပိုင်းအားဖြင့် ယုံကြည်မှု ကျဆင်းလာခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ၂၀ ရာစုနှစ်အတွင်း အလုံးစုံတော်လှန်ရေး အတွေ့အကြုံများက ခါးသည်းသော သင်ခန်းစာများ ရရှိခဲ့သောကြောင့်လည်း ဖြစ်သည်။ အခိုင်အမာအားဖြင့်ဆိုလျှင် ‘တော့ချီဗီးလ်’ တင်ပြခဲ့သော ‘သာတူညီမျှတော်လှန်ရေး’ (Egalitarian revolution) များမှ ချမှတ်ပေးခဲ့သည့် နိုင်ငံရေးပုံစံ (ပြင်သစ်နှင့် ရုရှားတို့တွင် ဖြစ်ပွားခဲ့သော မဟာလူမှုတော်လှန်ရေးများ) သည် လွတ်လပ်မှုနှင့် ဒီမိုကရေစီကို တွန်းအားပေးသည်ထက် နှိပ်ကွပ်မှုများသာ အထွက်ရလဒ် ဖြစ်စေခဲ့ခြင်းဖြစ်သည်။
အိုဒေါ်နယ်နှင့် ရှမစ်ထာတို့က သူတို့စာအုပ်တွင် ဤအချက်ကို ရှင်းလင်းစွာဖော်ပြခဲ့သည်။ တချို့သော ပုဂ္ဂိုလ်များက ဆိုရှယ်လစ်စနစ်ပုံစံ တမျိုးမျိုးသို့ အကူးအပြောင်းကို ဒုတိယ အကူးအပြောင်းဟု အလေးပေးနေနိုင်သော်လည်း ၎င်းတို့ကမူ ဆိုရှယ်လစ်စနစ် ဖေါ်ဆောင်ရန် တော်လှန်ရေးတရပ် ဆင်နွှဲခြင်းသည် အကြမ်းဖက်ခြင်းကို အသုံးပြုရခြင်းဖြစ်ပြီး ဒီမိုကရေစီနိုင်ငံရေး ဖြစ်ထွန်းရန် အလားအလာများကို အကြီးအကျယ် လျော့ကျပျက်စီးစေခြင်းသာ ဖြစ်သည်ဟု ဆိုခဲ့သည်။ အကြမ်းဖက်မှုကို ရှောင်ကျဉ်ပြီး စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် ဒီမိုကရေစီကို ငြိမ်းချမ်းစွာရရှိရာ လမ်းကြောင်းကို ဆုပ်ကိုင်နိုင်မည်ဆိုသော နားလည်ချက်မှာ ဒီမိုကရေစီ အကူးအပြောင်းဆိုသည်၏ ထူးခြားသော အသွင်လက္ခဏာကို ဖော်ပြနေခြင်းဖြစ်ပြီး အစိုးရ အပြောင်းအလဲဆိုသော ယေဘုယျ အသုံးအနှုန်းထက် သာလွန်နေသည်ကို တွေ့နိုင်ပါသည်။ တကယ်တမ်း ပြောမည်ဆိုလျှင်လည်း အာဏာပိုင်စနစ်မှ မျှော်မှန်းချက်ရှိလှသော ဒီမိုကရေစီသို့ ငြိမ်းငြိမ်းချမ်းချမ်း ကူးပြောင်းခဲ့သော ဖြစ်ရပ်၏အတော်များများများသည် အိုဒေါ်နယ်နှင် ရှမစ်ထာတို့ ဆွဲပြခဲ့သော လမ်းကြောင်း တလျှောက်တွင် ၂၀ ရာစု အဆုံးသတ်ခါနီး ဆယ်စုနှစ်တချို့တွင် ဖြစ်ပေါ်ခဲ့ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
ဤစာတမ်းသည် မာ့ခ် အက်ဖ် ပလက်တနာ (Marc F. Plattner) က ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပေါ်တူဂီ ကက်သလစ်တက္ကသိုလ် နိုင်ငံရေး လေ့လာမှုဆိုင်ရာ အင်စတီကျုတွင် ဟောပြောခဲ့သော စာတမ်းကို ပြင်ဆင် ဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။ မာ့ခ် အက်ဖ် ပလက်တနာသည် Journal of Democracy ကို ပူးတွဲတည်ထောင်သူနှင့် အယ်ဒီတာတဦးဖြစ်ပြီး National Endowment for Democracy (NED) ၏ သုတေသနနှင့် လေ့လာရေးဆိုင်ရာ ဒု ဥက္ကဋ္ဌလည်း ဖြစ်သည်။ ဤစာတမ်းကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ဖြင့် Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုသည်။ Educational Initiatives အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။