သမ္မတ ဦးသိန်းစိန်က ရလဒ်ထွက်ပေါ်ခြင်း မရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်တိုက်ဆိုသလို ကျင်းပပြုလုပ် နေတာ ကြောင့် အဖြေမထွက်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ တွေကျင်းပပြီး ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ နိုင်ငံရေး အကျပ် အတည်း တွေ ပိုမိုရှုပ်ထွေးလာအောင် တမင်ဖန်တီးနေတာလားဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး အသိုင်း အဝိုင်းက မေးခွန်းထုတ်လာပါတယ်။
စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀ဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒေါ်အောင် ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ကာချုပ် မင်းအောင်လှိုင် တို့ပါဝင်တဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ဖို့ တောင်း ဆိုခဲ့ပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရက ၄ ပွင့်ဆိုင်ရုံနဲ့ မလုံလောက်ဘဲ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ် ဖြစ်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့ပါတယ်။ အဲဒီနောက် အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံ မလာရောက်မီ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ၁၄ ပွင့်ဆိုင် နိုင်ငံရေး ဆွေးနွေးပွဲတရပ် သမ္မတဦးသိန်းစိန်က ကျင်းပခဲ့ပြီး တဦးကို ၁၀ မိနစ် အလှည့်ကျ ပြောပုံစံနဲ့ ရလဒ်မထွက်ဘဲ အဆုံးသတ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄ ပွင့်ဆိုင် တောင်းဆိုမှုကို ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေက ထောက်ခံကြောင်း ပွင့်ပွင့်လင်း ထုတ်ဖော်ပြောဆိုပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရကတော့ အားလုံးပါဝင်ရေးဆိုတဲ့ မူဝါဒကိုသာ ကိုင်ဆွဲပြီး ၄ ပွင့်ဆိုင် တွေ့ဆုံရေးကို ငြင်းဆန် ခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန် အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရှောင်လွှဲနေတာမို့ ပြည်ထောင်စု လွှတ်တော်က သမ္မတ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ တိုင်းရင်းသား ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တဦး၊ ဒေါ်အောင်ဆန်း စုကြည် စုစုပေါင်း ၆ ပွင့်ဆိုင် တွေ့ဆုံရေး အစိုးရက ဦးဆောင် ကျင်းပပေးဖို့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အရေးကြီးအဆို အတည်ပြု တောင်းဆိုပါတယ်။
ပြည်ထောင်စု လွှတ်တော်ရဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံရေး ထွက်ပေါ်လာချိန်မှာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ၆ ပွင့်ဆိုင် တွေ့ဆုံရေး ဟာ လက်တွေ့မကျတဲ့ တောင်းဆိုချက်ဖြစ်ပြီး ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးက အားလုံးပါဝင်ရေးဖြစ်စဉ် ရှောင်လွှဲမှုဖြစ်တယ်လို့ မီဒီယာတွေမှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝေဖန်ခဲ့ပါတယ်။ ၆ ပွင့်ဆိုင်ရေး ငြင်းပယ်တဲ့ ဦးရဲထွဋ်ရဲ့ မှတ်ချက်ကြောင့် နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ အပြင်းအထန် ဝေဖန်မှုကိုခံရပြီး နောက်ဆုံး သမ္မတရုံး က ၆ ပွင့် ဆိုင်ရေးနဲ့ ပတ်သက်လို့ သမ္မတကို မတိုက်ခိုက်ဖို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ သတိပေး သတင်းထုတ်ပြန်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။
အဲဒီနောက် သမ္မတ ဦးသိန်းစိန်ရဲ့ ဩဇာသက်ရောက်မှု ရှိတယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက ယူဆသုံးသပ်ကြတဲ့ တိုင်းရင်းသား ရေးရာ ဝန်ကြီးတွေရဲ့ အဆိုပြုချက်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာ ၆ ပွင့်ဆိုင်အစား ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး လုပ်ပေးပါဆိုတဲ့ အရေးပေါ် အဆိုတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်ခဲ့ပါသေးတယ်။
၂၀၁၅ ခုနှစ် ၊ ဇန်နဝါရီလ ၁၂ ရက်နေ့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ လူ့အခွင့် အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski မြန်မာနိုင်ငံ ရောက်ရှိနေချိန်နဲ့ တိုက်ဆိုက်စွာပဲ နိုင်ငံရေးပါတီ ခေါင်းဆောင် တွေ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ ပါဝင်တဲ့ ၄၈ ဦး တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်က ကျင်းပခဲ့ပြန်ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ခေါ်မှုနဲ့ ပြုလုပ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆက်လက် ဖြစ်ထွန်း ရေး၊ ငြိမ်းချမ်းရေး ရရှိရေး၊ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်ရေး၊ အသွင်ကူးပြောင်းမှု ညင်သာရေးတို့အတွက် ကျင်းပတယ် လို့ အစိုးရက ထုတ်ပြန်ခဲ့ပေမယ့် ရလဒ်ကတော့ ဘာမှ ထွက်ရှိမလာပါဘူး။ ရလဒ်ထွက်ရှိမလာတဲ့ ဆွေးနွေး ပွဲတွေ ထပ်မံ ကျင်းပမယ်လို့ အစိုးရက သတင်းထုတ် ပြန်တဲ့အပြင် ဆွေးနွေးပွဲတွေမှာ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသက ကိုယ်စားလှယ် တွေကိုပါ ထပ်မံ ဖိတ် ခေါ်သွားမယ်လို့ ဆိုပါတယ်။
