နိုင်ငံတကာဧည့်သည်တို့ ဥဒဟိုဝင်ထွက်ကြလျက် စည်ပင်ဖွံ့ဖြိုးနေသည့် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ကြီးတွင် ကျနော်သည် အချိန်ကာလအများစုကို အခန်းအောင်းရင်း ကုန်လွန်စေရသူဖြစ်ပါသည်။
စာဖတ်ခြင်း၊ စာတိုပေစရေးသားခြင်း အွန်လိုင်းမိတ်ဆွေတချို့နှင့် အွန်လိုင်းတွင်အချီအချ အပြန်အလှန် ဆွေးနွေးခြင်း စသည့် ပြုမြဲအလုပ်တို့ဖြင့်သာ ပျင်းရိငြီးငွေ့ဖွယ် ကာလများကို ဖြတ်ကျော်နေသူဖြစ်၏။
ဆိုလိုသည်မှာ ကမ္ဘာလှည့်ခရီးသည်များက နိဗ္ဗာန်ဘုံဟု တင်စားခေါ်ဝေါ်ကြသည့် ဖူးခက်တွင် နေထိုင်သော ကျနော်သည် အပြင်ထွက်ခဲသူဖြစ်၏။
သို့သော် ဧည့်သည်ငတ်နေသူပီပီ မြန်မာမိတ်ဆွေတချို့ ဖူးခက်မြို့ဆီသို့ အလည်အပတ် လာရောက်သည့် သတင်းကြားလျှင်မူ မည်သည့်နေရာတွင် တည်းခိုသည်ဖြစ်စေ တကူးတက သွားရောက်တွေ့ဆုံလေ့ရှိသည်။
ကျနော့်ဇာတိနိုင်ငံ၏ အခြေအနေအရပ်ရပ်ကို နားနှင့်ဆတ်ဆတ် ကြားလိုသည့်ဆန္ဒနှင့် မြို့ခံတယောက် အနေဖြင့် တတ်နိုင်သမျှ ဝတ္တရားကျေလိုသည့် စိတ်အခံကြောင့်ဖြစ်၏။
“ကိုနေမျိုးဇင် ဖူးခက်ကို ရောက်နေတယ် အစ်ကိုကြီး။ သူလည်း တွေ့ချင်တယ်ပြောနေတယ်၊ ဘယ်အချိန်အားတုန်း”
“အားပါတယ်။ ဒီညပဲတွေ့တာပေါ့ကွာ”
လွန်ခဲ့သော သုံးလခန့်ကမူ ပါတောင်ကမ်းခြေမှ ဟိုတယ်ဝန်ထမ်း မောင်နိုင်က ကျနော့်ထံ တယ်လီဖုန်းဆက်လာခဲ့ရာ အထက် ဖော်ပြပါအတိုင်း ဝမ်းမြောက်ဝမ်းသာ ကျနော် တုန့်ပြန်ခဲ့မိသည်။
ကျနော်သည် ကိုနေမျိုးဇင်နှင့် လူကိုယ်တိုင် မဆုံခဲ့ဖူးသော်ငြား အွန်လိုင်းတွင် ဆုံ၍မာကြောင်းသာကြောင်း
တခွန်းစနှစ်ခွန်းစ ပြောဆိုခဲ့ဖူးပါ၏။
သူ့ဘဝသူ့အကြောင်းနှင့် သူ့လုပ်ဆောင်ချက်များအပြင် သူ့ကို ထောက်ခံအားပေးသူများနှင့် သူ့ကိုဆန့်ကျင် အပုပ်ချ တိုက်ခိုက်နေကြသူများ၏ အသံဗလံမျိုးစုံကိုလည်း မီဒီယာများမှတဆင့် ကြားသိနေခဲ့၏။
မှန်ရာကိုဝန်ခံရလျှင် ထိုသို့ကြားသိနေခဲ့သမျှ အခြေအနေအပေါ် မူတည်၍ သူမည်သို့သော လူစားမျိုးဖြစ်သည်
