သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်တဲ့ ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားပေမယ့် လတ်တလော ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ အပြင်းအထန် ပြန်လည် ဖြစ်ပွားလာတာမို့ သမ္မတရဲ့ ပြည်ထောင်စုနေ့ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်မှာ KIA ပါဝင်နိုင်ဖို့ အလား အလာ အတော်ကို နည်းပါးနေပါပြီ။
ဇန်နဝါရီလ ၅ ရက်နေ့ နေပြည်တော်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုနေ့မှာ အပစ်အခတ် ရပ်စဲမယ်ဆိုရင် အင်မတန် သင့်လျော်ကြောင်း ပြောဆိုကမ်းလှမ်း ခဲ့ပေမယ့် KIA က သစ်မှောင်ခိုချတယ်ဆိုတဲ့ စွပ်စွဲမှုတွေ နဲ့ ဇန်နဝါရီလ ၅ ရက်နေ့မှာ အစိုးရစစ်တပ်နဲ့ KIA တို့အကြား တင်းမာမှုတွေ စတင်ခဲ့ပါတယ်။ မူလကတည်းက အစိုးရစစ်တပ်ရဲ့ KIA ဗိုလ်သင်တန်းကျောင်းကို အမြောက် နဲ့ပစ်ခတ် မှုကြောင့် သင်တန်းသား ၂၃ ဦး သေဆုံးခဲ့ရတဲ့ တင်းမာမှုက သစ်မှောင်ခို စွပ်စွဲချက်ကြောင့် အခြေအနေ ပိုမိုဆိုးရွား သွား ခဲ့ပါတယ်။
ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနဲ့ လုံခြုံရေးတပ်ဖွဲ့ ဝင် ၃ ဦးကို KIA က ဖမ်း ဆီး စစ်ဆေး မေးမြန်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၅ ရက်နေ့မှာတော့ ကချင်ပြည်နယ် ဖားကန့်မှာ တိုက်ပွဲ တွေ အပြင်းအထန် စတင်ဖြစ်ပွားခဲ့ပါတယ်။
ဖားကန့်အခြေစိုက် KIA တပ်ရင်း ၆ ရင်းနဲ့ အစိုးရစစ်တပ် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတွေကြားမှာ ဖြစ်ပေါ်တဲ့ တိုက်ပွဲတွေကြောင့် အစိုးရစစ်တပ်က စစ်သည် ၄၀ ကျော် သေဆုံးသွားတယ်လို့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ခေါင်းဆောင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဇန်နဝါရီလ ၁၇ ရက်နေ့ ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်တဲ့ လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုပါတယ်။
KIA နဲ့ အစိုးရ စစ်တပ်အကြားမှာ တိုက်ပွဲတွေ အရှိန်မြှင့် ဖြစ်ပေါ်နေပေမယ့် အစိုးရဘက်ကတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ အင်မတန် စိတ်အားထက်သန်နေတာမို့ KIA ဘက်က သဘော မတူရင်တောင် အခြားသဘော တူတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ် လက်မှတ်ထိုးမယ့် အစီအစဉ်တွေ ချထားပုံရပါတယ်။
ဇန်နဝါရီ ၁၂ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ သမ္မတရဲ့ ၄၈ ဦး နိုင်ငံရေး တွေ့ဆုံဆွေး နွေးပွဲမှာ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ်ကို သဘောတူညီတဲ့ အဖွဲ့တွေနဲ့ပဲ အရင်ချုပ်ဆိုပြီး သဘောမတူညီတဲ့ အဖွဲ့တွေနဲ့ နောက်မှ လက်မှတ် ထိုးတဲ့ပုံစံမျိုးလုပ်ဖို့ တင်ပြလာတာတွေရှိလာပြီး အစိုးရဘက်ကလည်း ဒါကိုဖော်ဆောင်ဖို့ အားတက်သရော လိုလို လားလားရှိပုံ ရပါတယ်။
လတ်တလော ဖြစ်ထွန်းမှုတွေအရတော့ အစိုးရအနေနဲ့ လာမယ့် ပြည်ထောင်စုနေ့မှာ အပစ်ရပ်ရေးစာချုပ် လက်မှတ် ထိုးတာ ကို မဖြစ်၊ ဖြစ်အောင် လုပ်ဆောင်မယ့် အခြေအနေရှိပြီး ပြည်ထောင်စုနေ့ နီးကပ်လာချိန်အထိ အပစ်ရပ်ရေးစာချုပ် လက်မှတ် ထိုးဖို့ အစိုးရဘက်က ဆွဲဆောင် စည်းရုံးနေဆဲဖြစ်ပါတယ်။
“တပ်မတော်ရဲ့မူဝါဒ ၆ ချက်ဆိုတာ တပ်မတော် က ဟိုပြောဒီပြော ပြောနေတာ၊ အပစ်ရပ်စာချုပ်မှာ မပါဘူး၊ လုံးဝမပါဘူး၊ အဲဒါ ကျနော်ပြောချင်တယ်၊ အပစ်ရပ်ပြီးရင် စာချုပ်မှာပါတဲ့ အချက်တွေနဲ့ပဲ ဆက်လက်ဆောင်ရွက်မှာပါ” ဟု အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ် ခေါင်းဆောင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဇန်နဝါရီ ၁၇ ရက်နေ့မှာ ပြောဆို ပါတယ်။
