ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်အတွင်းရှိ ခန်ဇန်ကျေးရွာ၏ နှစ်သစ်ကူးနေ့ကား တိတ်ဆိတ် ငြိမ်သက်နေသည်။ ၂၀၁၄ နှစ်ဟောင်းကို ထားရစ်ခဲ့ပြီး ၂၀၁၅ နှစ်သစ်ကို ကြိုဆိုရန် တွန်းဇန်မြို့နယ်ရှိ ကျေးရွာအသီးသီး၌ ပြင်ဆင် နေကြချိန်တွင် ခန်ဇန်ကျေးရွာရှိ အိုမင်းဟောင်းနွမ်းနေသော ရိုမန်ကက်သလစ် ဘုရားကျောင်းအိုလေးမှာ လူသူ ကင်းမဲ့နေသည်။
ကျေးရွာ၏ အထွတ်အမြတ် နေရာဖြစ်သည့် ခန်ဇန်ရွာ ဘုရားကျောင်းတွင် အလှဆင်ထားခြင်းမရှိ၊ ဘုရာရှိခိုးရန် နှိုးဆော်သည့် ခေါင်းလောင်းထိုးသံမရှိ၊ ခရစ်ယာန် ဓမ္မတေးသီချင်းသံမရှိ၊ သင်းအုပ်ဆရာမရှိ၊ ဘုရားရှိခိုး ဝတ်ပြုသူမရှိ။ ဘုရားကျောင်း အဝင်ဝ တံခါးမကြီးကို သော့ခလောက်တလုံးဖြင့် ပိတ်ထား ပြီး ဒီဇင်ဘာလ၏ ခမ်းနားကြီးကျယ်သည့် ခရစ္စမတ် ပွဲနှင့် နှစ်သစ်ကူးပွဲမှာ ခန်ဇန်ရွာဘုရားကျောင်းနှင့် မသက်ဆိုင်သလို ဖြစ်နေ သည်။
ကျေးရွာလုံးကျွတ် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသော်လည်း နှစ်သစ်ကူးနေ့တွင် ဘုရားရှိခိုး ကျောင်း တိတ်ဆိတ်နေရသည့် အကြောင်းရင်းမှာ လူသားမျိုးနွယ် အညွန့်တုံးစေသည့် ဘိန်းခင်းများက ခန်ဇန်ရွာရှိ ဆုတောင်းဝတ်ပြုသူ အများစုကို သေခြင်းတရားဆီသို့ ခေါ်ဆောင်သွားခဲ့ခြင်းကြောင့်ဖြစ်သည်။
ဤကျေးရွာတွင် အသက် ၃၅ နှစ် အရွယ်ရှိ သည့် ယောက်ျား တဦးတလေမှ မရှိ။ အသက်ကြီးသူ ဟူ၍ အသက် ၇၀ ကျော်သည့် မုဆိုးမ ၃ ဦးသာ ရှိသည်။ ရွာ၌ လူဦးရေစုစုပေါင်း ၂၂ ဦးရှိပြီး အသက် ၁၈ နှစ်အထက် ယောက်ျားလေး ၃ ဦးသာ ရှိလေသည်။ ဒါကြောင့်လည်း ပတ်ဝန်းကျင်ကျေးရွာများက ဤရွာ၏ နာမည်အရင်း ဖြစ်သည့် ခန်ဇန်ရွာဟု မခေါ်တော့ဘဲ “မုဆိုးမရွာ” ဟူ၍ ခေါ်ဆိုကြသည်။
မုဆိုးမရွာဟု ခေါ်ဆိုရသည့်အကြောင်းရင်းမှာ အသက်ကြီးသူ အိမ်ထောင်ဦးစီး ယောက်ျားများအားလုံး ဘိန်းသုံးစွဲခြင်းကြောင့် သေဆုံးကုန်ပြီး မုဆိုးမများနှင့် ၎င်းတို့၏ မိသားစုဝင်များသာ စုပေါင်းနေထိုင်ကြသော ကြောင့် ဖြစ်လေသည်။
မုဆိုးမရွာ သက်တမ်းမှာ နှစ်ပေါင်း ၁၀ဝ ကျော်ရှိခဲ့ပြီး ယခင်က အိမ်ခြေ ၂၀ ကျော်ရှိကာ လူ ပေါင်း ၁၀ဝ ကျော် နေထိုင်ခဲ့သည့် ကျေးရွာတခုဖြစ် ကြောင်း သိရသည်။ ၁၉၉၀ ခုနှစ်ဝန်းကျင်တွင် မုဆိုးမရွာရှိ အိမ်ထောင်ဦးစီး ယောက်ျားများက ဘိန်းစိုက်ပျိုးခဲ့ကြပြီး ၎င်းတို့စိုက်ပျိုးသည့် ဘိန်းသုံးစွဲ ခြင်းကြောင့် မရဏလမ်းသို့ မြန်းခဲ့ရ သည်။
“အရင်က ဒီရွာက ဘိန်းခင်းတွေ စိုက်ကြတယ်။ အိမ်ထောင်ဦးစီး ယောက်ျားတွေက ဘိန်းစိုက်ရင်းကနေ ဘိန်းတွေရှူတယ်။ တဖြည်းဖြည်းနဲ့ ပိုဆိုးလာ ပြီး နောက်ဆုံးကျတော့ ဘိန်းမည်းတွေကို ဆေးထိုးအပ်နဲ့ အကြောထဲကိုထိုးကြတယ်။ အဲဒီမှာ ယောက်ျားတွေ အကုန် သေကုန်တာပဲ” ဟု တွန်းဇန်ဒေသခံ ကိုသွမ်ပီးက ရှင်းပြသည်။
