သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်း ၆ ခုကို ချက်ချင်း ရပ်တန့်ပေးရန် ဒေသခံပြည်သူ ၆ သောင်း ကျော် က လက်မှတ်ထိုး တောင်းဆိုထားကြောင်း သိရသည်။
လက်ရှိအချိန်၌ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ကွမ်လုံရေကာတာ စီမံကိန်းပါ လမ်းများ ဖောက်လုပ်နေသဖြင့် ဒေသ ခံများ၏ လယ်ယာမြေဧက ၆၀ ကျော် သိမ်းဆည်း ခံထားရကြောင်းနှင့် အလားတူ ဟတ်ကြီး ရေကာတာ တည်ဆောက် မှုကြောင့် ရွာပေါင်း ၄၀ ကျော် ပြောင်းရွှေ့ ခံရမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်ဟုလည်း ဒေသခံများက ပြော သည်။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်း ရပ်တန့်ပေးရန်အတွက် ဒေသခံ ပြည်သူ ၆ သောင်းကျော်နှင့် နိုင်ငံ ရေး အဖွဲ့အစည်းပေါင်း ၁၃၀ ကျော်က လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ထိုစီမံကိန်းများသည် ပဋိပက္ခကို ပိုမိုဆိုးရွားစေပြီး ဒေသခံ လူထု ၏ အခွင့်အရေးများကို ချိုးဖောက်မှု ဖြစ်စေသဖြင့် အစိုးရ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ တရုတ် သံရုံးနှင့် ထိုင်း သံရုံးများသို့လည်း အိတ်ဖွင့်ပေးစာ ပို့၍ တောင်းဆိုသွားမည် ဖြစ်ကြောင်း ယနေ့ ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက်(MJN)ရုံးတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ မြစ်ချောင်းများ ကွန်ရက် က ပြောသည်။
“အစိုးရက ဒီစီမံကိန်းလုပ်တာ ပွင့်လင်းမြင်သာမှု မရှိဘူး။ တကယ်ရွှေ့ပြောင်းရမယ့် ဒေသခံတွေကိုလည်း ဘယ်နေ့ ရွှေ့ရမယ် ဆို တာ ကြိုမပြောဘူး။ ပြီးတော့ ဒေသခံတွေကို မီးရမယ် ဒေသဖွံ့ဖြိုးမယ်ဆိုပြီး ပြောတယ်။ ကောင်းတဲ့ အချက်တွေပဲ ပြောပြတယ်။ ဆိုးကျိုးတွေ ဘာဖြစ်လာမယ်ဆိုတာ မပြောဘူး”ဟု မြန်မာနိုင်ငံ မြစ်ချောင်းများ ကွန်ရက်မှ ကိုစောသာဘိုးက ပြောသည်။
သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း ၆ ခု တည်ဆောက်ရန် လျာထားပြီး ထို စီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ၁၅၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်မည် ဖြစ်ကြောင်း သိရသည်။
ရေကာတာကို ပဋိပက္ခ ဖြစ်ပွားသည့် နေရာတွင် တည်ဆောက်မည် ဆိုသောကြောင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာနိုင်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့် အခြေအနေများနှင့် အန္တရာယ် ဖြစ်ပွားနိုင်သည့် အခြေအနေများလည်း ရှိကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သေချာစိစစ်ပေးရန် ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများက တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ မြစ်ချောင်းများ ကွန်ရက်မှ မအနန်က ပြောသည်။
အဆိုပါ ရေအားလျှပ်စစ် စီမံကိန်း ၆ ခုမှာ ရှမ်းပြည်နယ် အတွင်း၌ မဂ္ဂါဝပ် ၁၄၀၀ ထွက်နိုင်သည့် အထက်သံလွင် (ကွမ်လုံ) စီမံကိန်း၊ မဂ္ဂါဝပ် ၁၀၀၀ ထွက်နိုင်သည့် နောင်ဖ စီမံကိန်း၊ မဂ္ဂါဝပ် ၂၀၀ ထွက်နိုင်သည့် မန်တောင်း စီမံကိန်း၊ မဂ္ဂါဝပ် ၇၁၁၀ ထွက်နိုင်မည့် မိုင်းတုံ စီမံကိန်းတို့ ဖြစ်ပြီး ကယားပြည်နယ် အတွင်း၌ မဂ္ဂါဝပ် ၄၅၀၀ ထွက်နိုင်မည့် ရွာသစ်စီမံကိန်းနှင့် ကရင်ပြည်နယ်အတွင်း မဂ္ဂါဝပ် ၁၃၆၀ ထွက်နိုင်မည့် ဟတ်ကြီး စီမံကိန်းတို့ ဖြစ်သည်။
သံလွင်ရေကာတာ စီမံကိန်း ၆ ခု အား အကောင်အထည် ဖော်ဆောင်ရာတွင် လုပ်ကိုင်ခွင့်ရနေကြသည့် ပြည်ပ ကုမ္ပဏီများမှာ Thailand’s EGAT International Co.LTD ၊ China Three Gorges Corporation၊ Hanergy Holding Company၊ Hydrochina Corporation နှင့် China Datang Overseas Investment CO.LTD များ ဖြစ်ကြပြီး၊ ပြည်တွင်း ကုမ္ပဏီများအဖြစ် International Groupof Entrepreneurs Co.LTD၊ Shwe Taung၊ Asia World တို့ ပါဝင်ကြောင်း သိရသည်။
အထက်သံလွင်(မိုင်းတုံ) ရေအားလျှပ်စစ် စီမံကိန်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အကဲဖြတ်ချက်နှင့် လူမှုဘ၀ ထိခိုက် နစ်နာမှု အကဲဖြတ်ချက်(EIA နှင့် SIA) အစီရင်ခံစာများ ပြုစုထားသည့်အတိုင်း ထိခိုက်မှု အနည်းဆုံး ဖြစ်စေရန် ဆောင်ရွက်သွားမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမော်သာထွေးက ၂၀၁၄ ခုနစ် စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောဆိုခဲ့သည်။
ထိုစီမံကိန်းနှင့် ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် EcoDev ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမျိုးသူက“Oxford University က ထုတ်တဲ့ စစ်တမ်းအရ ဆိုရင်တော့ မဂ္ဂါဝပ်များရင် စီးပွားရေးအရ အမြတ်အစွန်း အရမ်းနည်းတယ်။ အကျိုးအမြတ်နည်းရင် ဒီရေကာတာ အနီးမှာရှိတဲ့ ပတ်ဝန်းကျင်၊ လူမှုရေး ပြဿနာတွေကို ဖြေရှင်းပေးမယ် ဆို တာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အန္တရာယ်လည်း များမယ်။ အကြီးအကျယ် ထိခိုက်နိုင်တယ်။ နောက်ဆုံး ငြိမ်းချမ်းရေးပါ ထိခိုက်နိုင်ပါတယ်”ဟု ပြောဆိုသည်။