ကျနော် ယတိပြတ်ကောက်ချက် မချနိုင်ခဲ့ချေ။
ထို့ကြောင့် သူနှင့်မျက်နှာချင်းဆိုင် စကားပြောရင်း သူ့စိတ်ဓာတ် သူ့စရိုက်ကို
ကောင်းလေစွဟု မျှော်လင့်ခဲ့ဖူးသည်။ ယခုမူ တိုက်တိုက်ဆိုင်ဆိုင်ပင် သူ ဖူးခက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့လေပြီ။
ထိုသို့လျှင် ကျနော်နှင့် ကိုနေမျိုးဇင် ဖူးခက်မြို့မှ နာမည်ကျော် စင်ထရယ်ကုန်တိုက်ကြီး Central Festival ၏ တတိယထပ် Wine conection အနောက်တိုင်း စားသောက်ဆိုင်တခုမှာ ပထမဦးဆုံးအကြိမ် လူချင်းဆုံမိခဲ့ကြသည်။
အဖော်အဖြစ် ဟိုတယ်မန်နေဂျာ ကိုကျော်ကျော်ခိုင်နှင့်အတူ ချိန်းဆိုထားသည့် စင်ထရယ်ကုန်တိုက်၏
ပထမထပ်ရှိ ရွေ့လျားစက်လှေခါး ခြေရင်းတွင် လူချင်းဆုံမိသည်နှင့် ကျနော် ပထမဆုံး အကဲခတ်မိသည်မှာ
သူသည် တောသားမြို့ရောက်ဟူသော စကားကို သတိရစရာ ကောင်းပါသည်။ သူသည်အရပ် အမောင်း အတန်မြင့်၏။
အသက်လေးဆယ်ဝန်းကျင်ဟု ခန့်မှန်းနိုင်ပြီး စစ်ဗိုလ်လူထွက်ဖြစ်၍ထင့်၊ လှုပ်ရှားသွားလာမှု မြန်ဆန်သွက် လက်သည်။
ဘန်ကောက်နှင့် စင်ကာပူသို့ သူရောက်ဖူးသည်ကို ကျနော်သိနေသည့်တိုင် အတန်ငယ် ခန်းနားသော ဝန်းကျင်အခြေအနေကို သူစိတ်အိုက်လျက် ရှိပုံရသည်။
ကိန်းကြီးခန်းကြီး မနေတတ်သည့် ရိုးရှင်းသော သူ့စိတ်ဓာတ်ကို သူ့စကားများက သက်သေခံလျက်ရှိ၏။
“ကိုနေမျိုးဇင် ခင်ဗျားကြိုက်တာမှာနော်”
“ကျနော်ဘာမှ မမှာတတ်ပါဘူး၊ အဆင်ပြေမယ်ထင်တာသာ လုပ်ပါ”
“ဝိုင်တော့နည်းနည်း သောက်လို့ရမယ် ထင်ပါရဲ့”
“ကျနော်ဟိုတုန်းက အရက်နဲ့မကင်းခဲ့ပါဘူး၊ အခုကျနော်လုပ်နေတဲ့အလုပ်နဲ့ မကိုက်လှတာမို့ မသောက်ပါရစေနဲ့”
“ခင်ဗျားအတွက် ဥရောပအစားအစာတခုခု Set Menu နဲ့ မှာလိုက်မယ်”
“ဟာ … ကျနော် ဓား၊ ခရင်းနဲ့ ဇွန်းတွေ ကောင်းကောင်း မကိုင်တတ်ဘူးနော်”
သူဟန်ဆောင်နေခြင်း မဟုတ်ကြောင်း စားသောက်ဝိုင်းမှာ သူ့လှုပ်ရှားမှု မှန်သမျှ အသေးစိတ်လေ့လာ အကဲခတ်နေသည့် ကျနော်အနေဖြင့် အတန်ငယ် စိတ်မကောင်းဖြစ်မိသည်ကား အမှန်။