မုဆိုးမကျေးရွာ မူလတန်းကျောင်းတွင် သူငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်း ကျောင်းသား ၃ ဦးသာ ပညာသင်ယူနေပြီး ကျေးရွာရှိ မိသားစုများမှာ ဘိန်းစိုက်ခြင်း၊ ဘိန်းခင်းများတွင် အလုပ်လုပ်ခြင်းနှင့် ချင်းရိုးရာ ဆန်အရက် ချက်ရောင်းခြင်းဖြင့်သာ အသက်မွေးကြသည်။
မုဆိုးမရွာ တည်ရှိသည့် တွန်းဇန်မြို့နယ်မှာ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊ အနောက်ဘက် တွင် မီဇိုရမ် ပြည်နယ်၊ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းတို့နှင့် နယ်နိမိတ်ထိစပ်နေပြီး ချင်းပြည်နယ်တခုလုံးတွင် တောတောင် အထူထပ် ဆုံး၊ လူဦးရေအကျဲပါးဆုံးနှင့် လမ်းပန်း ဆက်သွယ်ရေး အခက်ခဲဆုံး ဒေသတခုဖြစ်ကာ ၁၉၉၀ ခုနှစ် များကတည်းက ဘိန်းစိုက်ပျိုးမှုများ ရှိခဲ့ကြောင်း သိရသည်။
၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်းတွင် စစ်ကိုင်းတိုင်း တမူးနှင့် ကလေးဒေသတို့မှ မူးယစ်ဆေးဝါးနှင့် လက်နက် ရောင်းဝယ်သူများမှ တွန်းဇန်မြို့နယ် အတွင်းရှိ ဝေးလံခေါင်သီသော ကျေးရွာများရှိ ဒေသခံများကို ငွေပေးစည်းရုံး၍ ဘိန်းစိုက်ပျိုးရန် ပံ့ပိုးပေးခဲ့ရာမှ တွန်းဇန်မြို့နယ်အတွင်း ဘိန်းစိုက်ပျိုး ဧက ပိုမိုမြင့်တက် လာခဲ့ခြင်းဖြစ်ကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။
ချင်းပြည်နယ်သည် ယခင်က လောင်းကစား၊ ပြည့်တန်ဆာ၊ ခိုးမှုနှင့် မူးယစ်ဆေးဝါး ကင်းစင်နယ်မြေဖြစ်ခဲ့ သော်လည်း ဘိန်းစိုက်ပျိုးမှုများ ကျယ်ပြန့် လာသည့်အလျောက် ဖလမ်းခရိုင်အတွင်းရှိ တွန်းဇန် မြို့နယ်မှာ ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်း မူးယစ် ဆေးဝါး စိုက်ပျိုးထုတ်လုပ်သည့်၊ ရောင်းဝယ်ဖောက်ကား သုံးစွဲသည့် ဒေသတခု ဖြစ်လာခဲ့သည်။
တွန်းဇန်မြို့နယ်တွင် ဆဲနမ် – ခွေါင်ခန့်ဒေသ၊ မွာလ်ပီး – အန်းလွန် – နိုကိုဗို တောင်ကြောဒေသ၊ ဖိုင်တူ – လုံတပ် လေသာ တောင်ကြောဒေသ၊ ဆာလ်ဇန် – တာ့ဗန် တောင်ကြောဒေသ၊ ကျီခါး – ဆွောင်းဟွေ့ – ဖိုင်ဆက် ဒေသဟူ၍ ဘိန်းစိုက် ပျိုးရာ ဒေသ ၅ ခု ရှိကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာခဲ့သည့် နောက်ပိုင်း ၂၀၁၂ ခုနှစ်က စတင်ကာ ဘိန်းစိုက် တောင်သူ ဦးရေနှင့် ဘိန်းစိုက်ဧက သိသိသာသာ မြင့်တက်လာခဲ့ပြီး လက်ရှိအချိန်တွင် တွန်းဇန်မြို့နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသရှိ ကျေးရွာအားလုံးနီးပါး ဘိန်းစိုက်ပျိုးကြသကဲ့သို့ စစ်ကိုင်းတိုင်းအတွင်းမှ တမူး၊ ခမ်းပတ်ဒေသနှင့် အိန္ဒိယနိုင်ငံ မိုးရေးဒေသမှ လူတချို့လည်း တွန်းဇန် နယ်ရှိ တောင်ကြောများပေါ်တွင် ဘိန်းစိုက်မှုများ လာရောက်လုပ်ကိုင်နေကြောင်း ဒေသခံများက ဧရာဝတီကို ပြောသည်။
“တွန်းဇန်နယ်တဝိုက်မှာ ဘိန်းခင်းစုစုပေါင်း ဆိုရင် ဧက ၁၀ဝ၀ ကျော်လောက်ရှိမယ် ခန့်မှန်းထားတယ်။ တမူး၊ မိုးရေးနဲ့ ခမ်းပတ်ဘက်ကနေ လာစိုက်ကြတဲ့ လူတွေတောင် ရှိတယ်။ မနှစ်ကထက် ဘိန်းခင်းဧရိယာ ပိုတိုးလာ တယ်လို့ ပြောနိုင်တယ်” ဟု တွန်းဇန်မြို့နယ် အတွင်းရှိ ဘိန်းစိုက်သည့် ကျေးရွာ တခုမှ အမည်မဖော် လိုသည့် ရပ်မိရပ်ဖတဦးက ပြောပြသည်။