တက်ရောက်သူ များပြားလှတဲ့ သမ္မတဦးသိန်း စိန်ရဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကြောင့် နိုင်ငံရေး အခြေအနေက ပိုမို ရှုပ်ထွေး လာပြီး ငြိမ်းချမ်းရေး၊ အပစ်ရပ်ရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်း ရေးဆိုတဲ့ တိုင်းရင်းသားတွေရဲ့ တောင်း ဆိုချက်တွေ ပျက်ပြယ်နိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်လာပါ တယ်။
ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါဝင်တယ်ဆိုပြီး ဆွေးနွေးပွဲမှာ ဆွေးနွေးမှုတွေ ရှိလာတာမို့ နိုင်ငံရေးအရ ရှုပ် ထွေး မှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပွဲကိုလည်း တိုင်းရင်းသားအားလုံး မပါဝင်ဘဲ သဘောတူညီတဲ့ အဖွဲ့ အစည်းတွေနဲ့ပဲ လက်မှတ်ထိုး မယ့် အစီအစဉ်မျိုးတွေကိုပါ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ထည့်သွင်း ဆွေးနွေးကြ တာမို့ ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပိုမို ထိခိုက်လာမယ့် အလားအလာတွေပါ မြင်လာရတယ် လို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုပါ တယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က သမ္မတရဲ့ နိုင်ငံရေးဆွေးနွေးပွဲ တွေဟာ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို ရှောင်လွှဲတဲ့အနေ လုပ်ဆောင်တာလားလို့ မေးခွန်းထုတ်လိုက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲလိုတဲ့ဆန္ဒ အားနည်းနေတယ်လို့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ဝေဖန် လိုက်ပါတယ်။
တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တချို့ ကတော့ သမ္မတဦးသိန်းစိန်အနေနဲ့ ဖွဲ့စည်းပုံ ပြင် ဆင်ရေး အရေးကြီး နေတဲ့ အချိန်မှာ အဓိကကျတဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကိုမလုပ်ဘဲ အခြေအနေတွေ ရှုပ်ထွေးအောင် ဖန်တီးနေတယ်လို့ သုံးသပ်ပြောဆို ပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က နိုင်ငံရေးကို ရှုပ်ထွေးအောင် ဖန်တီး တဲ့သူတွေအနေနဲ့ လူထုရဲ့ ဒဏ်ခတ်မှုကို ခံရလိမ့် မယ်လို့ သတိပေး ပြောဆိုပါတယ်။
“လက်ရှိဆွေးနွေးပွဲတွေက နိုင်ငံရေးကို ရှုပ်ထွေး အောင် ဖန်တီးလုပ်ဆောင်နေတာပဲ။ လူထု လိုချင် တာက ရလဒ်ဗျ။ ရလဒ်ကို ထွက်အောင်လုပ်တာက အကောင်းဆုံးပဲ။ ရလဒ်မထွက်သမျှ ကာလပတ်လုံး ဆွေးနွေးပွဲကို ဟန်ပြလုပ် နေတဲ့ လူကို လူထုက သိလာမှာပဲ ။ လူထုရဲ့ ရည်မှန်းချက် မျှော်မှန်းချက်ကို အကြောင်းကြာင်းတွေကြောင့် ပျောက်အောင်လုပ်တဲ့ ပုဂ္ဂိုလ်တွေကို လူထုက ဒဏ်ခတ်မှာပဲ။ ဆွေးနွေးပွဲ တွေပေါ်မှာ လူထုရဲ့မယုံကြည်မှု မြင့်လာပြီဆိုရင် အဲဒီဆွေးနွေး ပွဲလုပ် တဲ့လူတွေကို လူထုက ဒဏ်ခတ် မှာပဲ။ ရလဒ်မထွက်ဘူးဆိုရင် ပြည်သူက အထင် အမြင်သေးမှာပဲ။ ဘာမှလည်း ထိရောက် တာ မလုပ် နိုင်ဘူး။ လူထုက ဒဏ်ခတ်မယ်ဆိုရင် အဲဒါက နိုင်ငံ ရေးမှာ ကြောက်စရာအကောင်းဆုံးပဲ” လို့ ဆိုပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရ ဖန်တီး ပြုလုပ်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေက အစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် စစ်မှန်တဲ့ သဘောထားမရှိကြောင်း ပြသ နေတယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးဖုန်းမြင့်အောင်က သုံးသပ်ပါတယ်။
“သမ္မတနဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ တွေ့ဆုံပွဲကနေ ဘာမှမျှော်လင့်စရာမရှိပါဘူး။ ဒီလို ဆွေးနွေးပွဲတွေ လုပ်တယ် ဆိုကတည်းက သူတို့ အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်း ရေးကိစ္စတွေမှာ အရင်သဘောထားအတိုင်း မပြောင်းလဲဘဲ ရှိတယ်ဆိုတာကို ပြတာပဲ”လို့ ၎င်းက ဆိုပါ တယ်။
ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်းက ရှုပ်ထွေး အောင် ဖန်တီးနေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြောင့်ပဲ စစ်ဗိုလ်ချုပ် တွေ ဦးဆောင်တဲ့ စစ်အာဏာရှင်စနစ် တကျော့ပြန် ဖြစ်လာနိုင်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတက ကာကွယ် ရေး ဦးစီးချုပ်ကို အာဏာအပ်နှင်းလို့ အရေးပေါ် အခြေအနေ ကြေညာ လုပ်ဆောင်တာမျိုးတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်ရ တယ်လို့ သုံးသပ်ပြောဆိုပါတယ်။