မြန်မာနိုင်ငံတွင် ရောက်ရှိနေသော အမေရိကန် ပြည်ထောင်စု လူ့အခွင့်အရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ တို့အကြား တွေ့ဆုံမှုတွင် လယ်ယာမြေသိမ်းဆည်းမှု ပြဿနာ၊ လူ့အခွင့်အရေး ကိစ္စများအပြင် ယခု ၂၀၁၅ ခုနှစ် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအား အမေရိကန်ပြည်ထောင်စုမှ ကူညီမည့်ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရ သည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အလုပ်သမားရေးရာ ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ တွမ် မာလင်နော့စကီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ တာဝန်ရှိသူများ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးအပြီး ယခုကဲ့သို့ သဘောတူခဲ့ဲခြင်းဖြစ်ကြောင်း ဒု နိုင်ငံခြားရေး ဝန်ကြီး ဦးသန့်ကျော်က VOA သတင်းဌာနနှင့် သီးသန့် အင်တာဗျူးတွင် ပြောကြားသည်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ တာဝန်ရှိသူတို့သည် နေပြည်တော်၌ ဇန်နဝါရီလ ၁၄ ရက်၊ ၁၅ ရက် ၂ ရက်တာ ဆွေးနွေးပွဲတွင် မြန်မာ အစိုးရ ဘက်ကလည်း ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအား ပွင့်လင်းမြင်သာပြီး အများ လက်ခံနိုင်အောင် ကြိုးစားသွားမည်ဟု ပြောဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စုဘက်မှလည်း ရွေးကောက်ပွဲအား ကူညီမည်ဟု သဘောတူခြင်း ဖြစ်ကြောင်းသိရသည်။
မစ္စတာ တွမ် မာလင်နော့စကီး ဦးဆောင်သော အမေရိကန် လူ့အခွင့်အရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရတို့ ယခု တွေ့ဆုံမှုသည် ဒုတိယအကြိမ်လည်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ ကိစ္စအပြင် မြေယာသိမ်းဆည်းခံရမှုကိစ္စ အကြောင်း မပြောဘဲနှင့် လူ့အခွင့်အရေးကိစ္စ ထည့်သွင်း ဆွေးနွေး၍ မရကြောင်းလည်း အမေရိကန်ကိုယ်စားလှယ်အဖွဲ့က ဆိုကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံး၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။
“လူတိုင်း ပြောကြတဲ့အကြောင်းက မြေယာကိစ္စပဲ၊ ဒီ ကိစ္စက နိစ္စဒူ၀ လူတွေ အသက်ရှင်နေထိုင်မှုကို အဓိက သက်ရောက်မှုဖြစ်တဲ့ လူ့အခွင့်အရေး ကိစ္စကြီးတခုပဲ၊ ဒီပြဿနာကို ဖြေရှင်းဖို့က သိပ်ကို ရှုပ်ထွေးလွန်းတယ်” ဟု အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး တွမ် မာလင်နော့စကီးက ဆိုသည်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည် လယ်သမား သမဂ္ဂများ အပါအဝင် လူထုအခြေပြု လူမှုအဖွဲ့အစည်းများကို ကိုးကားပြီး မြန်မာနိုင်ငံ၏ မြေယာသုံးစွဲမှု မူဝါဒသည် အောင်မြင်ရန် မရှိကြောင်းနှင့် မြေယာဆိုင်ရာ နောက်ဆုံး မူကြမ်းသည်လည်း အကျိုးထူးမည် မဟုတ်ကြောင်း ၎င်းက မှတ်ချက်ပေးထားသည်။
မြန်မာနိုင်ငံတွင် အသေးစား လယ်ယာလုပ်ကိုင်သူများ မရှိမဖြစ် လိုအပ်နေသေးပြီး ၎င်းတို့အား အကာအကွယ်ပေးရန် လိုအပ်နေကြောင်း၊ ၎င်းတို့သည် ဈေးကွက်နှင့် လယ်ယာမြေ သီးနှံစိုက်ပျိုးစာရိတ် ချေးငွေ အထောက်အပံ့များ ရရှိရန် လိုအပ်ကြောင်းလည်း တွမ် မာလင်နော့စကီးက ဆိုသည်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၌ ဇန်နဝါရီလ ၁၃ ရက်နေ့က တိုင်းရင်းသား အဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့သည်။
ထို့အပြင် အမေရိကန် လူ့အခွင့်အရေး ကိုယ်စားလှယ်အဖွဲ့သည် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်များသို့လည်း သွားရောက်ခဲ့ပြီး ကချင်ပြည်နယ်တွင်း စစ်ပြေးရှောင် နေရပ်စွန့်ခွာ ဒုက္ခသည်များ၊ ရခိုင်ပြည်နယ်တွင်းရှိ ရခိုင်နှင့် ဘင်္ဂါလီ ဒုက္ခသည်များကိစ္စ သွားရောက် လေ့လာခဲ့သည်။
“ကချင်ပြည်နယ်မှာတုန်းက ကျနော် လူတွေကိုပြောခဲ့တာက ကျနော်တို့ အနေနဲ့ကတော့ အားလုံးအတွက် ဂုဏ်သိက္ခာနဲ့ တရားမျှတမှုတွေ သယ်ဆောင်ပေးမယ့် ငြိမ်းချမ်းရေးဆိုတဲ့ ဒီတခုအပေါ် ၂ ဖက်လုံးက စွန့်စားကြဖို့ အားပေးသွားမယ် ဆိုတာပါပဲ” ဟု တွမ် မာလင်နော့စကီးက သူ၏ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြထားသည်။