မန္တလေးမြို့တွင် ဒေသဆိုင်ရာ လူထုစည်းဝေးပွဲကို ယနေ့ မဟာမြတ်မုနိ ဘုရားကြီး၊ အလယ်တိုက်ကြီးအနီးရှိ ကွင်းပြင်တွင် ပြုလုပ်ပြီး လူထုတထောင်နီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူထုအစည်းအဝေးကို ရွှေဝါရောင် သံဃာကွန်ရက် အထက်ဗမာပြည် မန္တ္တလေး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ္ဂများ အဖွဲ့ချုပ်နှင့် နိုင်ငံရေး အင်းအားစုများ ပူးပေါင်း ကျင်းပကြကြောင်း သိရှိရသည်။
အဆိုပါ အစည်းအဝေးပွဲတွင် မြန်မာတဝန်း ဖြစ်ပေါ်နေသည့် လယ်ယာမြေ၊ အလုပ်သမားလစာ သတ်မှတ်ပေးရေးနှင့် ပညာရေး ပြဿနာများကို နိုင်ငံတော် အစိုးရအနေဖြင့် ဦးစားပေး ဖြေရှင်းပေးရန် တင်ပြသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ဆုံးရှုံးနစ်နာနေသည့် နိုင်ငံသား အခွင့်အရေးများကို ပြည်သူများ သိရှိအောင်လည်း တင်ပြသွားမည် ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ကိုမိုးထက်နေ က ဧရာဝတီသို့ ပြောသည်။
“အဓိကတော့ တနိုင်ငံလုံးဆိုင်ရာ ဖြစ်နေတဲ့ ပြဿနာတွေကို တင်ပြတာပါ။ အများဆုံးကတော့ လယ်ယာမြေ သိမ်းခံရတာတွေ၊ လယ်ယာမြေကြောင့် ဖမ်းဆီးခံရတာတွေ တင်ပြတာ များပါတယ်။ အစိုးရအနေနဲ့ ဒီမိုကရေစီ နိုင်ငံကို သွားမယ်ဆိုရင် လယ်ယာမြေ၊ အလုပ်သမား၊ ပညာရေးကို အဓိက ဖြေရှင်းပေးဖို့ လိုပါတယ်” ဟု ကိုမိုးထက်နေက ဆိုသည်။
ယင်းစည်းဝေးပွဲသို့ မန္တလေးမြို့ အနီးတဝိုက်ဖြစ်သည့် မတ္တရာမြို့၊ စဉ့်ကူးမြို့၊ မုံရွာမြို့နှင့် လက်ပံတောင်းတို့မှ ပြည်သူများ တက်ရောက်လာကြကြောင်းနှင့် အစည်းအဝေးမှ ရရှိလာသည့် ထုတ်ပြန်ချက်ကို လွှတ်တော်နှင့် သံရုံးများကိုပါ ပေးပို့သွားမည်ဟု သိရသည်။
“ပြသနာတွေပေါင်းစုံ နေရာတိုင်းမှာ ဖြစ်နေတာတွေဟာ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မခိုင်မာလို့ပဲ။ ဒါ့အပြင် ဒါဟာ အစိုးရက ပြည်သူတွေအပေါ် တကယ်မေတ္တာ စေတနာမရှိလို့ပဲ။ လိုအပ်နေတာက ပုဒ်မ ၄၃၆ ကို ပြင်ဖို့ပါပဲ။ ဒါကို ပြင်ပြီးမှသာ ဒီပြဿနာတွေကို ရှင်းပေးနိုင်ပါလိမ့်မယ်” ဟု ရွှေဝါရောင် သံဃကွန်ရက် အထက်ဗမာပြည် (မန္တလေး) ဆရာတော် ဦးသောဘိတက ယနေ့ ပြုလုပ်သည့် ဒေသဆိုင်ရာ လူထုစည်းဝေးပွဲတွင် မိန့်ကြားခဲ့သည်။
ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဟု ပြောနေသည် အစိုးရအနေဖြင့် မန္တလေးဒေသ ပြည်သူများပြောသည့် အသံကို နားထောင်ပေးရန် အကောင်အထည် ဖော်ပေးရန် တိုင်းပြည် ပြည်သူလူထုအပေါ် မေတ္တာ စေတနာ ထားပေးပါရန် တိုက်တွန်းလိုကြောင်းလည်း ဆရာတော် ဦးသောဘိတက ထပ်မံ မိန့်ကြားသည်။
ဆက်လက်ပြီး ဗကသ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ အဖွဲ့ဝင် ကို နန္ဒစစ်အောင်က “ ကျနော်တို့ ဆက်ပြီး လုပ်သွားမယ့် ကျောင်းသားသပိတ်တွေဟာ နောင်လာမယ့် ကျောင်းသားပြည်သူရဲ့ ပညာရေးအတွက် အရေးကြီးပါတယ်။ ဒီအတွက် လာမယ့် ရက် ၆၀ ကျော် သပိတ်မှာ မိဘ ပြည်သူလူထု တရပ်လုံးက ပူးပေါင်းပါဝင်ကူညီဖို့၊ ကျနော်တို့ ကျောင်းသားထုကို ဝန်းရံပြီး အမျိုးသားပညာရေးအတွက် တိုက်ပွဲကို၊ သပိတ်ကို ဆင်နွှဲကြပါစို့လို့ တိုက်တွန်းချင်ပါတယ်” ဟု ယင်းပွဲတွင် ပြောကြားခဲ့သည်။
ယခု လက်ရှိ မြန်မာနိုင်ငံတွင် ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုကို အခြေခံပြီး ပြဿနာများ ဖြစ်နေကြကြောင်း၊ ဘာသာ လူမျိုး ဘယ်လိုကွဲကွဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှသာ တိုင်းပြည် ငြိမ်းချမ်းတည်ငြိမ်မည် ဖြစ်ကြောင်း မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် ဦးအရိယာဝံသက မိန့်ကြားသည်။
စည်းဝေးပွဲ ထုတ်ပြန်ချက်တွင် လက်ပံတောင်း ကြေးနီးစီမံကိန်း ဖျက်သိမ်းရန်၊ လယ်သမားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့ခွင့်ပေးရန်၊ အလုပ်သမားပြဿနာများ ဖြေရှင်ပေးရန်၊ ကျောင်းသား ပညာရေး သမဂ္ဂလွတ်လပ်စွာဖွဲ့ပြီး အာမခံပေးရန်၊ ဒီမိုကရေစီ ပညာရေးအတွက် အစိုးရ၊ လွှတ်တော်တို့နှင့် တွေ့ဆုံပေးရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေးမှာ တိုင်းပြည်၏ လက်ငင်းဖြေရှင်းရမည့် နိုင်ငံရေး ပြဿနာများ ဖြစ်ကြောင်း ဖော်ပြထားသည်။