တွန်းဇန်မြို့အနီးရှိ လုံတပ်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်ပြီး လေသာတောင်ကြော ရှိရာသို့ မိုင် ၂၀ ခန့် လမ်းလျှောက်သွားပါက သဘာဝ အလျောက် လှပစွာဖူးပွင့်နေသည့် တောင်ဇလပ်ပန်းများကို တွေ့ရမည် ဖြစ်သလို တောင်ကမ်းပါးယံများ၊ ဆင်ခြေလျှောများတွင် စိုက်ပျိုးထားသော စိမ်းစိုနေသည့် ဘိန်းခင်းများ ကိုလည်း မြင်တွေ့ရမည် ဖြစ်သည်။
တွန်းဇန်နယ်ရှိ ဘိန်းတောင်သူများမှာ ဘိန်း စိုက်ပျိုးရန်အတွက် နှစ်စဉ် ဧပြီနှင့် မေလများတွင် သစ်ပင်ကြီးများ ကို ချိန်းဆော ခေါ် လွှစက်ဖြင့် ဖြတ်တောက်ခုတ်ထွင် မီးရှို့ကြပြီး ဇူလိုင်လတွင် ဘိန်းစိုက်မည့်မြေနေရာကို ပေါင်းသတ်ဆေးဖျန်း၍ ရှင်းလင်းကြသည်။ ဩဂုတ်လနှင့် စက်တင်ဘာလ တို့တွင် ဘိန်းမျိုးစေ့များ ကြဲပက်ပြီးနောက် ဒီဇင်ဘာလမှ မတ်လအထိ ဘိန်းအစေးခြစ်ယူကာ ဧပြီလ အရောက်တွင် နောင်နှစ် ဘိန်းစိုက်ရန် ပြင်ဆင်လေ့ ရှိကြသည်။
“ဘိန်းစိုက်ဖို့ လူတဖက်မကရှိတဲ့ သစ်ပင်ကြီးတွေ၊ တောတွေ ခုတ်တဲ့အတွက် သစ်တောတွေ တဖြည်းဖြည်း နည်းလာပြီ။ တောကောင်တွေလည်း အရင်ကထက် ပိုနည်းသွားပြီ” ဟု တွန်းဇန်မြို့နယ် ဖိုင်တူကျေးရွာမှ တောလိုက် မုဆိုးတဦးက ပြောသည်။
သစ်ပင်ခုတ်စရိတ်၊ ပေါင်းသတ်ဆေးစရိတ်နှင့် နေ့စားအလုပ်သမား စရိတ်များ အပါအဝင် ဘိန်း ၁ ဧက စိုက်ပျိုးစရိတ်မှာ မြေနေရာအပေါ် မူတည်၍ ၃ သိန်းကျပ်မှ ၅ သိန်းကျပ်အထိ ကုန်ကျကြောင်း သိရသည်။
သို့သော် တွန်းဇန်မြို့နယ်ရှိ ဘိန်းတောင်သူများ မှာ ဘိန်းစိုက်ရန် ငွေကြေး အရင်းအနှီးအတွက် စိတ်မပူကြပါ။ ကလေးမြို့မှ မူးယစ်ဆေးဝါး ရောင်းဝယ်သူများနှင့် တွန်းဇန်မြို့နယ်ရှိ ဘိန်းစိုက်ကျေးရွာများမှ ငွေကြေး တတ်နိုင်သူများက ဘိန်းစိုက်ရန် ငွေထုတ်ချေးပေး၍ ဖြစ်သည်။ တွန်းဇန်မြို့နယ်ရှိ တောင်ကြောတခုပေါ်တွင် အောင်မြင်သည့် ဘိန်းခင်းတခု ဖြစ်လာရန်မှာ ဘိန်းစိုက် တောင်သူများဘက်မှ လုပ်အားစိုက်ထုတ်ရန်သာ လိုသည့်အခြေအနေဖြစ်သည်။
ရာသီဥတုနှင့် မြေလွှာကလည်း ဘိန်းစိုက်ပျိုးရန် ကောင်းမွန်နေသလို မြေနေရာမှာလည်း လူသူ အရောက် အပေါက်နည်းသည့် တောတောင် ထူ ထပ်ရာ နေရာဖြစ်နေသည်။ ဘိန်းစိုက်ရန် ငွေကြေး ထုတ်ပေးသူ အရန်သင့် ရှိနေပြီး ဝယ်မည့်သူကလည်း အသင့်စောင့်နေသည့် အခြေအနေတွင် တွန်းဇန် နယ်သားတို့အဖို့ ဝင်ငွေနည်းပါးပြီး ပိုမိုပင်ပန်းသည့် တောင်ယာသီးနှံ စိုက်ပျိုးဖို့ အာရုံမကျတော့ဘဲ နွေရောက်သည်နှင့် ဘိန်းစိုက်ဖို့သာ ပြင်ဆင်ကြတော့သည်။
“အခုဆို တွန်းဇန်မြို့နားက ရွာတချို့ဆို တောင်ယာ မစိုက်တော့ဘူး။ တရွာလုံးမှာ မုဆိုးမ အိမ်တွေကလွဲရင် ကျန်တဲ့အိမ်အကုန်လုံး ဘိန်းစိုက် နေကြပြီ။ ဘိန်းကရတဲ့ငွေနဲ့ အာလူးတို့ မုန်ညင်းတို့ ပြန်ဝယ်စား နေကြတယ်” ဟု တွန်းဇန်ဒေသခံတဦးက ပြောသည်။
