ကုလသမဂ္ဂနှင့် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနတို့ က ထိုင်းနိုင်ငံ နယ်စပ်တလျှောက်ရှိ မြန်မာဒုက္ခသည်များကို စစ်ဆေး စာရင်းကောက်ယူသွားမည်ဖြစ်သည်။ ရရှိသော အချက်အလက်များက မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးရန်နှင့် အနာဂတ်တွင် ပိုမိုကောင်းမွန်သော လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးသွားရန် ရည်ရွယ်ချက်နှင့် ဖြစ်သည်ဟုလည်း သိရသည်။
အဆိုပါ အစီအစဉ်ကို ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုလုံးတွင် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ ဒုက္ခသည် စခန်းများတွင် ကာလရှည်ကြာခဲ့သည့် ပြည်တွင်းစစ်ကြောင့် နေအိမ်ကို စွန့်ခွာထွက်ခဲ့ရပြီးနောက် ဒုက္ခသည် စခန်းများတွင် ဆယ်စုနှစ်နှင့်ချီ၍ နေထိုင်ခဲ့ကြရသော မြန်မာနိုင်ငံသား ၁၃၀၀၀၀ ခန့်ရှိပြီး အများစုမှာ ကရင် တိုင်းရင်းသားများ ဖြစ်သည်။
အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လ စခန်းမှ ဥက္ကဌ စောအောနက်စ်က စာရင်းကောက်ယူမှုကို သူ၏ စခန်းတွင် ဖေဖော်ဝါရီလအတွင်းတွင် စတင်ဆောင်ရွက်ဖွယ်ရှိသည်ဟု ဧရာဝတီသို့ပြောသည်။
“သူတို့က ဒုက္ခသည် အရေအတွက်ကို ကောက်ယူလိမ့်မယ်။ ပြီးရင်တော့ အသက် ၁၁ နှစ်နဲ့ အထက်ရှိသူတွေကို မိသားစု အချက်အလက်တွေပါတဲ့ ကတ်ပြားထုတ်ပေးမယ်” ဟု သူကပြောသည်။ ထိုင်းနိုင်ငံ အနောက်ပိုင်း Tak ခရိုင်အတွင်းရှိ မယ်လ ဒုက္ခသည်စခန်းတွင် ဒုက္ခသည် ၄၀၀၀၀ ကျော်ရှိသည်။
စာရင်းကောက်ယူစစ်ဆေးမှု အစီအစဉ်တွင် ဒုက္ခသည်တို့၏ မျက်လုံးစစ်ဆေးမှု၊ လက်ဗွေနှင့် ဓာတ်ပုံများကို မှတ်တမ်း တင်ခြင်းလည်း ပါဝင်မည်ဟုသိရကြောင်း စောအောနက်စ်ကပြောသည်။
အာရှ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ပြောရေးဆိုခွင့်ရှိသူ Vivian Tan က စာရင်းကောက်ယူမှု ၏ ရည်ရွယ်ချက်သည် ရုပ်ပိုင်းဆိုင်ရာအရ စစ်ဆေးအတည်ပြုရန် နှင့် စခန်းများတွင် နေထိုင်သည့် မြန်မာဒုက္ခသည်များနှင့် ပတ်သက်၍ ရှိနှင့်ပြီး မှတ် တမ်းများကို ပြုပြင်မွမ်းမံပြီး ပိုမိုကောင်းမွန်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေး အစီအစဉ်များ ပြုလုပ်ရန်ဖြစ်သည်ဟု ဧရာဝတီသို့ပြောသည်။
“စစ်ဆေးအတည်ပြုမှု အပေါ်မှာလိုက်ပြီးတော့ ဒုက္ခသည်တွေက သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ ထည့်သွင်း ထားတဲ့ data chip တခု ပါဝင်တဲ့ ကတ်ပြားတခု ရရှိမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲက ဘယ်အဖွဲ့အစည်းကိုမှ ထုတ်ပေးခြင်း မရှိတဲ့ ဒီကတ်ပြားက သီးသန့်ဖြစ်ပြီးတော့ မိခင်နိုင်ငံကို ပြန်နိုင်ရေး၊ အနာဂါတ် အကူအညီတွေပေးရေးတွေနဲ့ ဆက်စပ် နေပါတယ်” ဟု Vivian Tan ကပြောသည်။ ထို့ပြင် အဆိုပါကတ်ပြားသည် အစိုးရက ထုတ်ပေးသည့် အသိအမှတ် ပြုစာရွက်စာတမ်း ကို အစားထိုးခြင်း မဟုတ်ကြောင်းနှင့် ကတ်ပြားကိုင်ဆောင်သူများ ထိုင်းနိုင်ငံ တွင် ခရီးသွားရန် သို့မဟုတ် အလုပ် လုပ် ကိုင်နိုင်ရန် အတွက် မဟုတ်ကြောင်းလည်း သူကထပ်ပြောသည်။