ထိုင်းနိုင်ငံ အနှံ့အပြားသို့ ပြဲပြဲစင်အောင် ရောက်ခဲ့သည့် ကျနော်သည် ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်နှင့် ရနောင်း အပါအဝင် ထိုင်းနိုင်ငံ မြို့ကြီးအတော်များများတွင် ပြည်ပရောက် အတိုက်အခံ တော်လှန်ရေး ခေါင်းဆောင်ဆိုသူများ၊ အဝေးရောက် အဖွဲ့အစည်း အသီးသီးတို့မှ တာဝန်ရှိသူအများအပြားနှင့် ကျနော် ကြိမ်ဖန်များ စွာဆုံခဲ့ဖူးလေရာ အများစုမှာ ဟိတ်ကြီးဟန်ကြီးသည့် လူစားတို့များသာတည်း။
ကိုနေမျိုးဇင်ကား ထိုသူတို့နှင့် လုံးလုံးလျားလျား ကွဲပြားလျက်ရှိ၏။ ဖူးခက်တွင် သူရှိနေခဲ့သောရက်များအတွင်း သူသည် ဖူးခက်မြို့အနှံ့မှ မြန်မာရွေ့ပြောင်း အလုပ်သမားအကြားမှာ သူပျော်နေခဲ့သည်။
ရွေ့ပြောင်း အလုပ်သမားတို့ကလည်း သူ့ကို ဝမ်းသာအားရ နွေးထွေးစွာ ကြိုဆိုကြသည်။ ထိုရက်ပိုင်းများအတွင်း ဖေ့စ်ဘွတ်အွန်လိုင်း စာမျက်နှာတချို့တွင် နေမျိုးဇင် ဖူးခက်ကမ်းခြေမှာ အလှူငွေတွေနှင့် အပျော်လိုက်နေပြီဆိုသည့် အခြေအမြစ် မရှိသည့် အမနာပ သတင်းအချို့ကို လည်းဖတ်ရှုရသည်။
ရေးသားကြသူများ အများစုမှာ ကိုနေမျိုးဇင် ကျင်လည်ခဲ့သော တပ်မတော် အဝန်းအဝိုင်းမှပင် ဖြစ်ကြ၍ သူခိုးက လူပြန်ဟစ် ဟူသော စကားကို အမှတ်ရစရာ ကောင်းလှသည်။
မြန်မာပြည်၏ ခေတ်ဆိုးခေတ်ကြပ်ကြီးကို ဖန်တီးခဲ့ကြသော လက်သည်တရားခံတို့သည် ကိုနေမျိုးဇင်အား ယင်းတို့နှင့် ကြံရာပါ မဖြစ်ခြင်းအတွက် အမျက်ဒေါသ ချောင်းချောင်းထွက်ကြဟန် ရှိသည်။
သိက္ခာမဲ့စွာ အပုတ်ချခြင်းကို ထောက်ချင့်၍ သူ့အပေါ် ရန်ငြိုးသိုမှု ပြင်းထန်လှကြောင်း ထင်ရှားသည်။
သူ ဆန့်ကျင်ရုန်းထွက်ခဲ့သော ဝန်းကျင်သည် အမိန့်နာခံမှု အစဉ်အလာကြီးမားသော မြန်မာနိုင်ငံကို ဆင်းရဲတွင်း နက်စေခဲ့သော စစ်ဝါဒီတို့ ကြီးစိုးရာအရပ်ဖြစ်၏။
သူသည် အားပြိုင်မှု နှစ်ခုကြားက လူဖြစ်၏။ လူထု ရွံ့ရှာမုန်းတီးနေသည့် အုပ်စု၏ မျက်နှာစာဘက်မှသည် လူထုဘက်တော်သား အဖြစ် ကူးပြောင်းခံယူခဲ့သူ ဖြစ်သည်။
