အင်္ဂလိပ် နယ်ချဲ့ လက်အောက် လွတ်လပ်ရေး မရခင်ကာလက “ငရဲခွေးကြီး လွတ်နေပြီ” ဟူသော ဆောင်းပါး တိုကလေး တပုဒ် အကြောင်းကို လူအများသိပြီး ဖြစ်ပါလိမ့််မည်။
မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း၌ ဒုတိယ ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သော အကြောင်းအချက်များတွင် ငရဲခွေးကြီး လွတ်နေပြီ ဆောင်းပါးတိုကလေးသည်လည်း အချက်တချက် ဖြစ်ခဲ့သည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ က ထုတ်ဝေသော ၁၉၃၆ ခုနှစ် ဇန်နဝါရီလထုတ် အိုးဝေ မဂ္ဂဇင်းတွင် ထို ငရဲခွေး စာတို ကလေးကို The Hell-Hound At Large ဟူ၍ အင်္ဂလိပ် ဘာသာဖြင့် ရေးသား ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်းက အိုဝေ မဂ္ဂဇင်း ၏ အယ်ဒီတာ တာဝန်ယူထားသူ ဖြစ်ပြီး ငရဲခွေး ဆောင်းပါးတိုကို ဦးညိုမြ က ယမမင်း ကလောင်အမည်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ ဦးညိုမြသည် ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ ပြန်ကြားရေး ဌာန ၏ အတွင်းရေးမှူးလည်း ဖြစ်သည်။
ငရဲခွေးကြီး လွတ်နေပြီ ဆောင်းပါး၏ အဓိပ္ပာယ် အကျဉ်းချုပ်သည် “နယ်ချဲ့ လက်ကိုင်တုတ်အဖြစ်နဲ့ အဝီစိကို ကျရောက်လာတဲ့ ခွေးနက်ကြီး တကောင်ဟာ ငရဲပြည်က လွတ်ပြေးသွားတယ်။ အဲဒါ သတိပြုကြပါ။ အထူးသဖြင့် တက္ကသိုလ်နယ်မြေမှာ သောင်းကျန်း နေ တယ်။ သူ့ကို တွေ့ရင် ငရဲပြည်ကို ပြန်ပို့လိုက်ကြပါ” ဖြစ်သည်ဟု ဦးညိုမြက ၁၉၇၁ ခုနှစ် နိုဝင်ဘာလက ထုတ်ဝေသော အိုးဝေ ရွှေရတု သဘင် လက်ရွေးစဉ် စာစောင်တွင် ကျနော် ငရဲခွေး ဆောင်းပါး ရေးစဉ်က ဟူသော ဆောင်းပါးဖြင့် ပြန်လည် ပြောပြခဲ့ပါသည်။
ငရဲခွေး စာတိုကို အဝီစိ အာဏာပိုင် ယမမင်း ၏ ထုတ်ပြန် ကြေညာချက် တရပ်အနေနှင့် ရေးခြင်း ဖြစ်ပြီး ပုဂ္ဂလဓိဌာန် မဟုတ်ဘဲ အင်္ဂလိပ် နယ်ချဲ့ကို အဓိက ရည်ရွယ် ရေးသားခြင်း ဖြစ်ကြောင်းလည်း ဦးညိုမြက ပြောဆိုပါသည်။
အဓိက အချက်မှာ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်သည့် ကိုနု(ဝန်ကြီးချုပ်ဟောင်း ဦးနု) ကို နိုင်ငံရေး ဟောပြောသည်၊ ပြင်ပ ဆန္ဒပြ ပွဲ များတွင် ပါဝင်သည် ဆိုသော စွဲချက်ဖြင့် တက္ကသိုလ် အာဏာပိုင်များက ကျောင်းထုတ်လိုက်ခြင်းကြောင့် ငရဲခွေး စာကို ရေးရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ထိုအချိန်က ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီးမှာ မစ္စတာ စလော့ ဆိုသူ ဖြစ်သည်။
မစ္စတာ စလော့ က အိုးဝေ မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်း(ဗိုလ်ချုပ် အောင်ဆန်း)ကို ခေါ်၍ ငရဲခွေး ဆောင်းပါးရှင် မည်သူလဲ မေးရာ ကိုအောင်ဆန်းက စာနယ်ဇင်း လောကတွင် ထုံးတမ်းစဉ်လာအရ ထိုမေးခွန်းမျိုးကို ဖြေရှင်းလေ့ မရှိကြောင်း၊ အရေးယူမည် ဆိုပါက ၎င်းအား အရေးယူနိုင်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
ယင်းသို့ ပြန်လည် ပြောဆိုခဲ့သောကြောင့် ကိုအောင်ဆန်းကိုလည်း ကျောင်းထုတ်လိုက်သည်။
ကိုအောင်ဆန်းသည် ကျောင်းထုတ်ခံ၍ အယ်ဒီတာ တယောက်၊ သတင်းစာ ဆရာ တယောက် လိုက်နာအပ်သော ကျင့်ဝတ် စည်း ကမ်း(The Code of Press Ethics)ကို ကျင့်သုံးသွားခြင်းပင် ဖြစ်သည်။