ဘိန်းတောင်သူ တချို့ဆိုလျှင် ဘိန်းစိုက်ချိန် ဩဂုတ်လ၊ စက်တင်ဘာလ ရောက်သည်နှင့် ဘိန်းခင်းအနီး တည်ဆောက်ထားသည့် တဲဆီသို့ အိုးခွက် ပန်းကန်များနှင့်အတူ တီဗီ၊ ဗီစီဒီစက်နှင့် နေရောင် ခြည် စွမ်းအင်သုံး ဆိုလာပြားများပါ ယူဆောင်သွားပြီး နေ့ဘက်ဆိုလျှင် ဘိန်းစိုက်၍ ညဘက်တွင် ဗီဒီယိုကြည့်ကာ အပန်းဖြေကြ သူများပင် ရှိလေသည်။
တချို့ကလည်း ဘိန်းခင်းစောင့်တဲတွင် စားနပ် ရိက္ခာအတွက် ကြက်၊ ဝက်များ မွေးမြူထားပြီး မုန်ညင်း၊ ရွှေဖရုံ သီး၊ ငရုတ်စသည့် သီးပင်စားပင်များ စိုက်ပျိုးကာ ဘိန်းစိုက်ရာသီ ပြီးဆုံးချိန်အထိ ဘိန်းခင်းမှာပင် ချက်ပြုတ် စားသောက်၍ နေထိုင်ကြသူများလည်း ရှိသည်။
ထို့အပြင် ဘိန်းခင်း၌ နေ့စား လုပ်ကိုင်သူများကိုလည်း ဘိန်းခင်းပိုင်ရှင်များက စရိတ်ငြိမ်း တနေ့ လျှင် ၅၀ဝ၀ မှ ၇၀ဝ၀ ကျပ်အထိ လုပ်အားခပေး ခိုင်းစေပြီး ဘိန်းခင်းဧက တိုးချဲ့စိုက်ပျိုးမှုများ လုပ်ဆောင်ကြသည်။
ဘိန်းပင်များမှ အစေးခြစ်ပြီးနောက် ဘိန်းစိုက်ရာသီ ပြီးဆုံးချိန်တွင် အရင်းအနှီး ထုတ်ပေးထားသည့် ငွေကြေး များကို ငွေဖြင့်ပြန်လည် ပေးဆပ်ခြင်းထက် အစေးခြစ်ထားသော ဘိန်းမည်း အလေးချိန်ဖြင့်သာ ပြန်လည် ပေးဆပ်လေ့ရှိကြသည်။
“ဘိန်းအစေးခြစ်ရာမှာ အိန္ဒိယဘက်ကနေဝင်တဲ့ ခိုင်နီးဆိုတဲ့ ငုံဆေးဘူးတွေနဲ့ ခြစ်ကြတယ်။ ဘိန်း စိုက်ဖို့ ထုတ်ပေးတဲ့ ငွေကိုလည်း အဲဒီခိုင်နီးဘူးနဲ့ တွက်ချက်ပြီး ပေးတယ်။ ခိုင်နီး ၁ ဘူးကို ၁ ကျပ်ခွဲ သားအဖြစ် သတ်မှတ်ပြီးတော့ ဘိန်းမည်းပေါက်ဈေး နဲ့ တွက်ပြီး ယူထားတဲ့ငွေကို ပြန်ဆပ်ရတယ်” ဟု တွန်းဇန်မြို့နယ် ဖိုင်တူကျေးရွာမှ ဘိန်းစိုက်တောင်သူ မိသားစုနှင့် နီးစပ်သူတဦးက ပြောပြသည်။
တွန်းဇန်မြို့နယ်မှ ထွက်ရှိသည့် ဘိန်းမည်းများ ကို အိန္ဒိယ – မြန်မာနယ်စပ်ရှိ အိန္ဒိယဘက်ခြမ်းမှ မိုးရေးမြို့၊ စစ်ကိုင်းတိုင်း တမူးမြို့၊ ခမ်းပတ်မြို့၊ ကလေးမြို့တို့မှ ဘိန်းကုန်သည်များက တွန်းဇန်နယ်သို့ လာရောက် ဝယ်ယူလေ့ရှိကြောင်း ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်လွင်က ဧရာဝတီကို ပြောသည်။
“တွန်းဇန်က ဘိန်းမည်းတွေကို ခမ်းပတ်က လာဝယ်တယ်။ ကလေးဒေသက လာဝယ်တယ်။ တမူးဒေသ ဘက်က လာဝယ်တာလည်း ရှိသလို သွားရောင်းတာလည်း ရှိတယ်။ လမ်းကြောင်းကလည်း ဘိန်းခြစ်တဲ့ နေရာတွေနဲ့ ဆက်စပ်ပြီး တောင် ကြောတွေပေါ်က ဖြတ်ဆင်းတဲ့ တောလမ်းကြောင်း တွေကို သုံးတယ်။ အဓိက လမ်းမကြီးတွေကို မသုံးဘူး။ ဘိန်းမည်းတွေကို သစ်ခုတ်တဲ့၊ ရွှေထုတ်တဲ့ ဟုမ္မလင်းဒေသဘက်ကို ဖြတ်သယ် ကြတယ်။ အဲဒီမှာက ဘိန်းမည်းက အသုံးများတယ်လေ” ဟု သူက ပြောသည်။
၂၀၁၀ ပြည့်နှစ်ဝန်းကျင်က အိန္ဒိယနိုင်ငံ ဘက်ခြမ်းမှ ဘိန်းမည်း ဝယ်ယူမှုများသည့်အတွက် ဘိန်းမည်း တပိဿာလျှင် ၁၂ သိန်းကျပ်မှ သိန်း ၃၀ အထိ ပေါက်ဈေးရှိခဲ့သော်လည်း ယခုနှစ်တွင် အိန္ဒိယနိုင်ငံဘက်မှ ဝယ်လိုအား ကျဆင်းသွားသည့် အတွက် တွန်းဇန်မြို့နယ်၌ ဘိန်းမည်း ၁ ပိဿာလျှင် ၇ သိန်း ကျပ်သာ ပေါက်ဈေးရှိကြောင်း သိရသည်။