ဤအတွက် သူ့အပေါ် တဖက်စောင်းနင်း ဝေဖန်တိုက်ခိုက်မှုများမှာ အလေးအနက် စေ့ငုလျှင် ထူးလျက်နှင့် ဆန်းသည်ဟု မဆိုသာလေ။
နေမျိုးဇင်ကို ဆင်းရဲနွမ်းပါးလှသော ရေနံဝန်ထမ်း အဘဦးငွေဇင်၊ မိခင်ဒေါ်ခင်သီတို့မှ ခရစ်သက္ကရာဇ် ၁၉၇၅ ခုနှစ် ဇွန်လ ၁၀ ရက်တွင် ရန်ကုန်မြို့၌ဖွားမြင်ခဲ့သည်။
သူသည် မြန်မာ့တပ်မတော်တွင် ဗိုလ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး မိမိ၏ သဘောဆန္ဒအလျောက် တပ်မှ နှုတ်ထွက်ခဲ့သူဖြစ်၏။
သူ ဖြတ်သန်းခဲ့သည့် သူ့ဘဝပုံရိပ်ကို သူကိုယ်တိုင် စာပန်းချီခြယ်ခဲ့ရာ သူ့စိတ်ဓာတ်သူ့စရိုက်ကို သူ့စာများမှတဆင့် အကဲဖြတ်နိုင်၊ လေ့လာနိုင်သည်။
“ကျနော်ဆိုသော လူသေးသေးလေးကို မွေးမွေးချင်းကပင် လောကဓံက ခပ်ကြမ်းကြမ်း ကြိုဆိုခဲ့ပါသည်။ မျက်စိကောင်းစွာ မမြင်သော အမေစုဆိုသည့် ဝမ်းဆွဲသည် အဖွားအိုက မိခင်ဝမ်းမှ ကျွတ်လွတ် မွေးဖွားလာသော သားကင်းငယ်လေးကို လက်ဖြင့် ဖမ်းမမိလိုက်၊ လွတ်ထွက်သွားသည်။ ဒုန်းကနဲ ကွပ်ပျစ်ပေါ် တစုံတခု ပြုတ်ကျသံနှင့်အတူ ကလေးတဦး၏ ဝါးကနဲ စူးရဲစွာ အော်ငိုသံကြားမှ ကလေး မွေးသွားပြီကို သိလိုက်သည်”
“လူမှန်းသိတတ်စ ငါးတန်း ခြောက်တန်းအရွယ် ကလေးဘ၀ ကျနော့် ပုံရိပ်တွေကတော့ ချွေးနဲ့ မောပန်း နွမ်းနယ်မှုတွေနဲ့ အပြည့်နဲ့ပေါ့လေ။ မုန့်လုံးကြီး အကြော်သည် မိခင်ကြီးအတွက် မနက်သုံးနာရီဆို ဆယ့်တစ်နှစ်သားလေး ကျနော်လည်း အိပ်ရာကထနေရပါပြီ။ မုန့်လုံးကြီးကြော်၊ ပဲကပ်ကြော်၊ ဗယာကြော် စတာတွေကို လဘက်ရည်ဆိုင်တွေအတွက် ဖောက်သည်ပေးပို့ဖို့ အစောကြီး ထကြော်ခဲ့ရတဲ့ မိခင်အတွက် ကျနော်ဟာ နေ့စဉ်မီးမွှေး ဆီအိုးတည် မုန့်လုံးပေးခဲ့သူပါ။ ကျောင်းမသွားခင် အလုအယက် လမ်းတကာ့လမ်း လျှောက်သွား၊ ဗန်ဒါပင်လေးတွေက အရွက်လေးတွေကို လိုက်ခူး လွယ်အိတ်တလုံးနဲ့ ပုဇွန်စာရွက်တွေ လိုက်ရှာခူး၊ ဈေးစည်ကားချိန်ဆို မုန့်ဗန်းကို