မဝေးတော့တဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး အကောင်းမြင်စိတ်နဲ့ နေထိုင်ဖို့ ခက်ခဲတယ်လို့ ခုတလောမှာ လူတွေကပြောကြ ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ ကျနော့်ရဲ့ မိတ်ဆွေတွေကတော့ ဘယ်အရာမှ မမြဲဘူး။ ဒါကြောင့် အပြောင်းအလဲ တွေကို သည်းခံစောင့်ဆိုင်းမယ်လို့ ဆိုပါတယ်။
ပြောင်းလဲမှုဖြစ်လာမှာ သေချာပါတယ်။ ဒါပေမယ့် ဘယ်တော့ပြောင်းမှာလဲ၊ ဘယ်လိုပုံစံပြောင်းမှာလဲ ဆိုတာတွေက ရှိနေ ပါသေးတယ်။ ၂၀၁၁ ခုနှစ်မှာ အပြောင်းအလဲတွေစတင်ခဲ့တဲ့ အချိန်က စလို့ အပြစ်အနာအဆာများတဲ့ ဇာတ်ကွက်တွေ၊ ဖြစ်ကတတ်ဆန်းရေးထားတဲ့ဇာတ်ညွှန်း၊ မလိုက်ဖက်တဲ့ ဇာတ်ကောင်တွေရဲ့ သရုပ်ဆောင်မှု စတာတွေနဲ့ ဖွဲ့စည်းထားတဲ့ ခပ်ညံ့ညံ့ ဟောလီးဝုဒ် ရုပ်ရှင်ကားတကားကို ကြည့်နေရတဲ့ ခံစားချက်မျိုးကို တခါတရံ မခံစားမိအောင်နေထိုင်ဖို့ ခက်ခဲခဲ့ ပါတယ်။
ရေရှည်မှာတော့ အားလုံးကောင်းလာရမယ်လို့ ကျနော့်ကိုယ် ကျနော်ပြောနေခဲ့ပါတယ်။ ဒါပေမယ့် တချိန်ထဲမှာပဲ ကျနော့် မိတ်ဆွေတွေကတော့ ကျနော်တို့ မျိုးဆက်ဟာ ကျနော်တို့မြင်ချင်တဲ့ လွတ်လပ်ပြီး ပြည့်စုံကြွယ်ဝတဲ့၊ ဖက်ဒရယ်စနစ်တခု အောက်မှာ စည်းလုံးညီညွတ်နေတဲ့၊ ပြည်သူတွေက အုပ်ချုပ်တဲ့ မြန်မာနိုင်ငံကို မြင်ရတော့မှာမဟုတ်ဘူးလို့ ခံစားနေကြ ရ ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကထဲက လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း မျှော်တွေးကြည့်ခဲ့တဲ့ မြန်မာနိုင်ငံမျိုးကိုပါ။
ဒါဆိုရင် လာမယ့်နှစ်အတွက် ဘယ်လိုမျှော်လင့်ထားကြပါသလဲ။ မြန်မာနိုင်ငံမှာ The Asia Foundation က တနိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ယူခဲ့တဲ့ စစ်တမ်းတခုအရဆိုရင် စစ်တမ်းကိုဖြေကြားပေးခဲ့သူတွေရဲ့ ၆၂ ရာခိုင်နှုန်းက တိုင်းပြည် ဦးတည်သွားနေတဲ့ လမ်းကြောင်းနဲ့ ပတ်သက်လို့ ယေဘုယျအားဖြင့် အကောင်းဘက်က ဖြေခဲ့ကြပါတယ်။ ၇၇ ရာခိုင်နှုန်း ကတော့ နောက်နှစ်ထဲမှာ ကျင်းပဖို့ ရှိနေတဲ့ အထွေထွေရွေးကောက်ပွဲက ကောင်းမွန်တဲ့ပြောင်းလဲခြင်းတွေကို ယူဆောင် လာမယ်လို့ ယုံကြည်နေကြပါတယ်တဲ့။
အဲဒီအဖွဲ့အစည်းက ပြည်နယ်နဲ့ တိုင်းဒေသ အသီးသီးက လူပေါင်း ၃၀၀၀ ကျော်နဲ့တွေ့ဆုံပြီးတော့ အစိုးရ၊ ဒီမိုကရေစီ စတာတွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေ၊ လူမျိုးဘာသာ နောက်ခံအကြောင်းအမျိုးမျိုးရှိတဲ့ ပြည်သူတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တန်ဘိုးတွေအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းတွေမေးခဲ့ပါတယ်။
“နောက်ပိုင်းမှာ စိန်ခေါ်မှုတွေ အမြောက်အများကြောင့် အကောင်းမြင်စိတ်တွေလျော့ပါးသွားခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ပြု ပြင်ပြောင်းလဲရေး အစပိုင်းအဆင့်တွေမှာတော့ ပြည်သူတွေက အနာဂါတ်အတွက် မျှော်လင့်ချက်ထားခဲ့ကြတယ်ဆို တာကို စစ်တမ်းရဲ့ ရလဒ်တွေက ဖော်ပြနေပါတယ်” လို့ The Asia Foundation ကပြောခဲ့ပါတယ်။