ယခုနှစ်တွင် ဘိန်းမည်းဈေး ကျဆင်းနေသော် လည်း တောင်ယာစိုက်ပျိုးခြင်းထက် ဘိန်းစိုက်ခြင်းက ငွေကြေး အကျိုးအမြတ် ပိုမိုရရှိခြင်း၊ ဘိန်းပင်မှာ စိုက်ပျိုးရ လွယ်ကူပြီး ပင်ပန်းမှု သက်သာခြင်းများကြောင့် တွန်းဇန်နယ် တဝိုက်တွင် ဘိန်းစိုက်ခြင်းကသာ ရေပန်းစားနေဆဲဖြစ်သည်။
တွန်းဇန် မြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှု တိုးပွားလာသည့်အလျောက် ဒေသခံ လူငယ်များမှာ ဘိန်းသုံးစွဲရင်း မူးယစ်ဆေးဝါး၏ သားကောင်ဘဝသို့ တစတစ ရောက်ရှိခဲ့ကြသည်။
“ဘိန်းခင်းတွေမှာ အလုပ်ဝင်လုပ်တဲ့ လူငယ်တွေ ဘိန်းစွဲကုန်တယ်။ ဘိန်းစေးခြစ်လိုက်၊ လက်ဖဝါးမှာပေရင် လျှာနဲ့လျက်လိုက်နဲ့ စွဲကုန်တာပေါ့။ လက်ရှိမှာ အသုံးများတာကတော့ ဘိန်းကို ခတ်ပုံ လုပ်ပြီး ရှူတာပေါ့လေ။ စားတာနဲ့ အကြောထဲ ထိုးတာလည်း ရှိလာနေပြီ။ အရင်တုန်းက ဘိန်းရှူ တာတွေက တောဘက်မှာပဲ ရှိပေမယ့် အခုဆို တွန်းဇန်မြို့ပေါ်က လူငယ်တချို့တောင် ဘိန်းစွဲကုန် ပြီ” ဟု တွန်းဇန်မြို့နယ် ဇိုလူငယ်အသင်း ဦးဆောင် ကော်မတီဝင် ကိုခန်လျန်းကပ်က ပြောသည်။
မုဆိုးမကျေးရွာမှ လူလတ်ပိုင်းနှင့် လူငယ်ပိုင်း အရွယ် ယောက်ျားလေး၊ မိန်းကလေးများပင်လျှင် ဘိန်းခင်းများ အတွင်း အလုပ်လုပ်ရင်း မူးယစ်ဆေးဝါး နွံထဲသို့ ရောက်ရှိနေခဲ့ကြသည်ကို တွေ့ရသည်။
“ဘိန်းခင်းထဲမှာ အလုပ်လုပ်ရင်း အစေးခြစ် ရင်းနဲ့ စွဲသွားတာပေါ့နော်။ အခင်းထဲမှာ အလုပ်ပင်ပန်းတယ်လေ။ ဘိန်းရှူလိုက်ရင် အလုပ်လည်း လုပ်နိုင်တယ်။ ပင်ပန်းတာလည်း ပျောက်တယ်။ မကောင်းမှန်း သိပေမယ့် စားဝတ်နေရေးအရ ဘိန်း စိုက်ရင်း၊ အလုပ်လုပ်ရင်းနဲ့ စွဲသွားတာပေါ့” ဟု မုဆိုးမရွာမှ အမျိုးသမီးတဦးက ပြောသည်။
ချင်းပြည်နယ်၊ တွန်းဇန်မြို့မှ ထွက်ရှိသည့် ဘိန်းမည်းများမှာ စစ်ကိုင်းတိုင်း ကလေးမြို့နှင့် အနီးတဝိုက် ကျေးရွာများ ဆီသို့လည်း ကျယ်ပြန့်စွာ ရောက်ရှိနေပြီး သုံးစွဲသူ တဖြည်းဖြည်း များပြားလာ နေကြောင်း ကလေးမြို့ခံများက ပြောပြသည်။
ကလေးမြို့ တောင်ဘက်ခြမ်းရှိ ကျေးရွာကြီး များဖြစ်သော ထိုမာ၊ ရေလဲဦး၊ ကင်ပွန်းချုံ၊ ထောက်ကြန့်၊ နတ်ချောင်း၊ ပေါက်တောစသည့် ကျေးရွာများ နှင့် ဘိန်းစိုက်ရာ လေသာတောင်ကြောနှင့် ဆက်စပ် နေသည့် ရာဇဂြိုလ်၊ ကန်ကြီးရွာများတွင်လည်း မူးယစ်ဆေးသုံးစွဲသူ အများအပြားရှိနေကြောင်း ထိုမာကျေးရွာသား ကိုဖုန်းက ပြောသည်။
“ကျနော်တို့ ကလေးဒေသက ပေါက်တောရွာ အနီးမှာ ရေနံမှော်တခု ၂၀ဝ၉ ခုနှစ်လောက်က ပေါ်လာတယ်။ အဲဒီနောက်ပိုင်း ဘိန်းမည်း သုံးတာတွေ အရမ်းများလာတယ်။ မှော်မှာလည်း သုံးသလို ရွာတော်တော်များများ ကိုလည်း ပြန့်လာတယ်။ ဘိန်းမည်းကို ခတ်ပုံလုပ်ပြီး ရှူကြတာပေါ့။ ၂၀၁၂ လောက်က စပြီးတော့ ဘိန်းဖြူ (နံပါတ်ဖိုး) သုံးတာ များလာတယ်။ လက်ရှိကတော့ အဖြူကြိုက်တဲ့လူ လည်း အဖြူချတယ်။ အမည်းကြိုက်တဲ့ လူကလည်း အမည်းသုံးကြတယ်” ဟု သူက ပြောသည်။