ခေါင်းမှာရွက် သုဝဏ္ဏဈေးထဲမှာ လှည့်ပတ်ပြီး မုန့်တွေမကုန်မချင်း မုန့်လုံးကြီးကြော်၊ ပဲကပ်ကြော်၊ ဗယာကြော်လို့ တကြော်ကြော်အော်၊ လိုက်ပတ်ရောင်း အမေကို အလုပ်ကူရင်း နေ့ခင်းဘက် ကျောင်းမသွားခင် ကသီလင်တ နေ့စဉ်ဘ၀ ရှုပ်ယှက်ခတ်စွာ ဖြတ်ခဲ့ရဖူးသူပါ”
“ခြောက်တန်းကျောင်းသား ဘဝလည်းရောက်ရော ဆင်းရဲလွန်းတဲ့ မိဘတို့ဘ၀ ရပ်တည်မှုကို မကြည့်ရက်တော့တာနဲ့ ကျနော် ကျောင်းမတက်တော့ဘဲ ပန်းရံ မြေတူးကြုံရာကျပန်း လိုက်လုပ်ပြီး မိဘလုပ်ကျွေးမယ်လို့ ဆုံးဖြတ်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကျောင်းမှာ မနေပျော်တော့ပဲ။ ဘဝကို လေဆန်လှန်ချင်တဲ့ ငယ်စိတ်ကြောင့်လည်းဖြစ်မယ်။ ကျနော် ကျောင်းတက်ဖို့ ငြင်းဆန်ပြီး ကျောင်းမသွား၊ အလုပ်တွေ လိုက်ရှာနေတာ တလကျော် ကျောင်းဖွင့်ရက်တွေ လွန်ကုန်ပါတယ်။ တေပေလေလွင့်ချင်တဲ့ လူငယ်မြီးကောင်ပေါက် တယောက်ရဲ့ဘဝအပေါ် ထင်သလို ထွက်ပေါက်ရှာလိုခြင်းလုပ်ရပ် တခုပါပဲ။
“ကျောင်းခန်းထဲကိုလည်း လွယ်အိတ်အကြီးကြီး အလေးကြီးကိုလွယ်၊ ကားယားကားယားနဲ့ ကျောင်းတက်လာတဲ့ ကျနော့် လွယ်အိတ်ထဲမှာ ဇီးထုပ်တွေ၊ ဇီးပြားတွေ၊ မုန့်ပဲသားရည်စာတွေ ပါပါတယ်။ ကျောင်းသား အချင်းချင်း မုန့်ပြန်ရောင်းပြီး ရလာတဲ့ အမြတ်လေးကသာ ကျနော့် တနေ့စာ မုန့်ဖိုးဖြစ်လေတော့”
“ဒီလိုဘဝသာ ခပ်ကြမ်းကြမ်း ဖြတ်သန်းခဲ့ဖူးပေမဲ့ မိခင်ဖြစ်သူဒေါ်ခင်သီရဲ့ တင်းကြပ်တဲ့ စာရိတ္တသွန်သင် ကြီးကြပ်မှုအောက်မှာ ကျနော်တို့ ညီအစ်ကို ငါးယောက်စလုံးဟာ ရိုးရိုးကျင့် မြင့်မြင့်ကြံ ရိုးသားဖြောင့်မတ်မှုကိုသာ အလေးထားကျင့်ကြံလိုတဲ့ စိတ်ထားတွေ ခိုင်ခိုင်ရရှိခဲ့ပါတယ်”
“ဒါကြောင့်မို့လည်း ထင်ပါတယ်။ ကျနော် ရိုးသားစွာ ဝမ်းစာရှာရတဲ့ ဘယ်အလုပ်ကို မဆို မရှက်မကြောက် လုပ်ရဲ လုပ်တတ်ခဲ့ပါတယ်။ ဘာကိုမှလည်း အားမနာတတ်တာ ဒါကြောင့်လည်းပါပါမယ်”
သူသည် “မြန်မာ့လူနေမှု ဘဝတိုးတက်မြင့်မားရေးကွန်ရက်” ကို ဦးဆောင်ကာ ကျေးလက်ဒေသ လျှပ်စစ်မီး