တကြိမ်တည်းသာ ပြုလုပ်မည့် စာရင်းကောက်ယူမှုတွင် ဒုက္ခသည်စခန်းများ၌ နေထိုင်သူအားလုံး စာရင်းသွင်းရန်လိုအပ်ပြီး ပျက်ကွက်သူများကို မှတ်ပုံတင်ထားသည့် စခန်းတွင်နေထိုင်သူများစာရင်းမှ ဖယ်ထုတ်မည်ဖြစ်သည်။ ဇန်နဝါရီလ နှောင်းပိုင်း မှ ဧပြီလအထိ ပြုလုပ်မည့် စစ်ဆေးအတည်ပြုခြင်းလုပ်ငန်းတွင် မှတ်ပုံတင်မထားသည့် ဒုက္ခသည်များကို စာရင်းကောက်ယူသွားမည်ဖြစ်သော်လည်း UNHCR တွင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်နိုင်ရန်အတွက် မဟုတ်ကြောင်း လည်း သိရသည်။ UNHCR တွင် မှတ်ပုံတင်ထားသည့် ဒုက္ခသည်များသည် တတိယနိုင်ငံများတွင် အခြေချနေထိုင်ခွင့် အပါအဝင် ခံစားခွင့် များရရှိနိုင်သည်။
ထိုင်းအစိုးရက ဒုက္ခသည်များကို စခန်းများ အပြင်ဖက်သို့ သွားလာနိုင်ရန်နှင့် စားဝတ်နေရေး အတွက် ထိုင်း စက်မှုလုပ်ငန်း များတွင် ဝင်ရောက် အလုပ်လုပ်ကိုင်နိုင်ရန် တောင်ပေါ်နေလူမျိုးစု (Hill tribe) အဖြစ် အသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးရန် စဉ်းစားနေသည်ဟု နယ်စပ်ဒေသမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် နီးစပ်သော သတင်းရင်းမြစ် များက ပြောကြ သည်။
ထိုင်းဥပဒေအရ နယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည် ၁၃၀၀၀၀ အား စခန်းအပြင်ဘက်သို့ ခရီးသွားခြင်းကို တားမြစ်ထားပြီး ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် မရှိပေ။
ယမန်နှစ်က ထိုင်းစစ်တပ်က နယ်စပ်ရှိဒုက္ခသည် အရေအတွက်ကို စာရင်းကောက်ယူခဲ့သည့် အတွက် ဒုက္ခသည်များ ကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်ခြင်းဖြစ်သည်ဟု စိုးရိမ်မှုများဖြစ်ပေါ်ခဲ့သည်။ လွန်ခဲ့သော ၃ နှစ်အတွင်း မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများရှိလာပြီး အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြားတွင် ဒါဇင်နှင့် ချီသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း UNHCR က ဒုက္ခသည်များ နေရပ်သို့ ပြန်ရန် သင့်တော်သည့်အချိန်မဟုတ်သေးဟု သတ်မှတ်ခဲ့သည်။
မေလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း စစ်အစိုးရအဖွဲ့ အကြီးအကဲနှင့် လက်ရှိ ဝန်ကြီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်း Prayut Chan-ocha က ဒုက္ခသည်များကို နေရပ်သို့ ပြန်ရန် တွန်းအားပေးခဲ့ သည်။ မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း ဘန်ကောက်မြို့တွင် တွေ့ဆုံပြီး ထိုကိစ္စကို ဆွေးနွေးခဲ့သည်။
၂၀၁၃ ခုနှစ် အလယ်ပိုင်းတွင်ပြုလုပ်ခဲ့သော စစ်တမ်းတခုတွင် ဒုက္ခသည် အများစုက မြန်မာနိုင်ငံ၏ နယ်စပ် တိုင်းရင်းသား ဒေသများတွင် လက်နက်ကိုင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားမည့် အလားအလာကို စိုးရိမ်သည့် အတွက် နေရပ်သို့ ပြန်ရန် မဝံ့မရဲ ဖြစ်နေကြသည်ဟု ဖော်ပြထားသည်။