ဒါကိုဖတ်ပြီးတဲ့နောက်မှာ ကျနော်နည်းနည်း စိတ်အားတက်ကြွလာမိပါတယ်။ The Asia Foundation က ထောက်ပြ သလိုပဲ ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေ အများကြီး အမှန်တကယ် ကျန်နေပါသေးတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေပြန်လည် စတင်နေတာ၊ လွတ်လပ်စွာ တည်ရှိရမယ့် မီဒီယာကို ထိန်းချုပ် ကန့်သတ်လာတာ၊ ဘာသာရေး အစွန်းရောက်ဝါဒနဲ့ ဗုဒ္ဓဘာသာဝင်နဲ့ မူဆလင်အသိုင်းအဝိုင်းကြားက တင်းမာမှုတွေ မြင့်တက်လာခြင်းကို မသိ ကျိုးကျွံပြုထားတာနဲ့ စစ်တပ်က နိုင်ငံရေးမှာ ဆက်လက်ပါဝင်နေတာတွေ အပါအဝင် အစိုးရက နောက်ကြောင်းပြန် သွားနေတဲ့ သင်္ကေတတွေ မြင်တွေ့နေရပါတယ်။
မကြာသေးခင်က အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီက ပေးအပ် တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆု သွားရောက်လက်ခံခဲ့စဉ်မှာ ကျနော်ပြောခဲ့သလိုပါပဲ။ မြန်မာနိုင်ငံဟာ စိမ်းစိုတဲ့ နယ်မြေ (Land of green) တခုဖြစ်ပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံက လှပစိမ်းလန်းတဲ့ သစ်တောနဲ့ သစ်ပင်တွေကို ကျနော် ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ အစိမ်းရောင် တူညီဝတ်စုံ ဝတ်ထားတဲ့ သူတွေက ဆက်လက်အုပ်ချုပ်နေဆဲပဲဖြစ်တယ် လို့ ကျနော်ဆိုလိုခဲ့တာပါ။
နိုဝင်ဘာလထဲတုန်းက ရန်ကုန်မှာရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုမှာ အလုပ်လုပ်နေတဲ့ အသက် ၅၀ကျော်စ အရွယ် မိတ်ဆွေ တယောက်က “ကျနော်တို့မှာ ဖွံ့ဖြိုးဖို့အတွက် အလားအလာတွေအများကြီး ရှိပါတယ်။ ဒါပေမယ့် ခေါင်းဆောင် တွေက အဲဒါတွေကို ဖြုန်းတီးပစ်နေကြတယ်” လို့ ကျနော့်ကိုပြောပါတယ်။ အရင်နှစ် အနည်းငယ်အတွင်းက ကျနော်တို့ ထားရှိမိခဲ့တဲ့ အကောင်းမြင်မှုတွေဟာ တဖြည်းဖြည်းနဲ့ လွင့်ပျယ်လာခဲ့ရပါပြီ။
လက်တွေ့မှာ ပြည်သူအများစုက သူတို့လိုချင်တဲ့ အပြောင်းအလဲကို လုပ်နိုင်ဖို့အတွက် သူတို့မှာ အာဏာစွမ်းအားမရှိဘူး လို့ ခံစားနေကြပါတယ်။ အဲဒါက တကယ့်ပြဿနာပါပဲ။ ထပ်ပြောရရင် ဘာမှန်းမသိဘဲ ကြောက်ရွံ့နေမှုက ပျံ့နှံ့နေတုန်း ပါပဲ။ ဒီကြောက်ရွံ့မှုကို သူတို့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး သြဇာအာဏာတွေ ဆုံးရှုံးမှာကို ကြောက်လန့်နေတဲ့ ထိပ်ပိုင်း ခေါင်း ဆောင်တွေကြားမှာလဲ တွေ့ရှိနိုင်ပါတယ်။ လက်ရှိအခြေအနေ အတိုင်း တည်မြဲသွားမှာကို စိုးရိမ်နေတဲ့ သာမန်ပြည်သူတွေ ကြားမှာလည်း ဒီကြောက်ရွံ့မှုရှိနေပါတယ်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေတိုးလာနေတဲ့ကြားမှာပဲ မြန်မာနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရယူနိုင်ဖို့ ဆက်လက်ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံ မှာ ကျင်းပခဲ့တဲ့ အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို တက်ဖို့ ရောက်ရှိလာခဲ့တဲ့ အမေရိကန် သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ အစစ်အမှန်ဖြစ်တယ်လို့ သူ့ရဲ့ ခရီးစဉ် အတွင်းမှာပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံက စစ်တပ်ချင်း ဆက်သွယ်ဆောင်ရွက်မှု အငယ်စားလေးတွေအတွက် တံခါးလည်း ဖွင့်ပေးခဲ့ပါတယ်။