အခုအချိန်မှာ အပစ်ရပ်ရေး လက်မှတ်မရေးထိုးရင် ၂၀၁၅ ရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာတဲ့အခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အစက ပြန်စရမှာမျိုးတွေ ဖြစ်နိုင်တယ်လို့လည်း ဦးအောင်မင်းက သတိပေးပြောဆိုပါတယ်။
“KIA မှာ ဗိုလ်လောင်းများ ကျဆုံးသလိုပဲ ဖားကန့်မှာ တပ်မတော်သားများ တကြိမ်တည်းနဲ့ ၄၀ ကျဆုံးခဲ့ပါတယ်။ အခုကိစ္စ က တမင်ရည်ရွယ် ဆောင်ရွက်ခဲ့တာလည်း မဟုတ်ဘူး၊ ကလဲ့စားချေတာ မဟုတ်ဘူး ဆိုတာလည်း နားလည်ပါတယ်။ စိတ်မကောင်း ဖြစ်ရပေမယ့် အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးပါ။ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲကို သွားပြီးမှ ဆုံးဖြတ်ကြပါ။ အဖြေ ရှာကြပါလို့ ပြောပါတယ်။ ဆက်လက်ပြီး ကျနော်ထင်တာတော့ သမ္မတက ဒီလောက်ပြောထားရင် လုံလောက် ပါပြီ။ ကျနော်တို့ ဒီထက်အဆင်ပြေ မယ့်နည်းလမ်း မရှာတတ်တော့ပါဘူး။ ဒီအစိုးရ လက်ထက်မှာ လက်မှတ်ထိုးလိုက်ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ နောက်ဆက်တွဲက နောက်အစိုးရဆက် မလုပ်လို့မရပါဘူး၊ တကယ်လို့ ဒီအစိုးရမှာ လက်မှတ် မထိုး ဖြစ်ရင် နောက်အစိုးရကာလမှာ ဆွေးနွေးခဲ့တဲ့ ဦးအောင်မင်းတို့ မရှိတော့ရင် အကုန်အစကနေ ပြန်စရပါလိမ့်မယ်” လို့ ဦးအောင်မင်းက ဆိုပါတယ်။
တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နဲ့ KIA ကတော့ တိုက်ပွဲတွေ ရှိနေ သမျှ ကာလပတ်လုံး ငြိမ်းချမ်းရေး အထမြောက်မှာ မဟုတ်သလို အပစ်ရပ်စဲရေး ဆိုတာလည်း ဖြစ်လာမှာ မဟုတ် ဘူးလို့ ဆိုပါတယ်။
“တိုက်ပွဲတွေ အရှိန်မြင့်နေဦးမယ် ဆိုရင်တော့ လတ်မှတ်ထိုးဖို့ဆိုတာ မရှိနိုင်ပါဘူး၊ တိုက်ပွဲဆိုတာ အပေါ်မှာ နိုင်ငံရေး မပြေလည်လို့ ဖြစ်ရတာလေ၊ အထက်ကရပ်လိုက်ဆိုရင် ကျနော်တို့ ဆက်တိုက်စရာမလိုဘူး ရပ်ရမှာပါ၊ အစိုးရပေါ် မူတည် တယ်၊ ကျနော်တို့ကို အပြစ်မရှိ အပြစ်ရှာပြီး တမင်လုပ်နေတာပါ” ဟု KIA တပ်ရင်း ၆ မှ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆိုင်း က ပြောသည်။
၂ ဖက်တပ်တွေအကြား မငြိမ်းချမ်းနိုင်ဘဲ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ အကြောင်းအရင်းတွေထဲမှာ ကချင် ပြည်နယ် ရဲ့ ပေါကြွယ်ဝတဲ့ သယံဇာတတွေက အဓိကအကြောင်းအရာ တခုအဖြစ် ပါဝင်နေတယ်လို့ နိုင်ငံရေး လေ့လာ သုံးသပ် သူတွေက ဆိုပါတယ်။
Global Witness အဖွဲ့ရဲ့ ၂၀၁၄ ခုနှစ် အတွင်း ထုတ်ပြန်ခဲ့တဲ့ ကချင်ပြည်နယ် စစ်တမ်းမှာ မြန်မာအစိုးရ အနေနဲ့ ကချင် ပြည်နယ်၊ ဖားကန့်မှာရှိတဲ့ ကျောက်စိမ်းတူးဖော်မှုမှ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံနဲ့ ၉ ဘီလီယံအကြား ဝင်ငွေ ရရှိနေတယ်လို့ ဆိုပါတယ်။ အလားတူ KIA အတွင်းမှာလည်း သယံဇာတတူးဖော်မှုနဲ့ ပတ်သက်လို့ မကျေနပ်မှုတွေ ရှိတယ် လို့ ဆိုထားပါတယ်။
၂ ဖက်တိုက်ပွဲတွေက သယံဇာတကြောင့်ပဲ ဆိုဆို၊ ပစ်ခတ်သေဆုံးမှုတွေကြောင့်ပဲလို့ အကြောင်းပြစေကာမူ ၂ ဖက်တပ် တွေကြားမှာ မယုံကြည်မှုနဲ့ သံသယတွေ အပြည့်ရှိနေတယ်ဆိုတာက အသေအချာပါပဲ။
အစိုးရရဲ့ ဆွဲဆောင်မှုကြောင့် ပြည်ထောင်စုနေ့ အပစ်ရပ်ရေးစာချုပ် လက်မှတ်ရေးထိုးပွဲမှာ KIA ပါဝင်လာသည့်တိုင် ယုံကြည်မှု မရှိတဲ့ သံသယတွေကြောင့်ပဲ အပစ်ရပ်ရေးစာချုပ် အချိန်မရွေး ပျောက်ပျက်သွားနိုင်ပြီး သေနတ်သံတွေ အစားထိုး ဝင်ရောက် နိုင်တာမို့ ၂ ဖက်ယုံကြည်မှု တည်ဆောက်ရေးက အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး ဖို့ထက် ပိုပြီးအရေးကြီးတယ်လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။