အစိုးရ က ရေးဆွဲ အတည်ပြုပြဋ္ဌာန်းထားသော အမျိုးသား ပညာရေး ဥပဒေကို ရက်ပေါင်း ၆၀ အတွင်း ပြင်ဆင်ရေး တောင်းဆိုမှုကို အစိုးရက မလိုက်လျောသောကြောင့် ကျောင်းသားများ၏နိုင်ငံလုံး ဆိုင်ရာ သပိတ်ကို ဇန်နဝါရီလ ၂၀ ရက်နေ့ မန္တလေးမြို့တွင် အခြေပြု စတင်မည်ဖြစ်ကြောင်း သိရှိရသည်။
မနက်ဖြန် စတင်မည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသပိတ် ဆင်နွှဲရန် လတ်တလော နိုင်ငံတဝန်းမှ ကျောင်းသား များ မန္တလေး မြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်သော သပိတ်မှောက် ဆန္ဒပြ ပွဲများတွင် ကျောင်းသားများက စစ်ကြောင်းပုံစံဖြင့် မန္တလေးမှ ရန်ကုန်မြို့အထိ ချီတက်ဆန္ဒပြပွဲများ ပါဝင်မည် ဖြစ်သည့် အပြင် နိုင်ငံတဝန်း မြို့အသီးသီးတွင်လည်း ကျောင်းသားချီတက် ဆန္ဒပြပွဲများ ဆက်တိုက် ပြုလုပ်ရန် ရှိကြောင်း သိရှိ ရသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့၊ နံနက် ၉ နာရီ မန္တလေးမြို့၊ အိမ်တော်ရာ ၁၄ ခန်းဇရပ်မှ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသပိတ် စတင် မည်ဖြစ်ပြီး ကျောင်းသား ၁၀၀ နီးပါးခန့် ပါဝင်မည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မ တီဝင် ကိုမင်းသွေးသစ်က ပြောသည်။
“နယ်က ကျောင်းသားသမဂ္ဂတွေထဲက ၃ ပုံ ၁ ပုံလောက်ကိုပဲ ဒီထဲမှာ ပါဝင်ဖို့ ကျနော်တို့ လုပ်ဆောင်ထားတယ်။ အခု မန္တ လေး က ထွက်မှာက ပင်မ အဖွဲ့ပေါ့။ ကျန်တဲ့ ကျောင်းသားအဖွဲ့ တွေကလည်း သူတို့နည်း သူတို့အစီအစဉ်နဲ့ တက္ကသိုလ် တွေမှာ လှုပ်ရှားမှုတွေ ဆက်လုပ်ကြမယ်” ဟု ၎င်းက ဆိုသည်။
မန္တလေးမှ ရန်ကုန်မြို့အထိ ချီတက်မည့် ပင်မ ကျောင်းသားသပိတ်တပ်ဖွဲ့တွင် ပါဝင်သည့် ကျောင်းသားများ၏ စားသောက် ရေးအတွက် ဖြတ်သန်းသွားမည့် မြို့များမှ နိုင်ငံရေး အင်အား စုများ၏ ကူညီမှုထောက်ပံ့မှုဖြင့် ဖြေရှင်း သွားမည် ဖြစ် ကြောင်း၊ မန္တလေးမှ ရန်ကုန်သို့ ချီတက်ပွဲတွင် မြို့ကြီး ၅ ခုကို ဖြတ်ကျော်ရန်ရှိပြီး အာဏာပိုင်များ၏ တားဆီးခံရလျှင် လည်း သပိတ်ရပ်တန့်မည်မဟုတ်ဘဲ ဆက်လက်ဆင်နွှဲမည်ဖြစ်ကြောင်း ကိုမင်းသွေးသစ် က ဆိုသည်။
“ကျနော်တို့ သွားတဲ့အခါမှာ ဟန့်တားမှုတွေလည်း ရှိမှာပါ။ အဲဒီအခါကျရင် အတတ်နိုင်ဆုံး သူတို့ရဲ့ ညှိနှိုင်းပြီး ဆက် သွား မယ်။ အဲလိုမှ မဟုတ်ဘဲ ဖမ်းဆီးမှုတွေ ရှိရင် ကျောင်းသားတွေထဲက တဗိုလ်ကျ၊ တဗိုလ်တက် ပုံစံနဲ့ ဆက်သွားဖို့ စီစဉ် ထား တယ်။ ကျနော်တို့က လုံး၀ ရပ်တန့်မှာ မဟုတ်ဘူး” ဟု ဆိုသည်။
မန္တလေးမှ ရန်ကုန်ကို ဦးတည်သွားမည့် ပင်မ ကျောင်းသားသပိတ်တပ်ဖွဲ့ကို ပံ့ပိုးနိုင်ရန် နိုင်ငံဝန်းရှိ ကျောင်းသား သမဂ္ဂ အဖွဲ့ အစည်းများက စည်းရုံးလှှုံ့ဆော်လျက်ရှိကြောင်း သိရှိရသည်။
“ရန်ကုန်မှာ ရှိတဲ့ တက္ကသိုလ်တွေက ကျောင်းသားတွေလည်း ဒီထဲပါဝင်လာဖို့ လှုံ့ဆော်မှုတွေ လုပ်သွားဖို့ ရှိပါတယ်။ အဖွဲ့ တွေ ဖွဲ့ပြီး တဖွဲ့က လက်ကမ်းစာစောင်တွေ ဝေမယ်၊ တဖွဲ့က လမ်းဘေးစကားဝိုင်းပုံစံသွားမယ်။ နောက်အဖွဲ့တွေက ပညာရေးနဲ့ ပတ်သက်တဲ့ သီချင်းတွေ ဆိုမယ်။ ကမ်ပိန်းတွေကတော့ ပုံစံမျိုးစုံနဲ့ လုပ်သွားမယ်။ ဘယ်နေရာမှာ ဘယ်လို လုပ် မယ် ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ ကျနော်တို့ကတော့ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးသွားပါပြီ” ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့မှ ကိုကျော်ဇင်လင်းက ဆိုသည်။
အမျိုးသားပညာရေးဥပဒေကို အစိုးရက ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေ တွင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းမှုကို လုံး၀ အသိအမှတ်မပြုသည့်အပြင် ကျောင်းသားများ၏ လွတ်လပ်စွာ ပညာရေး ကိုလည်း အစိုးရက တိုက်ရိုက်ထိန်းချုပ်ထားသည်။