အရပ်ဘက် လူမှုအဖွဲ့အစည်း(CSO) များ၏ လှုပ်ရှားမှုများကို အာဏာပိုင်များက စောင့်ကြည့်မှုများ ပြုလုပ်နေ၍ လုံခြုံမှု မရှိသည့် အခြေအနေမျိုး ကြုံတွေ့နေရကြောင်း CSO များက ပြောသည်။
လယ်ယာမြေ အသိမ်းခံရမှုများနှင့်ပတ်သက်ပြီး အကူအညီပေးနေသည့် တို့မြေကွန်ရက် အဖွဲ့ဝင် ကိုစည်သူက “အရင်တုန်းက အဝေးက လိုက်တာပဲ ရှိတယ်။ အခု နောက်ပိုင်း မှာတော့ နည်းနည်းလေး ဖိအားပေးသလို လုပ်လာတာမျိုးတွေ ရှိတယ်။ ကုလ လူ့အခွင့် အရေး ကိုယ်စားလှယ် မစ္စ ရန်ဟီလီနဲ့ သွားတွေ့တဲ့ နေ့ကဆို ကားတံခါး ဖွင့်လိုက်တာနဲ့ ဓာတ်ပုံတွေ အပြေးအလွှား လာရိုက်ကြတာ မျိုးတွေ ရှိတယ်။ သိသာထင်ရှား လာတာက ၂၀၁၄ နှောင်းပိုင်းနဲ့ ၂၀၁၅ နှစ်ဆန်းပိုင်းမှာ ပိုသိသာလာ တယ်”ဟု ပြောပြသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီနှင့်အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး လူ့အခွင့်အရေး လှုပ်ရှားသူများနှင့်တွေ့ဆုံစဉ် အရပ်ဘက် အဖွဲ့အစည်းများအား အာဏာပိုင်များက ဓာတ်ပုံရိုက်ယူခြင်းသာမက လှုပ်ရှား ဆောင်ရွက်မှုတိုင်းနှင့်ပတ်သက်ပြီး အသေးစိတ် အစီရင်ခံနေခြင်းကို မျက်မြင်ကြုံတွေ့ခဲ့ရသည်ဟုလည်း ၎င်းက ပြောသည်။
အလားတူ ဇန်နဝါရီလ ၁၃ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာသော အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမား ရေး ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Tom Malinowski ဦးဆောင်သော အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် အရပ် ဘက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးစဉ် စောင့်ကြည့်မှုများ ရှိခဲ့ကြောင်း သိရသည်။
Equality Myanmar မှ ဦးအောင်မျိုးမင်း ကလည်း“အမေရိကန် သံအမတ်နဲ့ တွေ့တဲ့အချိန်မှာ သံရုံးအပြင်က ခိုးရိုက်တယ်။ ခိုးရိုက်ရုံတင် မကဘူး ဖုန်းဆက်ပြီး ဘာတွေဆွေးနွေးကြတယ် ဆိုတာကို သတင်းပို့နေတာ တွေ့တယ်။ နည်းနည်းတော့ Under cover မဟုတ် တော့ ဘူး။ Over cover ဖြစ်လာတယ်။ အရင်တုန်းကထက် နောက်ယောင်ခံ လိုက်မှုတွေ ပိုများလာတယ်”ဟု ပြောသည်။
ထိုကဲ့သို့ လုပ်ဆောင်မှုများသည် CSO များ၏ အနာဂတ် လုပ်ငန်းစဉ် ဆောင်ရွက်ချက်များကို ထိခိုက်လာနိုင်ပြီး CSO များအား ယခု အချိန်အထိ ရန်သူကဲ့သို့ သတ်မှတ်နေသေးသည်ဟု ယူဆနိုင်ကြောင်း လူ့အခွင့်အရေး၊ အမျိုးသမီးအရေး၊ လယ်သမားအရေး ဆောင် ရွက်နေသူများက ပြောဆိုကြသည်။
ယခင်ကထက် သံသယဖြင့် ပိုမိုတင်းကျပ်စွာ စောင့်ကြည့် ခံရလာမှုများကြောင့် CSO များသည် မိမိတို့ကိုယ်တိုင် လုံခြုံမှုမရှိဟု ခံစား လာကြရပြီး ယခင်စစ်အစိုးရ လက်ထက်က ပုံစံအတိုင်း အကြောက်တရားများ ဖုံးလွှမ်းကာ အမှန်ကို အမှန်အတိုင်း မပြောရဲ၊ မလုပ် ရဲ ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်ဟု ၎င်းတို့က ပြောသည်။
အရပ်ဘက် လူမှုအဖွဲ့အစည်းများသည် နိုင်ငံအကျိုးအတွက် ဆောင်ရွက်နေသူများ ဖြစ်ပြီး အစိုးရ၊ အတိုက်အခံများကို ဆန့်ကျင် တော်လှန် ပုန်ကန်နေသူများ မဟုတ်ကြကြောင်း၊ အစိုးရ အနေဖြင့် CSO များ၏ ထောက်ပြ အကြံပြုချက်များ၊ ဝေဖန်မှုများကို အပြုသဘောဖြင့် လက်ခံစဉ်းစား ဆောင်ရွက်သင့်ကြောင်း ကျား/မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်မှ ဒေါ်မေစပယ်ဖြူက ပြောသည်။
အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Tom Malinowski ဦးဆောင်သော အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် CSO များ တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံရေး အကျဉ်းသား လွတ်မြောက် ရေး၊ အမျိုးသမီးများ အခွင့်အရေး၊၂၀၁၄ ခုနှစ်အတွင်း မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ စသည့် အကြောင်းအရာ စုံလင်စွာ ဆွေးနွေးခဲ့ကြသည့် အပြင် CSO များကို စောင့်ကြည့်မှု ရှိလာသည့် အခြေအနေများကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။