ရရှိရေး၊ သောက်သုံးရေဖူလုံရေး၊ မိဘမဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရေးစသည့် တောနေလူတန်းစား ပြည်သူလူထု၏ ပညာရေး ကျန်းမာရေးလုပ်ငန်းများအား သူ့ကိုယုံကြည်ထောက်ခံသည့် ပြည်တွင်း ပြည်ပ အလှူရှင်များ၏ အကူအညီဖြင့် တတ်အားသမျှ ဆောင်ရွက်နေသော သတင်းများကိုလည်း အဆက်မပြတ် ကြားသိနေရသည်။
အများစွန့်ခွာနိုင်ရန် ခက်ခဲသည့် အခွင့်ထူးခံအများစု ပျော်မွေ့ရာအရပ်ကို သူကျောခိုင်းခဲ့ပုံကိုလည်း သူ ကိုယ်တိုင်အောက်ပါ အတိုင်းမှတ်တမ်းတင်ခဲ့သည်။
“စစ်အာဏာရှင်ခေတ် အရှိန်အမြင့်ဆုံး ၂၀၀၃ ခုနှစ် ကတည်းက ကျနော် တပ်မတော်ကနေ စစ်မှုထမ်းအဖြစ်မှ မိမိ သဘောအလျောက် နှုတ်ထွက်လိုပါကြောင်း နှုတ်ထွက်ခွင့် တင်ခဲ့ပါတယ်။ ခမရ (၁၉) ဆွာမြို့မှာ ခွဲ(၄) တပ်ခွဲမှူးအဖြစ် ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်ကို စစ်ဆင်ရေးတွေ မကြာခန ထွက်နေရတဲ့ အချိန်ဖြစ်ပါတယ်။ ကျနော့်ကို စစ်ဆင်ရေး မသွားဖူးတဲ့ တပ်ထိန်းလို့ ပြောနေတာ ကြားတော့ ရယ်ချင်မိတယ်။ ကျနော့်အရှေ့က တယောက်ကျော် စစ်သည် မိုင်းနင်းမိတယ်။ ကျနော့် အနောက်ကပ်လျက်က လိုက်လာတဲ့ အထမ်းသမား မိုင်းနင်းမိတယ်။ ကံသီလို့ စစ်အာဏာရှင် စနစ်ဆိုးအမွေအဖြစ် ကျနော့် ခြေနှစ်ဖက် အကောင်းကျန် နေသေးတာ”
“တိုင်းရင်းသားကျေးရွာလိုက် မီးရှို့မှုတွေ စစ်သည် အချင်းချင်းအကြား ပြောနေကြတဲ့ သတ်ကြဖြတ်ကြ မုဒိန်းကျင့်ကြတဲ့ အကြောင်းတွေ။ ကိုယ့်ဘက်ရော တိုင်းရင်းသားတွေဘက်ပါ သေကြကြေကြ၊ ပြတ်ကြ၊ ငိုကြ၊ ဆွေးကြ အံကြိတ်ကြနဲ့ လောကကြီးဟာ နာကျည်းမုန်းတီး ငိုညည်းရှိုက်သံတွေနဲ့ စိုပြေစိမ်းလန်းမှု ကင်းမဲ့လွန်းတဲ့ လူ့ဘုံခန်းနာ (ခန်းဝါမဟုတ်) ရပ်ဝန်းကို အတော်စိတ်ပျက်လွန်းလို့ ထွက်ခွင့်တင်ခဲ့တာ”