စာနယ်ဇင်း လောက၊ သတင်းစာ လောကတွင် ကျင့်ဝတ် စည်းကမ်းသည် အသက်တမျှ တန်ဖိုးကြီးမားသည်ဟု ဆိုရပါမည်။
ကျင့်ဝတ်နှင့် ညီညွတ်သည့် သတင်းစာ၊ သတင်းစာ ဆရာ၊ စာနယ်ဇင်းသမား များကို စာဖတ်သူအများပြည်သူက ယုံကြည်ကြမည် ဖြစ် သည်။ ထိုသို့သော ယုံကြည်မှု ရှိမှသာ ထိုသတင်းစာ၊ စာနယ်ဇင်း ၏ တန်ဖိုးနှင့်သြဇာလည်း ကြီးမားပါမည်။
သတင်းစာ ကျင့်ဝတ်သည် ဥပဒေကဲ့သို့ အရေးယူမှု(Action) တိတိကျကျ သတ်မှတ်၍ မရသောကြောင့် တဦးချင်း ၏ လိုက်နာကျင့် သုံးမှု ပေါ်တွင်လည်း မူတည်နေပါသည်။
ထိုင်းနိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် Bangkok Post သတင်းစာကြီးက သတင်းစာ၏ မျက်နှာဖုံး အပေါ်ဘက် လိုဂို အောက်တွင် The newspaper you can trust (သင်ယုံကြည်နိုင်သော သတင်းစာ ဖြစ်သည်)ဟူသော စာတန်းကို ရဲရဲတင်းတင်း ရေး သားထားသည်ကို တွေ့ရပါသည်။
အိုဝေ မဂ္ဂဇင်း ပြဿနာ ဖြစ်ပွားချိန်က အင်္ဂလိပ် နယ်ချဲ့ကို ဆန့်ကျင်တော်လှန်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသော အမျိုးသားရေး လှုပ်ရှားမှု ကာလလည်း ဖြစ်နေပေရာ အယ်ဒီတာ ကိုအောင်ဆန်း ၏ ငရဲခွေး ဆောင်းပါးနှင့် ပတ်သက်ပြီး ကာကွယ် ရပ်တည်သွားခြင်းသည် တိုင်းပြည်အရေးကို ရှေးရှု သွားခြင်းလည်း ဖြစ်သည်ဟု ဆိုရပါမည်။
ယင်းအချက်သည်လည်း မူအရ လိုက်နာအပ်သော သတင်းစာ ကျင့်ဝတ်ဖြစ်သည့် ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားနှင့် ပတ်သက် သော အရေးကိစ္စ(Personal Interest)နှင့် လုပ်ငန်းသဘောအရ ဆောင်ရွက်ရမည့် အရေးကိစ္စ(Professional Interest) နှိုင်းယှဉ် လာပါက လုပ်ငန်းသဘောအရ ဆောင်ရွက်ရမည့် အရေးကိစ္စ ကို ဦးစားပေးရန်၊ လုပ်ငန်းသဘောအရ ဆောင်ရွက်ရမည့် အရေးကိစ္စနှင့် တိုင်းပြည် အကျိုးစီးပွားအရ ဆောင်ရွက်ရမည့် အရေး ကိစ္စ(National Interest) နှိုင်းယှဉ်လာပါက တိုင်းပြည် အကျိုးစီးပွားအရ ဆောင်ရွက်ရမည့် အရေး ကိစ္စကို ဦးစားပေးရန် ဟူသော ကျင့်ဝတ်နှင့်လည်း ညီညွတ်နေပါသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းသည် ထိုသို့သော သတင်းစာ ကျင့်ဝတ်ကို ကိုယ်တိုင် အနစ်နာခံ၍
လိုက်နာ ကျင့်သုံးသွားသူ ဖြစ်သောကြောင့် သတင်းစာ ဆရာ တဦးအနေနှင့်လည်း အသိအမှတ်ပြု ဂုဏ်ယူထိုက်သူ ဖြစ်သည်ဟု ထင်မြင်မိပါသည်။
ထို့အပြင် ကိုအောင်ဆန်းသည် လူတဦးချင်းစီ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်(Freedom of Expression) ကိုလည်း အကာ အကွယ်ပြုသွားသူ ဖြစ်သည်ကို တွေ့ရပါသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က ကမ္ဘာကျော် ပြင်သစ် ကဗျာဆရာ၊ အတွေး အခေါ် ပညာရှင် ဗော်လ်တဲယား(၁၆၉၄-၁၇၇၈) ၏ စကား တခွန်းကို သတိရမိလိုက်ပါသည်။
“ခင်ဗျား ပြောတာတွေကို ကျနော် သဘောမတူနိုင်ရင်တောင်မှ
ခင်ဗျားရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့်ကိုတော့
ကျနော် သေတဲ့အထိ ကာကွယ်ပေးသွားပါမယ်”…. ဟူ၍ ဖြစ်ပါသည်။ ။
(၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ် အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့ အမှတ်တရ ဂုဏ်ပြု ရေးသားပါသည်)