ပါးပါးလှီးထားသည့် ငှက်ပျောရွက် အနုလေးများကို အညိုရောင်ဖြစ်သည်အထိ မီးကင်၍ ဘိန်းမည်းနှင့် နယ်ထားသည့် အရာကို ခတ်ပုံဟု ခေါ်ကြ ခြင်းဖြစ်သည်။ ယင်းခတ်ပုံကို မီးရှို့၍ ကိုကာကိုလာ အချိုရည် ပလတ်စတစ်ဘူး အရွယ်ရှိသည့် ဘူးကလေးများဖြင့် ရှူကြခြင်းဖြစ်သည်။
“ကလေးဒေသမှာ ဆေးသုံးတဲ့လူတွေ ကျေးရွာ တိုင်းလိုလိုမှာ ရှိနေတယ်။ ကျနော်နေတဲ့ရွာမှာဆို လူငယ် ၁၀ဝ မှာ ၅၀ လောက်က မူးယစ်ဆေးသုံးနေကြပြီ။ ဦးသိန်းစိန်အစိုးရ တက်လာတဲ့နောက်ပိုင်းမှာ မူးယစ်ဆေးဝါး ကိစ္စတွေ ပိုဆိုးလာတယ်။ ဘယ်လောက် ဆိုးသလဲဆိုတော့ မူးယစ်ဆေးဝါး လုပ်တဲ့လူတွေကို သတင်းမပေးနဲ့၊ သတင်းပေးရင် ပေးတဲ့လူ ဒုက္ခ ရောက်တယ်။ ရောင်းတဲ့လူက ဒုက္ခမရောက်ဘူး။ အဲဒီလောက်ထိအခြေအနေဆိုးတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်နှင့် ကလေးခရိုင် NLD ပါတီ ဥက္ကဋ္ဌ ဦးဘမင်းက ပြောသည်။
စီးပွားရေး ခက်ခဲကျပ်တည်းမှုကြောင့် စိုက်ပျိုး ခဲ့ကြသည့် ဘိန်းပင်များက ချင်းပြည်နယ်သာမက နယ်မြေချင်း ထိဆက်နေသည့် စစ်ကိုင်းတိုင်း၊ကလေးခရိုင်ရှိ လူငယ်များ၏ အနာဂတ်ကိုပါ ခြိမ်းခြောက် နေပြီ ဖြစ်သည်။
ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့တို့ အနေဖြင့် တွန်းဇန်မြို့နယ်၌ ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် ဘိန်းမစိုက်ရန် ပညာပေးဟောပြောခြင်း၊ ဘိန်းခင်းများ ဖျက်ဆီး ခြင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတချို့ ဖမ်းဆီး အရေးယူခြင်းများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
သို့သော် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ဘိန်း တိုက်ဖျက်ရေးအား သီးခြားလုပ်ငန်းစဉ် တရပ်အနေဖြင့် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးနိုင်ရန် ကူညီ ထောက်ပံ့ပေးခြင်း၊ ဘိန်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက် စွာ ပညာပေးခြင်းနှင့် မူးယစ်ဆေးဝါး စွဲလမ်းနေသူများအား ကူညီစောင့်ရှောက်မှုများ လုပ်ဆောင်ရန် ပျက်ကွက် နေသည်ကို တွေ့ရသည်။
ပြည်နယ်ရဲတပ်ဖွဲ့ အနေဖြင့်လည်း နှစ်စဉ် ဒီဇင်ဘာလအတွင်း လက်လှမ်းမီသည့် ဘိန်းခင်းများ ဖျက်ဆီးခြင်း သာ ပြုလုပ်နိုင်သေးပြီး ဘိန်းစိုက်ပျိုးမှု နှင့် မူးယစ်ဆေးဝါး ရောင်းချမှုတို့အား တင်းကျပ်စွာ ပိတ်ဆို့အရေးယူ ဆောင်ရွက်ခြင်းများ လုပ်ဆောင် ရန် လိုအပ်နေဆဲဖြစ်သည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ သည်ပင် တွန်းဇန်မြို့၌ ရုံးစိုက် ၍ လှုပ်ရှားဆောင်ရွက်ခြင်း မရှိသေးဘဲ မူးယစ် ဆေးဝါး ရောင်းဝယ်မှုများ တားဆီးအရေးယူခြင်းကို ဒေသဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ကသာ တာဝန်ယူထားရသည်။
ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုအပေါ် အစိုးရက တင်းကြပ်စွာ အရေးယူ ဆောင်ရွက်ခြင်း မရှိသည့်အချက်က ဘိန်း စိုက်တောင်သူဦးရေကို ပိုမိုတိုးပွားစေပြီး ဘိန်းစိုက် ဧရိယာကိုလည်း ပိုမိုကျယ်ပြန့်လာစေသည့် အကြောင်း ရင်းတခု ဖြစ်နေသည်။
