ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် လူဦးရေတိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ ကြမ်းနှစ်ခုကို ဆက်လက် ဆွေးနွေးရန် ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
ထိုဥပဒေ နှစ်ခုကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက တင်သွင်းခြင်း ဖြစ်ပြီး ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ကိုယ်စားလှယ် ၆ ဦး က ကန့်ကွက်ကြောင်း၊ လူဦးရေတိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကို ကန့်ကွက်သူ မရှိကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက ဧရာဝတီကို ပြောသည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက“လူဦးရေ ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကိုတော့ အားလုံးက လက်ခံကြတယ်၊ ဒါဟာ ကျန်းမာရေး ရှုထောင့်က ကြည့်ရင် ကောင်းတဲ့ ဥပဒေပါ၊ လူဦးရေ နည်းပါးတဲ့ တိုင်းရင်းသား ဒေသတွေမှာ လူဦးရေ တိုးပွားလာအောင် လုပ်မယ်၊ လူဦးရေ ဖောင်းပွနေတဲ့ ဒေသတွေမှာလည်း ထိန်းညှိမယ်ဆိုတဲ့ အချက်တွေ ပါဝင်တယ်”ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ဥပဒေကြမ်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ရေးဆွဲ၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက စိစစ်ပြီး လွှတ်တော်၌ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုဥပဒေကြမ်းများနှင့် ပတ်သက်ပြီး လွှတ်တော်ပြင်ပ၌ ကန့်ကွက်ဝေဖန်မှုများလည်း ရှိနေသည်။
ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကို အများစုက ဆွေးနွေးရန် သဘောတူကြကြောင်း၊ တခြား ဘာသာများ၌ လက်ထပ် ထိမ်းမြားမှုဆိုင်ရာနှင့် ပတ်သက်၍ သတ်မှတ်ချက်များ ရှိသော်လည်း ဗုဒ္ဓဘာသာ၌ မရှိသေးကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
“ဗုဒ္ဓဘာသာမှာ ဘာသာမတူသူကို ယူရင် ဘာသာကူးပြောင်းရေးအတွက် သီးသန့်ကန့်သတ်ထားတာ မရှိဘူး၊ တခြား ဘာသာတွေမှာက သူတို့ရဲ့ ဘာသာအလိုက် လူမှုရေး၊ ဘာသာရေး သတ်မှတ်ချက်တွေ ရှိတယ်၊ အဲဒီတော့ ဗုဒ္ဓဘာသာတွေ ယူချင်သလို ယူနေကြတယ်၊ ဒါကြောင့် ဒီလိုဥပဒေမျိုး လိုအပ်တယ်လို့ ကျနော်ထင်တယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၌ ပါဝင်သည့် ထိမ်းမြားလက်ထပ်ခြင်းနှင့် ပတ်သက်ပြီး ရေးဆွဲထားရာတွင် ဗုဒ္ဓဘာသာ ဝင် အမျိုးသမီးများအတွက် သာမက အမျိုးသားများအတွက်ပါ ထည့်သွင်း ရေးဆွဲထားကြောင်း၊ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် တခြား ဘာသာဝင်များနှင့် လက်ထပ်ထိမ်းမြားမည် ဆိုပါက နစ်နာမှု မရှိရရန် ဥပဒေကြောင်းအရ ကာကွယ်ပေးထားသည့် အချက်များ ပါဝင်ကြောင်း သိရသည်။
လူဦးရေတိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ဥပဒေသည် နိုင်ငံအတွက် လိုအပ်နေသည့် ဥပဒေဖြစ်ကြောင်း၊ သို့သော် ထိုဥပဒေသည် တနိုင်ငံလုံး၌ တပြေးညီ ကျင့်သုံးရန် မဟုတ်ကြောင်း၊ နေရာဒေသ လူဦးရေ တည်ရှိမှုအပေါ် မူတည်ပြီး သက်ဆိုင်ရာ တိုင်းဒေသ၊ ပြည် နယ် အစိုးရများက ဒေသအလိုက် ပြဌာန်း ကျင့်သုံးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စား လှယ် များက ပြောဆိုကြသည်။