တခြားသော အလှူရှင်နိုင်ငံတွေကလည်း ပိုပြီး အကူအညီပေးဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးလုပ်ဖို့ ကတိပြုခဲ့ကြပါတယ်။ နောက်လာမယ့် ၇ နှစ်အတွင်းမှာ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကူညီသွားမယ်လို့ ဥရောပ သမဂ္ဂ က မကြာသေးခင်က ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံက အခြေအနေတွေဟာ မရပ်မနားဘဲတိုးတက်ကောင်းမွန်လာနေတယ်လို့ အများစုသော နိုင်ငံတကာ အသိုင်း အဝိုင်းက ယုံကြည်လက်ခံထားကြပုံပါပဲ။ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ တော်တော်များများမှာ အလုပ်လုပ်ခဲ့ဖူး တဲ့ မိတ်ဆွေတယောက်က နိုင်ငံတကာ အသိုင်းအဝိုင်း အတွင်းက အကြောင်းနဲ့ ပတ်သက်ပြီး“ လူတိုင်းက အယုံလွယ် ကြတယ်။ သူတို့ဟာ ဒီတိုင်းပြည်ထဲမှာ အဖြေရဖို့ အလုပ်လုပ်နေတယ်လို့ ကိုယ့်ကိုယ်ကို ထင်မှတ်နိုင်အောင် ကြိုး စားနေကြတယ်” လို့ ကျနော့်ကို ပြောပြပါတယ်။
The Asia Foundation ရဲ့ စစ်တမ်းရလဒ်မှာ ဖြေဆိုသူအများစုက တိုင်းပြည်ရဲ့ အလားအလာတွေအတွက် အကောင်း မြင် ခဲ့ကြတယ်လို့ ဖော်ပြခဲ့ပေမယ့် ကျနော်တွေ့ကြုံခဲ့ရတာကတော့ ပြည်သူအများအပြားက အနာဂတ်ဟာ မရေရာ မချောမွေ့ ဘူးလို့ ခံစားနေကြရပါတယ်။
၂၀၁၄ ခုနှစ်ရဲ့ အတက်အကျတွေပြီးတဲ့နောက်မှာ အခြေခံကျတဲ့ အပြောင်းအလဲအတွက် မျှော်လင့်ချက်တွေ ကျနော်တို့ ဆက်လက်ထားရှိတုန်းပါပဲ။ အမှောင်ထုထဲမှာ မှုန်ဝါးဝါး အလင်းရောင်လေးတခုရှိပါတယ်။ The Asia Foundation ရဲ့ စစ်တမ်းမှာ တွေ့ရှိချက်အရဆိုရင် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးကြောင့် ပြည်သူတွေဟာ မိမိတို့ရဲ့ နိုင်ငံ ရေး အမြင်ကိုထုတ်ဖော်ပြောဖို့ ကြောက်ရွံ့နေကြဆဲဖြစ်ပေမယ့် လာမယ့်ရွေးကောက်ပွဲမှာ သူတို့ မဲပေးမယ်လို့ စစ်တမ်းကို ဖြေဆိုပေးသူတွေရဲ့ ၉၃ ရာခိုင်နှုန်းက ပြောခဲ့ကြပါတယ်။
ဒါဆိုရင် ၂၀၁၅ က ဘာတွေယူဆောင်လာမှာလဲ။ လွတ်လပ်ပြီး ပြည့်စုံကြွယ်ဝတဲ့ နိုင်ငံတခုဖြစ်ဖို့က တညအတွင်းမှာ မှော် အစွမ်းတွေသုံးပြီး ဖန်တီးလို့ မရသလို ဖြတ်လမ်းနည်းလဲ မရှိပါဘူး။ သတိထားပြီး အကောင်းမြင်ကြဖို့ ကျနော်တို့ကိုယ် ကျနော်တို့ ဆက်ပြီးပြောနေရပါတယ်။ တကယ်တော့ ဒီလိုလုပ်နေတာဟာလည်း စိတ်ပျက် အားလျော့မှုတွေကို ဖြေဖျောက် နိုင်ဖို့ အတွက် သက်သက်ပါပဲ။
(၂၀၁၅ ခုနှစ် ဇန်နဝါရီလထုတ် The Irrawaddy မဂ္ဂဇင်းတွင်ဖော်ပြခဲ့သော Light at the End of the Tunnel? ဆောင်းပါး ကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်ပါသည်။)