“တချို့ကပြောတယ်။ ရှေ့တန်းမှာ သေမှာကြောက်လို့ မင်းတပ်က ထွက်ခွင့်တင်တာ မဟုတ်လားတဲ့။ မှန်တယ်။ သေမှာကြောက်လို့ ဒါပေမယ့် တန်ဖိုးရှိတဲ့ သေခြင်းမဟုတ်ဘဲ ရှေ့တန်းမှာ တိုက်ပွဲကျလို့ ကိုယ်သေသွားတာတောင် သတင်းစာမှာ ကိုယ့်မိဘတွေက ထည့်သွင်းကြော်ငြာခွင့် မရခဲ့တဲ့ လူမသိသူမသိ သေသွားရတာမျိုး မလိုချင်ဘူး”
“စစ်ဗိုလ်ချုပ်တစု စစ်ဦးစီးဌာနက စစ်ဗိုလ်တစု စစ်သုံးမြေပုံကြည့်ပြီး သူတို့ စိတ်ထင်သလိုပေးတဲ့ ဟိုရွာဖျက် ဒီရွာကို မီးရှို့ခဲ့ဆိုတဲ့ အမိန့်တွေ တိုင်းရင်းသားဒေသ မြေပုံညွှန်း အမဲရောင်နယ်မြေအတွင်း အစိတ်သား အရွယ်ကလေးတောင် မချန်နဲ့ တခါတည်း သတ်ပစ်ခဲ့ မြေမြုပ်ပစ်ခဲ့လို့ နှုတ်မိန့်နဲ့ ပြောကြား ခိုင်းစေတဲ့ ရက်စက်တဲ့ အမိန့်တွေ ထင်သလို ခိုင်းတဲ့ သတ်ဖြတ်မှုအမိန့်တွေကို စိတ်ပျက်တယ်”
“ကိုယ့်တိုင်းရင်းသား ဆွေမျိုးအချင်းချင်း စစ်ခင်းသတ်ဖြတ်ပြီး သူပစ်ကိုယ်ပစ်နဲ့ အချည်းနှီး သေဆုံးရမှာမျိုးကိုကြောက်တယ်”
“တကယ်တော့ ကျနော်တပ်မတော်ထဲ ဝင်ခဲ့တာဟာ ပြည်ထောင်စုတရပ်လုံးကို ကာကွယ်စောင့်ရှောက်ချင် လို့ ဝင်တာ။ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုလေးစား ချစ်ခင်စိတ်နဲ့ အသက် ၁၇နှစ် အရွယ်ဘာမှမသိ နားမလည်ပဲ အာဏာရှင်တို့ ခါးပိုက်ဆောင်လုပ်ထားတဲ့ စစ်တပ်ထဲကို မျိုးချစ်စိတ်ဆိုတာ တခုထဲနဲ့ ဝင် ခဲ့မိတာ”
“ငွေကို ရေလိုသုံးနေတဲ့ စစ်ဗိုလ်ချုပ်တွေ အာဏာတန်ခိုးထွားနိုင်ဖို့ အောက်ခြေက ကျနော်တို့ စစ်သား စစ်ဗိုလ်တွေက အသက်နဲ့ရင်းပြီး တိုင်းရင်းသား အချင်းချင်း စစ်ခင်းသတ်ဖြတ် အနိုင်ယူတိုက်ခိုက်ချေမှုန်း ဟိုဘွဲ့ သည်ဘွဲ့ သူရဘွဲ့ လိုချင်လို့ တပ်ထဲဝင်တာမဟုတ်ဘူး”
“တိုင်းရင်းသား ပြည်ထောင်စုတရပ်လုံး အတွက် တန်ဖိုးရှိ အကျိုးရှိမဲ့လုပ်ရပ်မျိုး လုပ်ဆောင်ထမ်းရွက်ရင်း သေဆုံး ကျဆုံးရတာမျိုးကိုသာ အကျိုးရှိသော သေဆုံးခြင်းလို့ ခံယူတယ်၊ ဒါကြောင့် တပ်မတော်ကနေ နှုတ်ထွက်ခွင့်တင်ခဲ့တယ်။
လွန်ခဲ့သော၂၀၁၄ ခုနှစ် အောက်တိုဘာလဆန်းကလည်း ဖူးခက်စာပေဟောပွဲမှာ အော်ပီကျယ်၊ ဂျက် (ကွမ်းခြံကုန်း) တို့နှင့်အတူ သူ့ကို ဒုတိယအကြိမ် ဆုံရပြန်ပါသည်။