“အစိုးရဌာနဆိုင်ရာ အရာရှိတွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေလို့သာ မူးယစ်ဆေးဝါးတွေ ကျယ် ကျယ်ပြန့်ပြန့် ဖြစ်လာတယ်၊ မူးယစ်ဆေး သုံးစွဲမှုတွေ ပိုများလာတယ်လို့ မြင်တယ်။ နိုင်ငံရေးသမားတယောက် အိတ်ကပ် ထဲက စာရွက်တရွက်တောင် ဖမ်းနိုင်သေးတဲ့ လူတွေက ဒီလောက် ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါးကို မဖမ်းနိုင်ဘူး ဆိုတော့ မူးယစ်ဆေး ကိစ္စမှာ ဘယ်သူတွေ ပါဝင်ပတ်သက်နေသလဲဆိုတာ အဖြေကရှင်းနေတာပဲ။ ဒါက အားလုံးသိတဲ့လျှို့ဝှက်ချက်ပါ”ဟု ကလေးခရိုင် NLD ပါတီဥက္ကဋ္ဌ ဦးဘမင်းက ပြောသည်။
ပြည်နယ်ရဲတပ်ဖွဲ့ အနေဖြင့် ဘိန်းစိုက်နိုင်ရန် ကူညီထောက်ပံ့ပေးနေသူများကို အရင်ဆုံး ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ကြောင်း ဘိန်းစိုက်တောင်သူများကိုမူ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးနိုင်ရန် ကူညီပေးခြင်း၊ ဘိန်းနှင့် မူးယစ်ဆေးဝါး အန္တရာယ် ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးမှသာ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်လွင်က ပြောသည်။
“အဓိက ကတော့ ပညာပေးမယ်၊ ကူညီ ထောက်ပံ့ပေးမယ်၊ ပြီးတော့မှ အရေးယူမယ်။ ဒါမှ fair(မျှတမှု) ဖြစ်တယ်လို့ ထင်တယ်။ ကိုယ်လည်း မပံ့ပိုးနိုင်ဘူး၊ သူ့ဘိန်းခင်းလည်း ဖျက်တယ်၊ သူ့ကိုလည်း အရေးယူ မယ်ဆိုရင် ပြည်သူဘက်ကနေ အစိုးရအပေါ်မှာ အမြင်တိမ်းစောင်းသွားနိုင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားတယ်။ ဒါကြောင့် ကူညီမှုနဲ့ အတူ ပညာပေးမှုနောက်မှ အရေးယူမှုကိုသွားရင် ကောင်းလိမ့်မယ် ထင်တယ်လို့ တင်ပြတဲ့အခါမှာ သူတို့ (ချင်းပြည်နယ် အစိုးရအဖွဲ့) လည်း လက်ခံထားတယ်”ဟု သူက ပြောသည်။
ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးအတွက် ကူညီ ပံ့ပိုးခြင်း၊ ပညာပေးခြင်း၊ အရေးယူခြင်းစသဖြင့် တဆင့်ချင်း လုပ်ဆောင်သွားပါက ချင်းပြည်နယ်တွင် ၃ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ပပျောက်သွားမည်ဟု ရဲမှူးကြီး မြင့်လွင်က မျှော်မှန်းထားသည်။
ချင်းပြည်နယ် အစိုးရအနေဖြင့် လာမည့် ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာရေးနှစ် စတင်ချိန် ဧပြီလမှ စ၍ တွန်းဇန်မြို့နယ် တွင် အာလူး၊ ဝါးဥစသည့် ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးနိုင်ရေး ကူညီပေးသွားမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦးက ပြောသည်။
“အစိုးရသစ် တက်တဲ့အချိန်မှာ ဝန်ကြီးချုပ် ကိုယ်တိုင် ကျီခါးရော၊ တွန်းဇန်ရော သွားပြီးတော့ ဘိန်းမစိုက်ဖို့ အတွက် လူထုကို ရှင်းပြတာတွေ ပညာပေးမှုတွေ လုပ်ခဲ့တယ်။ ပညာပေးကာလတွေ လည်း ကျော်လွန်နေပါပြီ။ ဒါကြောင့် ဆုပေး၊ ဒဏ် ပေးစနစ်ပေါ့လေ၊ တဖက်ကလည်း အစားထိုးသီးနှံ ဖြစ်တဲ့ အာလူးတို့၊ ဝါးဥတို့စိုက်ဖို့ ကူညီပေးမယ်၊ တဖက်မှာလည်း ဘိန်းစိုက်ရင် အရေးယူတာတွေ လုပ်သွားမှာဖြစ်ပါတယ်” ဟု သူက ပြောသည်။
လက်ရှိတွင် ပြည်နယ်အစိုးရ ကြီးကြပ်မှုဖြင့် တွန်းဇန်မြို့မှ ဘိန်းစိုက်ပျိုးရာ လေသာတောင် ကြောပေါ်မှ ဖြတ်၍ စစ်ကိုင်းတိုင်း ရာဇဂြိုလ်မြို့သို့ သွားရောက်သည့် ကားလမ်းသစ်တခု ဖောက်လုပ်နေ ပြီး ကားလမ်းပြီးသွားပါက ဘိန်းစိုက်ပျိုးမှုကို ပိုမို ထိန်းချုပ်နိုင်မည် ဖြစ်သလို ဒေသခံတို့၏ တောင်ယာထွက် သီးနှံများကိုလည်း ဈေးကွက် သို့ အချိန်မီ တင်ပို့ရောင်းချလာနိုင်မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဇော်မင်းဦးက ဆိုသည်။
ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုကို ထိန်းချုပ်နိုင်ခြင်း မရှိပါက ရာဇဝတ်မှုများ ပိုမိုထူပြောလာမည် ဖြစ်သလို မိမိတို့ ချင်းမျိုးနွယ်ပင် ပျောက်ကွယ်သွားနိုင်ကြောင်း တွန်းဇန်ဒေသခံများက ပြောဆိုကြသည်။
“ဘိန်းနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေ အမြန်ဆုံးနဲ့ အထိရောက်ဆုံး လုပ်နိုင်ပါစေလို့ ကျနော် တော့ အမြဲဆုတောင်းတယ်။ အဲဒါ မှ ကျနော်တို့ လူငယ်မျိုးဆက်တွေအတွက် စိတ်အေးရမယ်။ မဟုတ်လို့ ကတော့ မုဆိုးမရွာလိုမျိုး အိမ် ထောင်ဦးစီးတွေ ဘိန်းသုံးလို့ သေကုန်တဲ့ရွာတွေ ကျနော်တို့ ပြည်နယ်မှာ အများကြီး ပေါ်လာနိုင် တယ်။ နောက်ဆုံးမှာ ချင်းမျိုးနွယ်တောင် ပျောက် ကွယ်သွားနိုင်တယ်” ဟု တွန်းဇန်မြို့သား ကိုခန် လျန်းကပ်က ၎င်း၏ စိုးရိမ်မှုကို ပြောပြသည်။
မုဆိုးမကျေးရွာမှ ဘိန်းစိုက်တောင်သူများနှင့် ဘိန်းခင်းများအတွင်း အလုပ်လုပ်နေသူများကတော့ ၎င်းတို့ ကျေးရွာ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးပါက ဘိန်းစိုက်ပျိုးခြင်းကို စွန့်လွှတ်သွားမည်ဟု ပြောသည်။
“ကျနော်တို့က ဘိန်းကိုစိုက်ချင်လို့ စိုက်တာ မဟုတ်ပါဘူး။ စားဖို့မရှိလွန်းလို့ စိုက်ကြတာပါ၊ တောင်ယာ စိုက်တော့လည်း ရွာကို ကားလမ်း မပေါက်တော့ အာလူးပိဿာချိန် ၅၀ ထွက်ရင် တောင် တွန်းဇန်မြို့ကို သယ်ပြီးတော့ မရောင်းနိုင်ဘူး။ ကိုယ်သယ်နိုင်တဲ့ အာလူး ၁၀ ပိဿာလောက်ကို ၇ မိုင်ဝေးတဲ့ ဖိုင်တူရွာ အထိထမ်းပြီးရောင်းမှ ငွေလေးနည်းနည်းပဲရတော့ ဘယ်မှာ စားလောက်ပါ့မလဲ။ ရွာအထိ ကားလမ်းဖောက် ပေးမယ်၊ ရွာမှာ ဖုန်းတလုံးမှမရှိလို့ ဆက်သွယ်ရေးအတွက် ဖုန်းချ ပေးမယ်ဆိုရင် ဘိန်းကိုဘယ်တော့မှ မလုပ်တော့ဘူး လို့ ကျနော်တို့ ကတိပေးနိုင်တယ်” ဟု မုဆိုးမ ကျေးရွာမှ ကိုမန်လျန့်ခိုင်က ပြောသည်။
၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်သို့ ကူးပြောင်းသည့် ည ၁၂ နာရီအချိန်တွင် တွန်းဇန်နယ်မှ ကျေးရွာ တိုင်းလိုလို သေနတ်များပစ်ဖောက်၍ ပျော်ရွှင် မြူးထူးစွာ နှစ်သစ်ကို ကြိုဆိုနေကြချိန်တွင် ဘိန်းခင်းများက ဖန်တီးပေးခဲ့ သည့် ခန်ဇန်အမည်ရှိ မုဆိုးမရွာလေးမှာ အမှောင်ထုထဲတွင် တိတ်ဆိတ်ငြိမ်သက် နေလေသည်။