နောက်ဆုံး စာပေဟောပြောပွဲညက အခမ်းအနားပြီးဆုံးချိန်သည် ညဉ့်နက်လှပြီဖြစ်၍ အားလုံး ဝမ်းဟာနေကြချိန်တွင် သူသည် ပါတောင်ကမ်းခြေ၌ သဲထဲတွင် ဘီးနစ်နေသောကားတစီးကို မြန်မာရွေ့ပြောင်း အလုပ်သမားများနှင့်အတူ ကူတွန်းရင်း ချွေးသံတရွှဲရွှဲနှင့် ဖြစ်နေခဲ့သည်။
သူမပြန်မီ တရက်အလိုတွင် သူ့ကိုဆန့်ကျင်သူ လူငယ်တစ်ဦး၏ စော်ကားမော်ကား အပြုအမူကို ထုံးစံအတိုင်း ကြုံတွေ့ခဲ့ရသော်ငြား အေးဆေးတည်ငြိမ်စွာပင် သူရင်ဆိုင်ဖြတ်ကျော်ခဲ့သည်။
ဤစာရေးနေချိန်တွင် နေမျိုးဇင်သည် လက်ပံတောင်းတောင် အရေးအတွက် လူထုဘက်မှ ရပ်တည်မှုကြောင့် ထောင်နံရံအတွင်းသို့ ပဉ္စမအကြိမ်မြောက် အလည်ရောက်ရှိနေပြန်လေပြီ။
ခြောက်ပစ်ကင်းသည့် ပုထုဇဉ်ဟူသည် ဘယ်အချိန်ကမျှ လူ့သမိုင်းတွင် မပေါ်ပေါက်ခဲ့ဖူးချေ။
ဤဆောင်းပါးသည် နေမျိုးဇင်အား ဧရာမသူရဲကောင်းအဖြစ် ဈာန်းတင်ရန် ရည်ရွယ်သည် မဟုတ်ချေ။
သူ့လုပ်ရပ်များနှင့် လူထု၏ အဆုံးအဖြတ်သည်သာ အခရာဖြစ်လျက် သူ့သမိုင်းကို ပိုင်းဖြတ်ဖော်ကျူးပေလိမ့်မည်။
ကျနော်တဦးတည်း၏ သဘောဆန္ဒအရဆိုလျှင် သူသည် မြန်မာ့တောနေ ကျောမွဲတို့၏ မျှော်လင့်ချက် ရောင်ခြည် ကောက်ရိုးတမျှင်အဖြစ် လေးစားဂုဏ်ယူလိုပါသည်။
နေမျိုးဇင် သို့မဟုတ် နေကြီး သို့မဟုတ် လူထုက ရွှေဘဟု ချစ်စနိုး ကင်မွန်းတပ်ကြသည့် သူလိုလူမျိုးသည် စစ်ဝါဒီစနစ်ဆိုးကို ဖြိုဖျက်တွန်းလှန်နေချိန်၌ မရှိမဖြစ် လိုအပ်သည်ဟု ကျနော်အလေးအနက် ထင်မြင်ယုံ ကြည်သည်။
သူ့အကြောင်းကို စဉ်းစားမိလေတိုင်း ကျနော်အမြဲလိုလို ကြားယောင်နေသော သူ့စကားတခွန်းရှိ၏။
“ကျနော် ငွေကြေးအသပြာ ရတနာ ပိုင်ဆိုင်မှု စည်းစိမ်တွေဘာမှ မရှိပေမယ့် စိတ်လိပ်ပြာတော့ ရှင်းသဗျာ။ အအိပ်ဖြောင့်တယ်။ အိပ်မက်လှတယ်။ ငြိမ်းချမ်းတယ်။ နှစ်နှစ်ခြိုက်ခြိုက် ကိုယ့်ဘာသာ ပြုံးနေမိတဲ့ အချိန်တွေများတယ်။ ဒီလောက် ချမ်းသာတဲ့ ဘဝကိုပဲ ကျနော်ပျော်တယ်ဗျာ”